အသံ အလိုရှိသည်။

black chawOctober 21, 20111min17118

မနေ့က ကိုသစ်မင်း ရဲ့ ” သည်အလှူ ” ဆိုတဲ့ ပို့စ်လေးကို ဖတ်ပြီး ပီတိဖြစ်နေမိတယ်။

ဒီနေ့မနက် small cat ရဲ့ ” လူမစွမ်းနတ်မ ” ဆိုတဲ့ ပို့စ်လေးထဲမှာ မျက်မမြင် ဦးထူးမ အကြောင်း ထပ်ဖတ်ရတော့

မျက်မမြင်တွေကို လှူချင်တန်းချင် အကူအညီပေးချင်တဲ့ စိတ်ကလေးပေါက်လာတာနဲ့

ကြည့်မြင်တိုင် စလင်းဘောလုံးကွင်းနားမှာ ရှိတဲ့ မျက်မမြင်ကျောင်း ကို ကျွန်တော် သွားမိပါတော့တယ်။

မျက်မမြင်ကျောင်းအကြောင်း အသေးစိတ် ရေးပြမယ်လို့ ကြံသွားပေမယ့် ရှေ့ကကျောင်းဆိုင်းဘုတ်ကို ဓါတ်ပုံတစ်ချက်ပဲ

ရိုက်ရပါသေးတယ်၊ အမျိုးသမီးတစ်ယောက် ထွက်လာပြီး ဓါတ်ပုံရိုက်ရင် ကျောင်းအုပ်ကြီးထံမှာ ခွင့်တောင်းရမယ် ဆိုလို့

တစ်ပုံပဲရိုက်လိုက်ရပါတယ်။ နောက်မှ သိချင်တာလေးတွေကို တာဝန်ရှိသူ တစ်ဦးထံမှာ (နာမည်ရေးမပြတာ ခွင့်လွှတ်ပါ)

မေးချင်တာလေးတွေမေးရပါတယ်။ မေးခဲ့သမျှထဲက ထူးခြားတာလေးတစ်ခု (ရွာသူားတွေသိရင်လည်းသိနေပါလိမ့်မယ်)

က အသံလှူလို့ရတယ် ဆိုတဲ့ ဟာလေးပါ။ မျက်မမြင် ကျောင်းသား ကျောင်းသူ တစ်ယောက်ချင်းစီကို စာအုပ်လေးတွေ

ကျောင်းစာအုပ်လေးတွေ ဖတ်ပြရတဲ့ အလှူပါ။ မျက်မမြင် လေးတွေ တစ်ယောက်ချင်းစီမှာ အသံဖမ်းစက်လေးတွေ ကိုယ်စီ

ရှိကြပါတယ်တဲ့။ အသံလှူတဲ့ လူက တစ်ယောက်ချင်းကို ဖတ်ပြ၊ မျက်မမြင်လေးတွေက သိချင်တာရှိရင်မေး စသည်ဖြင့်ပေါ့ဗျာ။

တော်တော်ကုသိုလ်ရမယ့် အလှူမျိုးပါ။ ကုန်ကျစရိတ်ကလည်း ကျောင်းကိုသွားတဲ့ကားခလောက်ပဲရှိမှာမို့ ငွေကြေးများများစားစား မတတ်နိုင်ရင်တောင်

လှူလို့ရတဲ့ အလှူမျိုးပါ။

တကယ်လို့ ရွာသားတွေထဲက လှူချင်တဲ့စိတ်ဖြစ်လို့ လှူမယ်ဆိုရင် ကြည့်မြင်တိုင် မျက်မမြင်ကျောင်း

ကိုသွားပြီး ကိုယ် ပေးနိုင်တဲ့ အချိန်လေးတွေ ညှိပါ။ တစ်နေ့ကို နာရီဝက် သို့မဟုတ် တစ်နာရီ စသည်ဖြင့် ပေးနိုင်တဲ့အချိန်လေးတွေ ကိုပြောပါ။

ကျွန်တော့်အမတစ်ယောက်ဆိုရင် တနင်္ဂနွေ နေ့ မနက်ပိုင်းမှာ လှူနေကြလို့ ပြောပါတယ်။  မျက်မမြင်လေးတွေက ကျောင်းအိပ်ကျောင်းစားလေးတွေပါ။

အုပ်ထိန်းသူ ရှိမှ လက်ခံပါတယ်တဲ့။ သူတို့အတွက် တစ်ယောက်ကို တစ်နေ့စာ အစိုးရက ကျပ် လေးရာကျော်ကျော် လေးပဲ ဘတ်ဂျက်ပေးနိုင်ပါတယ်တဲ့။

ဒါပေမယ့် ကျောင်းစီမံခန့်ခွဲသူတွေက တစ်နေ့ကို တစ်ယောက် ကျပ် တစ်ထောင့် ခြောက်ရာဘိုးလောက် ကျွေးနေပါတယ်တဲ့။ အဲဒီအတွက် ရန်ပုံငွေ

ပဒေသာပင်မှာလည်းလှူလို့ရပါတယ်။ အပြင်အလှူရှင်က မနက်စာ၊ နေ့လည်စာ၊ ညစာ စသည်ဖြင့် လှူလို့တန်းလို့ ရပါတယ်တဲ့။ ကိုယ်တိုင် ပျော်ပျော်ပါးပါး

ချက်ပြုတ်ကျွေးမွေး လှူဒါန်းချင်သူရှိရင်လည်း ကျောင်းက ဝန်ထမ်းတွေနဲ့ အတူတူ စုပေါင်းလုပ်ဆောင်နိုင်အောင် စီစဉ်ပေးပါတယ်တဲ့။

ဒါမှမဟုတ် အပြင်က ကိုယ့်ဟာကို အော်ဒါမှာလာခဲ့ရင်လည်း ရပါတယ်တဲ့။ မျက်မမြင်တွေ ဘယ်လောက်စွမ်းလဲဆို ကွန်ပျူတာ ဆော့ဝဲ ရေးနိုင်တဲ့လူတောင်

ရှိနေပါပြီတဲ့။

အဓိက ပြောချင်တာကတော့ အချိန်အားလေးများရှိတဲ့ လှူချင်တန်းချင်စိတ်လည်းရှိတဲ့ ရွာသူရွာသားများ ကြည့်မြင်တိုင် မျက်မမြင် ကျောင်းမှာ

သူတို့တွေအတွက် တကယ်လိုအပ်နေတဲ့ အသံကို လှူ ကြပါလို့ တိုက်တွန်းချင်ပါတယ်ဗျာ။

 

ကြည့်မြင်တိုင် မျက်မမြင်ကျောင်း

18 comments

  • windtalker

    October 21, 2011 at 12:07 pm

    ကိုဘလက်ကြီး ရေးပြမှ အသံလှူတယ် ဆိုတာ သိရတော့တာပဲ
    ကျွန်တော် မြင်ခဲ့တယ် ။ ကျွန်တော် တို ့မန်းတလေးမြို ့က
    မျက်မမြင် ဂျပန်နည်းပညာ အကြောပြင် ဆိုတဲ့ အနှိပ်ခန်းမှာပေါ့
    မန်နေဂျာ ကောင်လေး က မျက်မမြင်အနှိပ်သမား များကို
    ဝတ္ထုစာအုပ် ဖတ်ပြနေတာ
    စာအုပ်ဖတ်ပြတဲ့ကောင်လေး ကို သူတို ့က အလယ်မှာထား
    စုထိုင်ပြီးတော့ပေါ့
    ဟိုက ဖတ်ပြတဲ့ ဝတ္ထုထဲက သူတို ့နားမလည်တာရှိရင် ပြန်မေးပေါ့
    အခု ကိုဘလက်ကြီး စာကိုဖတ်ပြီးတော့
    ကျွန်တော် လည်း လှူရဦးမယ် လို ့တွေးမိသွားတယ်ဗျို ့
    ကျေးကျေးပါ

  • inz@ghi

    October 21, 2011 at 12:33 pm

    ဆြာမည်းရေ …
    အသံလှူတဲ့ ကိစ္စ သိပ် စိတ်ဝင်စားသွားပြီဗျာ …
    ကိုယ်တိုင် လှူချင်ပြီး ကိုယ်တိုင် သွားမလှူနိုင်တဲ့လူမျိုးတွေ အတွက်ရော …
    အဝေးရောက်တွေ အတွက်ပေါ့ ..

    တခြား တမျိုးမျိုးနဲ့ လက်ခံပေးတာ မရှိဘူးလားဗျ..
    ဥပမာ ကိုယ်ဟာ့ကိုယ် အသံသွင်းပြီး စီဒီနဲ့ သွားပေးတာမျိုး တို့ဘာတို့ပေါ့ …

    ရရင် ကိုယ့်ဟာ ကိုယ် အသံထွက်ပြီး ဖတ်ရင်းနဲ့ တောင်လှူလို့ရနေသေးတာပဲဗျာ
    ကျောင်းစာအုပ် ပဲဖြစ်ဖြစ် သူတို့လေးတွေ အတွက် သိသင့် သိထိုက်တဲ့
    သတင်းတို့ ဝတ္ထု တို့ ဆောင်းပါးတို့ အစရှိသဖြင့်ပေါ့ဗျာ ….
    မေးပေးပါဦးနော် …..

    ခင်တဲ့
    Guy Inz@ghi

    • pan pan

      October 21, 2011 at 3:25 pm

      ကျွန်မသိသလောက်တော့ အသံကိုစမ်းသေးတယ်တဲ့
      အဲဒီကြည့်မြင်တိုင်ကကျောင်းတော့ ကျွန်မလည်းမသိဘူး
      အင်းစိန်ကကျောင်းကတော့ အသံကိုစမ်းသေးတယ်
      သူတို့ဆီမှာ သွင်းတာပိုအဆင်ပြေတယ်ပြောတယ်
      တကယ်လို့ ကိုဇာပြောသလို စီဒီနဲ့ပို့ချင်ရင်လည်း ရပါတယ်
      ဖြည်းဖြည်းမှန်မှန်နဲ့ အသံကြည်လင်ပြတ်သားရင် အိုကေပါတယ်တဲ့

  • etone

    October 21, 2011 at 2:49 pm

    ကိုချောကလက်က မြန်လိုက်တာ … စိတ်ထဲရှိတာ ချက်ချင်းလုပ်နိုင်စွမ်းရှိတဲ့ အစွမ်းစကို ချီးကျူးပါတယ် … ။
    မနက်ကပဲ ပို့စ်တွေဖတ်တယ်… အခုတော့ … ကိုယ်တိုင်တောင် ရောက်သွားတာ … အတော်မြန်ပါတယ် … ။ ကျွန်မတို့ဆို တစ်ခုခုသွားဖို့ ရည်ရွယ်ထားလျှင်တောင် အကြောင်းကျိုး မညီညွတ်သေးတော့… ချက်ချင်းထမသွားနိုင်ဘူးလေ … ။ အသံအလှူအကြောင်းလည်း မှတ်သားရပါတယ် ….. ကျေးဇူးတင်ပါတယ် ။ 🙂

  • နွယ်ပင်

    October 21, 2011 at 3:04 pm

    အသံလှူလို့ ရတဲ့ အကြောင်းကို သိနေတာတော့ကြာပြိ
    ကိုယ်တိုင်လဲ လှူချင်တဲ့စိတ်ရှိပါရဲ့ စိတ်ကရောက်ပြီး လူကမရောက်ဖူးဖြစ်နေတယ်
    ကိုဘလက်ကြီးကတော့ စိတ်သွားတိုင်းကိုယ်ပါတယ်ထင်ပါတယ် ကောင်းလိုက်တာနော်
    နွယ်ပင်လဲ ဒီတစ်ခါတော့ သွားဖြစ်အောင် သွားပြီးလှူပါဦးမယ်
    အခုလို သတိပေးတာ ကျေးဇူးပါ ………..

  • nayminn

    October 21, 2011 at 3:26 pm

    ကဲ..ရွာသားတို့…ညည KTV မှာ..အသံဖြုန်းမဲ့အစား…ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှာ အသံလှူကြပါစို့…။

  • blackchaw

    October 21, 2011 at 3:42 pm

    ကိုပေရေ။ ကိုယ်တတ်နိုင်တာသေးသေးလေးက
    သူတို့အတွက် သိတ်ကြီးမားနေတဲ့ အတွက်
    ကုသိုလ်ရပါတယ်။
    Mr. Guy ရေ။
    အဲလိုတော့ ကျွန်တော် မေးကြည့်ပါဦးမယ်။ ပြန်ပြောပြမယ်လေ။
    pan pan ရေ။
    အင်းစိန်က ခရစ်ယာန် မျက်မမြင်ကျောင်းလို့ ထင်ပါတယ်။
    ခရစ်ယာန်ဘာသာ ကိုးကွယ်သူများသာ လက်ခံတယ်ဆိုလားလို့။
    ဒီကျောင်းကတော့ အစိုးရ အစီအစဉ်နဲ့ ဖွင့်ထားတာပါ။
    ကျောင်းသား တစ်ယောက်ကို စာအုပ်တစ်အုပ်နဲ့
    တာဝန်ယူဖတ်ပြရတာပါ။ အသံစစ်တာတော့ မရှိဘူးထင်တယ်ဗျ။
    etone မရေ။ အထင်မကြီးပါနဲ့။
    သွားချင်တဲ့ အချိန်
    လုပ်ချင်တာကို လုပ်နိုင်ဘို့ ကျွန်တော့် ဘက်ကလည်း
    မိသားစုကို ပြန်ပေးဆပ်ထားရတာတွေရှိပါတယ်။
    Give and Take ပေါ့ဗျာ။ ပေးပြီးမှ ယူလို့ရပါတယ်။
    နွယ်ပင် ရေ လှူဖြစ်အောင် လှူပါဗျာ။ ခင်ဗျား လှူ ဖြစ်သွားရင်
    နှိုးဆော်တဲ့ ကျွန်တော်လည်း ကုသိုလ်ရတာပေါ့။
    nayminn လှူ ပစ်လိုက်စမ်းပါကွာ။

  • စုံ စုံ

    October 21, 2011 at 3:44 pm

    ဒီပို့စ်ကိုဖတ်ပြီးတော့ကိုယ့်ကိုကိုယ်လူမှုရေးလုပ်တာ တော်တော်အားနည်းသေးပါလားလို့သိလိုက်ရတယ်
    ကျမကဒီကျောင်းအနီးအနားမှာနေပြီး တခါမှဝင်မစပ်စုဖူးဘူး မျက်မမြင်ကျောင်းမှာလှူချင်သူတွေ
    ရှိရင်သာနေရာကိုလမ်းပြပေးဖူးတာ ကိုယ်တိုင်ကိုယ်ကျပါဝင်ဖို့တော့မတွေးမိတာအမှန်ဘဲ
    သတိမမူဂူမမြင်ဆိုတာဒါမျိုးထင်ပါရဲ့
    အသံလှူလို့ရတယ်ဆိုတာလဲခုမှဘဲကြားဖူးတော့တယ်
    နောက်ဆိုရင်တော့အဲ့ဒိဘက်ရောက်ရင်ဝင်စုံစမ်းပြီးလှူလို့ရတာလှူမှဘဲ
    အခုလိုပြောပြတာကျေးဇူးတင်ပါတယ်ကိုဘလက်ချောရေ

  • amatmin

    October 21, 2011 at 3:53 pm

    ကို ဘလက်ချောရေ..ရန်ကုန်မှာနေတာကြာပြီဗျ.ခုမှကြားဖူးတယ်ဗျာ..
    ခုလိုမျိုး လှူလို့ရတာ.သိရလို့ကျေးဇူးပါ..ခင်တဲ့သူငယ်ချင်းတချို့ကို ပြောပြပြီး.
    ကိုဘလက်နိဗာန်ဆော်ရကြိုးနပ်အောင်.သွားကြည့်လိုက်ပါ့မယ်ဗျာ…

    အသံလှူရင်နောင်ဘဝ.အဆိုတော်ဖြစ်လောက်မယ်ထင်တယ်.(နောက်တာပါဗျာ..)

  • နီလေး

    October 21, 2011 at 4:53 pm

    အသံလှူလို့ရတယ်ဆိုတာ ခုမှကြားဖူးတယ် ကို်ယ်ကပတ်ဝန်းကျင်လေ့လာစူးစမ်းမှုညံ့တော့ သည်လိုအလှူလေးရှိတာကိုသိလိုက်ရတော့ ပီတိဖြစ်မိတယ်ဗျာ ကိုယ်လဲလှူနိုင်တော့ ကြိုးစားရဦးမှာပဲ

  • “ဘီလူးကြီး”ogre

    October 21, 2011 at 5:32 pm

    ကျုပ်ကတော့ ညံပြီးရင်းညံနေတောပဲ
    လွှတ်ညံတယ်ဆိုမျိုပေါ့
    အသံလှူလို့ရတာ သိရတဲ့အတွက် ကျေးဇူးပါဗျာ

  • MaMa

    October 21, 2011 at 6:18 pm

    ဆရာလုပ်တယ်လို့ မထင်နဲ့နော်။ (အမှန်ကတော့ ဆရာလုပ်တာပါပဲ။)
    အသံအလိုရှိသည်ဆိုတဲ့ ခေါင်းစဉ်အစား `အသံလှူနိုင်သည်´ဆိုရင် ပိုကောင်းမလားလို့။ 😀

  • nozomi

    October 21, 2011 at 6:39 pm

    အမြန်ဆုံး သွားဖြစ်အောင် သွားပြီး လှူဖြစ်အောင် လှူပါမည်
    ကျေးဇူးကမာ္ဘ ပါ

  • blackchaw

    October 21, 2011 at 10:09 pm

    MaMa ရေ။
    ဆရာလုပ်တာလို့ မထင်ပါခင်ဗျာ။
    ကျွန်တော် က သတ်ပုံအမှားတွေနဲ့ လည်း စာတွေကို ရေးနေမိပါတယ်။
    မန်းဂဇက်မှာ မို့ ပေါ့ဗျာ။ တခြားမှာဆို ဘယ်ရလိမ့်မလဲ။
    ဟုတ်ပါတယ်။ အသံလှူနိုင်သည် ဆိုရင် ပိုပြီးဆီလျော်ပါတယ်ဗျာ။
    နိုဇိုမီ၊ နီလေး၊ amatmin ၊ စုံ စုံ တို့ ကျေးဇူးပါ။
    ဘီလူးကြီး ရေ။
    ဒါမသိတာလေးနဲ့ ညံ့တယ် ဆိုတာ မဖြစ်နိုင်ပါဘူးဗျာ။
    နီးစပ်မှုရှိမှ သိမှာပေါ့။ ဟုတ်ဘူးလား။

  • ba gyi

    October 22, 2011 at 9:53 am

    အသံကောင်းအောင် ဘုရားမှာ ခေါင်းလောင်းလှုတဲ့ သူတွေရှိတယ်၊ အဲသည်အလှုခံဌာနတွေ အနားမှာ
    Idea ကောင်းတဲ့ blaikchaw ရဲ့နှိုးဆော် စာလေးသွားကပ်လိုက်ရင်တော့ ကွက်တိပါပဲ။ချောချောကြီးရေ—
    သာဓုပါဗျား။

  • အရီးခင်လတ်

    August 18, 2012 at 4:32 am

    ကဘချောရေ
    တစ်နေ့က Facebook ထဲမှာ အသံသွင်းပြီး အသံဖိုင် ကို ပို့ပေးနိုင်ရင် ပို့ပေးလို့ ရပြီလို့ တွေ့လိုက်တယ်။
    ဒီနေ့ ပြန်ရှာတာ ရှာမရတော့ဘူး။
    သိရင်ပြောကြပါဦး။
    စိတ်ဝင်စားမိလို့။
    ကျွန်မ အသံတော့ မဟုတ်ပါဘူးလေ။ 🙂

    • အရီးခင်လတ်

      August 18, 2012 at 4:57 am

      ပြန်ရှာလို့ တွေ့သွားလို့ ကူချင်သူများ အတွက် ထပ်မျှ လိုက်ပါသည်။ 🙂
      http://www.mmwhitecane.com/index.html

  • htoosan

    August 18, 2012 at 5:30 am

    ဘဘ ဘလက် ရေးထားတာ တွေ့ထားဖူးလို့ သားတော်မောင် ကျောင်းပိတ်ရက် သူ့ကို စည်းရုံးပြီး အဲ့ဒီ့ ကျောင်းကို သွားခဲ့ပါတယ် ..
    တွေ့ခဲ့တဲ့ သူ(အမျိုးသမီးကြီးတစ်ဦး) ကတော့ တော်တော် ဆက်ဆံရေးကျဲခဲ့ပါတယ် ။ စိတ်ပျက်ပြီး ပြန်ခဲ့ရပါတယ်။
    စာရင်းပေးခဲ့ ကလေးတွေ လိုအပ်ရင် ခေါ်မယ်ဆိုပြီး ယနေ့ထိ မခေါ်ခဲ့ပါဘူး… မခေါ်တာ ထားပါ ။ ဆက်ဆံရေးကျဲတာကို စိတ်ပျက်ခဲ့တာပါ ..

Leave a Reply