စာရေးဆရာမ ဂျူး ၏ လုံးချင်းဝတ္ထုတစ်အုပ် နာမည်မှာ မရှိမဖြစ် မိုး ဟူ၍ ဖြစ်ပါသည်။

မရှိမဖြစ် ဟူသော အသုံးအနှုန်းနှင့် ကျွန်တော် သိတ်မရင်းနှီးလှပါ။ သို့သော် ဆရာမ ဂျူး ၏ ၀တ္ထုကို ဖတ်ပြီးချိန်မှစ၍ မရှိမဖြစ်ဆိုသည့် စကားလုံးလေးကို ကျွန်တော် နှစ်ခြိုက်မိပါတော့သည်။ ဆရာမ ဂျူးက ESSENTIAL (မရှိမဖြစ်) ဆိုသောစကားလုံးအပေါ် မင်းသမီးခင်မိုးမြင့်၏ စရိုက်တစ်ခုအဖြစ် စာဖတ်သူကို အသိပေးသွားခဲ့ပါသည်။

“ အလုပ်ထဲဝင်တဲ့အခါ အလုပ်စခန်းတစ်ခုလုံးမှာ ကျွန်မဟာ မရှိရင် မဖြစ်အောင် တန်ဘိုးရှိဘို့ အမြဲကြိုးစား ထိန်းသိမ်းခဲ့တာပဲ။ မန္တလေးမှာ ကျွန်မ ကိုယ်ပိုင်အလုပ်တွေ ရှိတယ်။ အဘွားနဲ့ စိတ်ချလက်ချ လွှဲထားရတယ်။ အဲဒီအလုပ်မှာလည်း လူအားလုံးအတွက် ကျွန်မ မရှိရင် မဖြစ်လောက်အောင် လိုအပ်နေဖို့ ကျွန်မ ကြိုးစားခဲ့တာပဲ၊

ကျွန်မသတ်မှတ်ထားတဲ့ လူ့တန်ဘိုးဆိုတာ အဲဒါပဲ ဦးမင်းထင်၊ မြန်မာနိုင်ငံမှာ ကျွန်မ ကိုလိုအပ်ဘို့ ဆိုတာ ဝေးလွန်းပါ တယ်။ ဒါပေမယ့် ဒီအုပ်စု ကွက်ကွက် လေးတွေ အတွက်တော့ ကျွန်မဟာ အမြဲတမ်း အဆင်ရှယ်ဖြစ်နေရမယ်။”

ဇာတ်လိုက်မင်းသမီးခင်မိုးမြင့် ၏ မာနကဲသော ဒိုင်ယာလောခ် ဖြစ်ပါသည်။

ငယ်ငယ်ကတော့ သူငယ်ချင်းများကြားတွင်ဖြစ်ဖြစ်၊ မိသားစုထဲတွင်ဖြစ်ဖြစ် မရှိမဖြစ်လူတစ်ယောက်ဖြစ်ချင်မိသည်။

ဆုံးဖြတ်ချက်တစ်ခုခုကို ကိုယ်မသိပဲ ဆုံးဖြတ်လိုက်လျှင် စိတ်ဆိုးစိတ်ကောက်မိသည်အထိ ကိုယ့်ကိုယ်ကို အရေးပါချင် နေမိသည်။ တဖြေးဖြေး အရွယ်လေးရလာသောအခါ မရှိမဖြစ် ဆိုသော စကား၏ အဓိပ္ပါယ်ကို နားလည်ပုံ ပြောင်းလာခဲ့ ပါသည်။ မရှိမဖြစ် ဆိုသည်မှာ အမြဲတမ်းမဟုတ်ကြောင်းလည်း နားလည်လာသည်။

ကျောင်းတုန်းက တွဲခဲ့သော သူငယ်ချင်းကောင်မလေးတစ်ယောက်နှင့် သူငယ်ချင်းကောင်လေးတစ်ယောက်တို့ အိမ်ထောင်ကျသောအခါ ဘေးလူတွေ မျက်စိနောက်လောက်အောင် ချစ်ခဲ့ကြပါသည်။ သူတို့အိမ်သွားလည်သောအခါ တိုင်းတွင်ကြားရသည်က သူတို့လင်မယားသည် တစ်ယောက်နှင့်တစ်ယောက် မရှိမဖြစ် ဟူသတတ်။ သိတ်မကြာပါ ယောင်္ကျားလုပ်သူ ၉၆ ပါးရောဂါဖြင့် ဆုံးပါးသွားတော့ မိန်းမလုပ်သူမှာ ငိုလိုက်ရတာ တက်မတတ် ချက်မတတ်။ မနည်းနှာနှပ်ယူရပါသည်။ ကျွန်တော်တို့လည်း ငါ့သူငယ်ချင်းတော့ ဆုံးရှာပြီ။ သူ့မိန်းမများ အဆိပ်သောက်ပြီး လိုက်သေရင် အခက် ဟုစိုးရိမ်မိသည် အထိဖြစ်ပါသည်။ တစ်နှစ်တောင် မကြာပါ၊ ကျန်ရစ်သူ မိန်းမ နောက်ယောင်္ကျား ထပ်ယူသွားပါသည်။ အနှီ နောက်ယောင်္ကျား သည်လည်း သူမ၏ မရှိမဖြစ် ပင် ဖြစ်နေပြန်ပါသည်။ စဉ်းစား ကြည့်တော့ မရှိမဖြစ်ဆိုသည်မှာ အချိန်ကာလ တစ်ခုအတွက် သာဖြစ်ပါသည်။ ဟိုတုန်းက ပထမယောင်္ကျားသည် သူမအတွက်မရှိမဖြစ် အမှန်ပါ။ သို့သော် နောက်ယောင်္ကျားသည်လည်း ယခုအခါ သူမ၏ မရှိမဖြစ် ပါတည်း။

ကုမ္ပဏီများတွင်လည်း ၀န်ထမ်းတော်တော်များများသည် သူတို့မရှိလျှင် လုပ်ငန်းကြီးလည်ပတ်လို့ မရနိုင်လောက် အောင် ဖြစ်စေချင်ကြပါသည်။ မရှိမဖြစ် ၀န်ထမ်းများ ဖြစ်ချင်ကြခြင်း သာတည်း။ သို့သော် ခေတ်ပေါ်စီမံခန့်ခွဲမှုပညာရပ် များက လူတစ်ယောက်မရှိ၍ အလုပ်ခွင်ကြီးတစ်ခုလုံး ရပ်တန့်သွားရမည့် အဖြစ်မျိုးကို လက်မခံတော့ပါ။ လူတစ်ယောက် ထွက်သွားလျှင် တခြားတစ်ယောက် အဆင်သင့် ဖြစ်အောင် ပြင်ဆင်ယာထားနေကြပြီ ဖြစ်ပါသည်။ ထိုသို့ ပြင်ဆင်ယာ ထားခြင်းကိုပင် လက်ရှိဝန်ထမ်းက သဘောထားကြီးကြီးထားမပေးပဲ ကုမ္ပဏီမှ ထွက်မည်တကဲကဲ လုပ်တတ်ကြသည်ကို တွေ့ဘူးပါသည်။

တရားသဘောအရ ပြောရလျှင်လည်း မည်သည့်အရာမှ မမြဲပါ။ တစ်နေ့ ပျက်ရမည်မှာ မလွဲတည်း။ ထို့ကြောင့် မိမိ ဘ၀အတွက် မရှိမဖြစ်ဆိုသော လူများကို အမှတ်စဉ်လိုက် ချရေးကြည့်ပါ။ ထိုလူများမရှိလျှင် မိမိတို့ဘ၀ အသက်ဆက်လို့ မရတော့ဘူး ဆိုတာ သေချာပြီလား။ တွေးကြည့်ပါ။ ဥပမာ- ကျွန်တော်တို့ သိတ်ချစ်သိတ်တန်ဘိုးထားပါသော မိဘနှစ်ပါး သည်ပင် တစ်ချိန်တွင် ကျွန်တော်တို့ နှင့် ခွဲရမည် ဖြစ်ပါသည်။ မရှိမဖြစ်ဆိုသည်မှာ အချိန်တစ်ခု ကာလတစ်ခု အတွက် လိုအပ်ချက် တစ်ခုသာ ဖြစ်ပါသည်။

ကျွန်တော့် မိသားစုအတွက် ကျွန်တော် ဟာ မရှိမဖြစ် ဆိုတာသေချာနေပါပြီလား။

ကျွန်တော်မရှိတော့လျှင်လည်း သူတို့ ရှင်သန်မှု အတွက် ဆက်လက် ရုန်းကန်ကြိုးစားနေရဦးမည်သာ ဖြစ်ပါသည်။ လောလောဆယ်ရှိနေတုန်း အခိုက် ကျွန်တော့် ပတ်ဝန်းကျင် ကျွန်တော့်မိသားစုအတွက် တတ်နိုင်သလောက်ကြိုးစားပေးဆပ်ခြင်း ကသာ သူတို့၏ စိတ်ထဲမှ တန်ဘိုးထားခြင်းကို ရရှိနိုင်မည်ဖြစ်ပါသည်။

အသက်ရှင်နေတုန်း အခိုက်အတန့်လေးတွင် မိသားစု အတွက်၊ သူငယ်ချင်းမိတ်ဆွေ အသိုင်းအ၀ိုင်း အတွက် ရပ်ရွာအတွက် တတ်နိုင်သလောက် ပေးဆပ်နိုင်ခြင်းသည်သာ essential ဆိုသော စကားလုံးနှင့် အနီးကပ်ဆုံး ဖြစ်ပါလိမ့်မည်။

black chaw

About black chaw

black chaw has written 332 post in this Website..