ရွာသူားတွေကို ဖြန့်ဝေဖို့ ခါတော်မီ အိုင်ဒီယာလေးတစ်ခု ခေါင်းထဲရောက်လာတယ်။
သီတင်းကျွတ်ပြီဆိုတာနဲ့ ပလူပျံလာတဲ့ မင်္ဂလာဆောင်ဖိတ်စာတွေကိုကြည့်ပြီး ဘယ်သူ့သားလဲ၊ ဘယ်သူ့သမီးလဲ၊ ကိုယ်နဲ့ ဘယ်လိုဆက်နွယ်နေသလဲ ဆိုတာတွေ ဦးဏှောက်ထဲထည့် ဖော်မြူလာထုတ်ပြီး လက်ဖွဲ့ဖို့ တွက်ချက်ရတာလေးကို မျှဝေချင်ပါတယ်။
ဖိတ်စာတစ်စောင်ရောက်လာပြီဆိုရင် မင်္ဂလာဆောင်သွားဖို့ မသွားဖို့ (သွားနိုင် မသွားနိုင်) ဆိုတာနဲ့အတူ ဘယ်လောက်လက်ဖွဲ့ရမလဲဆိုတာကို တခါတည်း တွဲပြီးစဉ်းစားရတော့တာပဲ။

အဲဒီမှာ ဘယ်လောက်လက်ဖွဲ့မလဲ ဆိုတာက အဓိက ပြဿနာကြီးပေါ့။

ဒီခေတ်ကြီးရဲ့ ကုန်ကျစရိတ်တွေက သိတော်မူကြတဲ့အတိုင်းမို့လို့ နည်းမှာကို စိုးရိမ်ရတဲ့အပြင်၊ လူမှုရေး စီးပွားရေး ဆက်စပ်နေသူများဆိုရင်တော့ ပိုလို့သာ သတိထားရတော့တာပေါ့။
ဆွေတွေမျိုးတွေဆိုရင် ကိုယ့်အသိုင်းအ၀ိုင်းထဲကမို့ ဘယ်သူက ဘာပစ္စည်း လက်ဖွဲ့မယ် စသဖြင့် လိုအပ်ရာရာလေးတွေကို တစ်ယောက်တစ်မျိုး ၀ိုင်းဝန်းဖြည့်ဆည်းပေးကြတာမို့ တကယ့်ကို ပျော်ဖို့တောင် ကောင်းသေးတယ်။
ဒါ့အပြင် သတို့သားလောင်း သတို့သမီးလောင်းလေးတွေကို မိဘဆွေမျိုးတွေက ဘယ်သူကဖြင့် ဘယ်လိုလိမ္မာတယ် (ကိုယ်ချစ်ရင် ချစ်သလို)၊ ဘယ်သူကဖြင့် စာတော်တယ်၊ ဘယ်သူကဖြင့် ချို့တဲ့ရှာတယ်၊ လိုအပ်ရှာတယ်ဆိုပြီး ပေါင်းလဒ်တွေ အထပ်ထပ်ထည့်လို့ လက်ဖွဲ့ရတာပေါ့။
အထူးသဖြင့် စီးပွားရေးနဲ့ ဆက်စပ်နေသူတွေဆိုရင်တော့ (ဈေးတွက်လို့ပဲ ခပ်ကြမ်းကြမ်း နာမည်ပေးလိုက်တော့မယ်) သူ့အတွက်လည်း အဆင်ပြေ၊ ကိုယ်အတွက်လည်း သက်သက်သာသာဖြစ်စေမှာမျိုး၊ ကိုယ်နဲ့အပြိုင် စီးပွားတူတွေကရော သူတို့ကို ဘယ်လောက်လက်ဖွဲ့လိုက်မလဲ ဆိုတာတွေကိုပါ ပုံသေနည်းချလို့ တွက်ချက်ရတော့တာပဲ။
ဟိုးးးးးး အရင်ကတော့ မိဘတွေလက်ထက်က အဖေက မင်္ဂလာဆောင်ဖိတ်စာတစ်စောင်ရောက်လာရင် သူ့ဖာသာသူ ကြည့်ပြီး တွက်ချက်လက်ဖွဲ့လိုက်တာ အဆင်ကိုပြေလို့။ ဘာ complaint မှ ပြန်မလာပဲ လူမှုရေး စီးပွားရေး အသိုင်းအ၀ိုင်းထဲမှာလည်း ဆက်ဆံရေး ပြေပြေပြစ်ပြစ် ရှိတယ်။
ကိုယ့်အလှည့်ရောက်လာတဲ့အခါကျတော့ ဖိတ်စာတစ်စောင်ရောက်တိုင်း တစ်ခါခေါင်းခဲရတယ်။

အခုဒီနေရာမှာ ကိုယ့်ဖာသာကိုယ် တီထွင်ထားတဲ့ လက်ဖွဲ့တွက်နည်းကို မချွင်းမချန် (ဆရာစားမချန်ပဲ) ပေးပါတော့မယ်။ :D

မင်္ဂလာဆောာင်တစ်ခုကို လက်ဖွဲ့တော့မယ်ဆိုရင် မင်္ဂလာမောင်မယ်ကို သူတို့ရဲ့ အိမ်ယာထူထောာင်မှုမှာ ကိုယ်တတ်နိုင်သလောက် အားဖြည့်ပေးတဲ့သဘောလို့ ယူဆလို့ အနည်းဆုံး သူတို့ရဲ့ မင်္ဂလာပွဲကုန်ကျစရိတ်ထက် မလျော့ရဘူးလို့ ကြမ်းခင်းဈေး သတ်မှတ်လိုက်တယ်။
အဲဒီကြမ်းခင်းဈေးက မင်္ဂလာဖိတ်စာက ဘယ်လောက်ကျမလဲ၊ အခမ်းအနားနေရာက ဘယ်မှာလဲ၊ ဖိတ်စာမှာ တစ်ယောက်တည်းကို ဖိတ်တာလား၊ မိသားစုကိုပါ ဖိတ်တာလား၊ ဘယ်အချိန်လုပ်တာလဲ၊ ဘာကျွေးမှာလဲ ဆိုတာတွေနဲ့ တွက်ချက်တယ်။
ဥပမာ- စီဒိုးနားဆိုပါတော့ လက်ဖက်ရည်ပွဲဆိုရင် ဧည့်သည်တစ်ယောက်ကို ၁၀ ဒေါ်လာလောက်ကျမယ်။ ညစာစားပွဲဆိုရင် တစ်ယောက်ကို ၂၅ ဒေါ်လာလောက်ကျမယ်။ ဘယ်နှစ်ယောက်ကို ဖိတ်တာလဲ။ နှစ်ယောက်သွားရင် ကုန်ကျစရိတ်ကို ၂နဲ့ မြှောက်ပေါ့။
ဖိတ်စာဖိုးနဲ့ ကုန်ကျစရိတ်ကို ပေါင်းရင် ကြမ်းခင်းဈေးရပြီ။
အဲဒီကြမ်းခင်းဈေးကိုမှ ထပ်ဖြည့်ပေါင်းလဒ်က ပိုပြီး အရေးကြီးတယ်ထင်ပါတယ်။
ထပ်ဖြည့်ပေါင်းလဒ်ကို တွက်ချက်ဖို့ကျတော့ ကိုယ့်နဲ့ ဘယ်လိုဆက်နွယ်နေသလဲ ဆိုတာကို စဉ်းစားရမယ်။ ဆက်နွယ်မှုကို မူတည်ပြီး ပေါင်းလဒ်အနည်းအများ ကွာခြားသွားတာပေါ့။ စီးပွားရေးနဲ့ ဆက်စပ်နေသူဆိုရင် ဘယ်လောက်အတိုင်းအတာထိ ကိုယ့်လုပ်ငန်းမှာ အကျိုးပြုသလဲ။ သူ့ရဲ့ ကိုယ့်လုပ်ငန်းအပေါ် အားပေးတဲ့သဘောထားက ဘယ်လိုရှိသလဲ။
ဥပမာ- သူနဲ့ကိုယ် လုပ်ငန်းချင်းဆက်စပ်တာ ဘယ်လောက်ကြာပြီလဲ။ သူ့ရဲ့ ၀ယ်ယူ/ရောင်းချ အားပေးမှုက ကိုယ့်ဆီမှာပဲ အဓိက ရောင်းဝယ်နေတာလား။ လုပ်ငန်းတူတွေနဲ့အတူ မျှပြီး ၀ယ်ယူ/ရောင်းချအားပေးနေတာလား။ ၀ယ်ယူ/ရောင်းချတဲ့အခါမှာ သူကကိုယ့်အပေါ်၊ ကိုယ်ကသူ့အပေါ် ယုံကြည်စိတ်ချမှု အနေအထားက ဘယ်လိုရှိလဲ ဆိုတာတွေကိုတော့ နောက်တိုးပေါင်းလဒ်အနေနဲ့ ထပ်ပေါင်းရတာပေါ့။
ကဲ…. ဒီလောက်ဆိုရင် ကိုယ့်ရွာသူားတွေလည်း လက်ဖွဲ့ဖို့ကို သင့်တင့်မျှတအောင် တွက်ချက်နိုင်ကြလိမ့်မယ် ထင်ပါတယ်။
(အချွန်နဲ့ `မ´ တယ်လို့တော့ မထင်နဲ့နော်။ အမှန်အတိုင်းဝန်ခံရရင် ခုရက်ထဲမှာ ဖိတ်စာတစ်စောင်ရောက်လာပြီး တွက်ချက်လက်ဖွဲ့လိုက်တာ ကိုယ်နဲ့လုပ်ငန်းတူတစ်ယောက်က လက်ဖွဲ့လိုက်တာနဲ့ အများကြီး နည်းသွားလို့ ကာယကံရှင်က ဖုံးဆက်ပြီး complaint လာလို့ ဖီးလ်ကွေးပြီး ရေးလိုက်တာ။) :(

About Ma Ma

Ma Ma has written 143 post in this Website..

ဗေဒင်ဆရာ မမေးပဲ နာမည်ပေးလိုက်မယ်။ သိပ္ပံမောင်ဝရဲ့ ခေတ်ဆန်းစာပေကို အားကျပြီး ရေးမိရေးရာ ရေးထားတဲ့ လက်စမ်းစာပေလို့။ THAKHIN CJ #8212010 ( 5/2/2016)