ဂျာနယ်ပါဆောင်းပါးဖြစ်တဲ့ မသိတော့လည်း အဟုတ်မှတ်နေတယ် အပိုင်း(၂)

ရုပ်နာမ်တို့ရဲ့ သဘောသဘာဝကို အမှန်အတိုင်း မသိမြင်သေးတဲ့အခါကျတော့ အကောင်း ကြိုက်တဲ့လူတွေဟာ အကောင်းမဟုတ်တဲ့၊ ဘာမှအနှစ်သာရမရှိတဲ့အရာတွေကို အဟုတ်ထင်ပြီး စွဲလမ်းမှု၊ နှစ်သက်မှုတွေဖြစ်ကာ သတ်ဖြတ်လုယက်အနိုင်ကျင့်မှုစတဲ့ မကောင်းမှုတွေကို လုပ်နေကြတာပါ။ တကယ်ဆို လူဆိုတာ အကောင်းကြိုက်တတ်တဲ့ သတ္တဝါပါ။ ဒါပေမဲ့ အကောင်း ဆိုတာ ဘာလဲလို့သေချာမသိသေးတော့ မကောင်းတာကိုပဲ အကောင်းထင်ပြီး လမ်းမှား ကြိုက်နှစ်သက်မိနေကြတာပါ။ ဒါဟာဘာဖြစ်လို့လဲဆိုတော့ မိမိတို့သန္တာန်မှာ ကိလေသာသောင်း ကျန်းမှုတွေ အမြဲဖြစ်နေပြီး နိဗ္ဗာန်ချမ်းသာရဲ့ အစအနချမ်းသာသဘောလေးကိုမျှ ခံစားဖူးအောင် ဝိပဿနာဉာဏ် မလုပ်ဖူးကြလို့ပါ။ လောကမှာရှိတဲ့ တကယ်အကောင်းဆုံးအရာဟာ ဘာလဲဆိုရင် နိဗ္ဗာန်ချမ်းသာဖြစ်တယ်ဆိုတာကို ဝိပဿနာဉာဏ်ရှိသူတိုင်း သိကြပါတယ်။

အဲဒီလို ရုပ်နာမ်တို့ရဲ့သဘောသဘာဝကို အမှန်အတိုင်းသိမြင်တဲ့ ဝိပဿနာဉာဏ်မရှိကြဘဲ ကိလေသာတွေသာရှိနေကြတဲ့အတွက် အရာအားလုံးဟာ တပ်မက်ချင်စရာတွေ၊ လိုချင်စရာတွေပဲ ထင်ပြီး အဲဒါတွေကိုပဲ မရ၊ ရအောင် လိုက်လုပ်နေကြတာပါ။ တကယ်တမ်းသာ ရုပ်နာမ်တရားတို့ရဲ့ မတည်မြဲမှု၊ ဖောက်ပြန်ပျက်စီးမှု၊ တွယ်တာနှစ်သက်စရာမရှိဘဲ အလိုလိုပျက်စီးနေတာများကို အမှန်တိုင်းသာသိမြင်ကြမယ်ဆိုရင် ခုလို လောကကြီးထဲမှာ မကောင်းမှုများ လုပ်ကြမှာမဟုတ်ပါ ဘူး။ အဲဒါကြောင့် လူသားအားလုံး၊ သတ္တဝါအားလုံးကို တကယ်အစစ်အမှန်သာရှိတဲ့ လောက သဘာဝတရားများကို သိစေချင်တာကြောင့် ရှေးယခင်က သိမြင်ခဲ့ကြတဲ့ပုဂ္ဂိုလ်များက ဘယ်လို လုပ်ရင် သိနိုင်တယ်ဆိုတာတွေ လမ်းညွှန်ပေးထားခဲ့တာပါ။ ဒါပေမဲ့ မိမိတို့က ရေမြုစ်ကို ရေခဲတုံးလို့ထင်နေကြတော့ သူများပြောတာကို ကိုယ်တိုင်မကျင့်၊ မသိမြင်သေးတဲ့အတွက် လက်မခံချင်ဘူး ဖြစ်နေပါတယ်။ ဒီတော့ သူများပြောတာ ဟုတ်မဟုတ်ဆိုတာကို မဟုတ်ဘူးလို့ ငြင်းမဲ့အစား လက်တွေ့သိရအောင် ရှေးကလမ်းမှန်ကိုသိသူများရဲ့ ညွှန်ကြားချက်များအတိုင်း လုပ်ကြည့်ဖို့ လိုပါတယ်။

တချို့က ကောင်းမှုလား၊ မကောင်းမှုလားဆိုတာလောက် ခွဲခြားသိရုံလောက်သိတာကိုပဲ သူတို့ကိုယ်သူတို့ အဟုတ်မှတ်နေပြီး ငါတို့တော့ တရားသိနေပြီလို့ ထင်နေကြတာလည်း ရှိပါတယ်။ တကယ်တော့ ကောင်းမှု၊ မကောင်းမှုကို ခွဲခြားသိရုံနဲ့တော့ မကောင်းမှုကို စွန့်လွတ်နိုင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လိုချင်မှုလောဘတွေ ရှိနေကြသေးလို့ပါ။ အဲဒီတော့ မိမိသန္တာန်မှာရှိနေတဲ့ ကိလေသာတွေကို နည်းအောင်သတိနဲ့ထိန်းချုပ်မှု ရှိရမယ်။ ရုပ်နာမ်တို့ရဲ့ ဖောက်ပြန်မှု၊ မတည်မြဲမှုတွေကို နည်းနည်းချင်းသိအောင် ဝိပဿနာပွားများ ပေးရင်ဆိုရင်တော့ မကောင်းမှုတွေကို ရှောင်ကြဉ်နိုင်မှာပါ။

ပုထုဇဉ်လူသားချင်းအတူတူဖြစ်နေကြတဲ့ စာရေးသူတို့ လူသားများတွင် တချို့က ကောင်းမှု လုပ်ပြီး တချို့က မကောင်းမှုပဲ လုပ်နေကြပါတယ်။ အဲဒီလို ပုထုဇဉ်ချင်းတူပေမဲ့ မကောင်းမှုများကို ဘာကြောင့်လုပ်ကြသလဲဆိုရင် ရုပ်နာမ်တို့ရဲ့ဖောက်ပြန်မှု၊ မတည်မြဲမှုတွေကို စမ်းသပ်မကြည့်ဘူး သေးလို့၊ မကြားနာဘူးသေးလို့၊ ဒီရုပ်နာမ်တို့ရဲ့ ဖောက်ပြန်မှုကိုသိအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ မသိကြသေးလို့ပါ။ တချို့ကျတော့လည်း ကြားနာဖူးပေမဲ့ လက်တွေ့စမ်းသပ်မှု လုပ်မကြည့်ဘဲ ဇွတ်မဟုတ်ဘူးငြင်းကာ မကောင်းမှုများလုပ်ရတာကိုပဲ ကျေနပ်နေကြတဲ့ပုဂ္ဂိုလ်များ လည်း ရှိပါတယ်။ အဓိကအကျဆုံးအရာကတော့ မိမိသန္တာန်မှာရှိနေတဲ့ လောဘစတဲ့ကိလေသာ တွေကို ဘယ်လိုထိန်းချုပ်ပေးရမယ်ဆိုတာ မသိလို့ပါ။ တချို့ကသိပြန်တော့လည်း မထိန်းချုပ်ဘဲ စိတ်ကိုသတိတရားမကပ်ဘဲ လွတ်ချင်တိုင်းလွတ်ပစ်ထားလို့ပါ။ လူသားတွေဟာ အမှန်ကို အမှန်အတိုင်း မသိမြင်သဘောမပေါက်ကြသေးတော့ ကိုယ့်လုပ်တဲ့မကောင်းမှုက ကိုယ့်ကို တစ်နေ့ဒုက္ခပေးမယ်ဆိုတာ မသိဘူးဖြစ်နေတဲ့အတွက် မကောင်းမှုလုပ်တဲ့လူ များနေတာပါ။ တချို့ကျတော့လည်း သိသိကြီးနဲ့ မိုက်နေကြတာလည်း ရှိပါတယ်။ တကယ်တမ်း စဉ်းစားကြည့်မယ်ဆိုရင် မကောင်းမှုလုပ်လို့ ရတဲ့ဟာနဲ့ မိမိပြန်လည်ခံစားရမဲ့ဟာကို နှိုင်းချိန်းကြည့်ပြီး ဒီမကောင်းမှုလုပ်လို့ရတာနဲ့ ငါပြန်ခံစားရမဲ့ မျက်မှောက်သံသရာဒုက္ခ ဘယ်ဟာကပိုများမယ်ဆိုတာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။

ဥပမာ-သူတစ်ပါးပစ္စည်းခိုးရင် အဲဒီခိုးလို့ရမဲ့ဥစ္စာဟာ ကိုယ့်အတွက် ဒီဘဝမှာ ဘယ်လောက် ကောင်းကျိုးခံစားရမလဲ။ နောက်ဘဝမှာ ငါခံစားရမဲ့ဒုက္ခထက်ရော ခုခိုးလို့ရတဲ့ဥစ္စာက ပိုသာမှာလားစတဲ့ တွေးတောကြံစည်မှုတွေ ရှိဖို့လိုပါတယ်။ သူတစ်ပါးပစ္စည်းခိုးရင် ရဲနဲ့များဖမ်းမိပါ က ထောင်ကျမယ်။ တစ်ပါးသူနဲ့မိရင် ရိုက်ခံရမှာဖြစ်တဲ့အတွက် ဒီဘဝမှာလည်း မကောင်းကျိုး ခံစားရမယ်။ နောက်နောင်ဘဝတွေမှာလည်း ဒီထက်မကတဲ့ ဆင်းရဲ့ဒုက္ခများ ခံစားရမယ်ဆိုတာကို နားလည်သဘောပေါက်ရင် မကောင်းမှုများ လုပ်ကြမှာမဟုတ်ပါ။ တကယ်လို့များ သူတစ်ပါး ပစ္စည်းကို အလွယ်တကူ ခိုးလို့ရခဲ့ရင်ရော အဲဒီခိုးလို့ရတဲ့ဟာက ငါ့ဘဝအတွက် ဘယ်လောက် ကောင်းကျိုးခံစားရမလဲ။ ဒီဘဝမှာ သေတဲ့ထိတိုင် ချမ်းသာသုခများ ခံစားရဦးတောင် နောက်နောင် ဘဝမှာတော့ ဒီခိုးလို့ရတဲ့ချမ်းသာဟာ ငါနဲ့မလိုက်တော့ဘဲ ယခုငါခံစားခဲ့ရတဲ့သုခထက် ပိုများမဲ့ သူရဲ့တန်ပြန်ဒုက္ခကိုသာ ခံစားရမှာဖြစ်လို့ ထိုက်တန်မှုမရှိဘူးဆိုတာ သိဖို့လိုပါတယ်။

အဲဒီလိုပါပဲ သူတစ်ပါးသားမယား၊ သမီးပျိုများကို ပြစ်မှားမယ်လို့ ကြံစည်တဲ့အခါမှာလည်း ငါဒီမကောင်းမှုကိုလုပ်လိုက်ရင် ငါ့အတွက် အရှက်ရ၊ သိက္ခာကျ၊ လူအထင်သေးခံရစတဲ့ အပြစ်တွေကတော့ ဧကန်မုချရရှိမယ်။ တကယ်လို့များ မတော်လို့ ထောင်ကျရင်လည်း ပြစ်ဒဏ်ခံရ မယ်။ နောက်နောင်ဘဝတွေမှာလည်း ဒီမကောင်းမှုရဲ့ပြစ်ဒဏ်တန်ပြန်မှုက ခံစားရဦးမယ်။ ယခုငါလုပ်မဲ့ မကောင်းမှုရဲ့သုခက နောက်နောင်ခံစားရမဲ့ ဒုက္ခထက် သာလွန်မှုရှိပါမလား စတာတွေကို တွေးတောကြံစည်ပေးမယ်ဆိုရင် မကောင်းမှုကျုးလွန်းခြင်းများ ပြုလုပ်မိမှာ မဟုတ်ပါဘူး။ အဲဒီလို တွေးတောမှု၊ ဆင်ခြင်မှု၊ အသိဉာဏ်မရှိမှု၊ သတိတရား လက်လွတ်မှုတွေကြောင့်သာ လူတွေဟာ မကောင်းမှုများကို ကျုးလွန်နေကြတာပါ။ တကယ် ဆင်ခြင်စဉ်းစားကြည့်မယ်ဆိုရင် မကောင်းမှုလုပ်လို့ရတဲ့သုခထက် ကိုယ်ပြန်လည်ခံစားရမဲ့ဒုက္ခက ပိုမိုကြီးမားတယ်ဆိုတဲ့ အသိဉာဏ်များ လူသားတိုင်းမှာ ရှိစေချင်ပါတယ်။ အားလုံးသိရှိအောင် လည်း ယခုလို ရေးသားတင်ပြပေးနေတာပါ။ အဲဒီလိုသိရှိပြီး လိုက်နာကျင့်သုံးမယ်ဆိုရင် လူတိုင်း မကောင်းမှုများကို ရှောင်ကြဉ်နိုင်ပါလိမ့်မယ်။

ဒါကြောင့် ရုပ်နာမ်တို့ရဲ့ ဖောက်ပြန်မှု၊ မတည်မြဲမှု၊ လောကကြီးထဲမှာ အမှန်တကယ်ရှိတဲ့ အရာများကို သေချာနားလည်သဘောပေါက်အောင် ကြိုးစားရမယ်။ ဒါပြင် မိမိလုပ်လို့ရမဲ့ မကောင်းမှုချမ်းသာက ဒီဘဝမှာ ဘယ်လောက်ခံစားရမလဲ။ နောက်နောင်ဘဝမှာ မိမိခံစားရမဲ့ ဒုက္ခထက်ရော သာလွန်မှာလားစတဲ့ အသိဉာဏ်၊ တွေးတောဆင်ခြင်မှုများရှိအောင် သတိတရား အသိဉာဏ်များ လက်မလွတ်အောင် ထိန်းသိမ်းပေးစေချင်ပါတယ်။ အဲဒီလို တွေးတောဆင်ခြင်မှု လည်းမရှိ၊ ရုပ်နာမ်တို့ရဲ့ဖောက်ပြန်ပျက်စီးမှုကိုလည်း သိအောင်မလုပ်ဘူးဆိုရင်တော့ အဲဒီလူဟာ မိုက်မဲပြီးရင်း မိုက်မဲနေမဲ့ မီးသွေးခဲသာ ဖြစ်နေပါလိမ့်မယ်။

 

ဂျာနယ်ကို Download လုပ်ချင်တယ်ဆိုရင်တော့ http://www.mediafire.com/?3gmr4g3cgba6z7h ဒီမှာ သွားရောက်ယူလို့ ရပါတယ်။

အားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး လိုရာဆန္ဒပြည့်ဝကြပါစေလို့ ဆန္ဒပြုလျက်……….။

 

အရှင်ကောမလ(ခ)ဆန်နီနေမင်း

sanninaymin@gmail.com

http://www.sanninaymin.com/

Colombo, Sri lanka

3 comments

  • windtalker

    October 22, 2011 at 7:58 pm

    မှန်လှပါ ဘုရား
    ကျေးဇူးကြီးမားလှပါတယ် ဘုရား
    အရှင်ဘုရား သွန်သင်ဆုံးမလမ်းညွှန်သလို နေထိုင်ကျင့်ကြံ ပါ့မယ် ဘုရား
    ဒါနဲ ့သိချင်တာ တစ်ခု
    ကိုယ်က သူတစ်ပါး အပေါ် မခိုး မညစ်ခဲ့သောလည်း ၊ သူတစ်ပါး က တပည့်တော် အပေါ် ခိုးတာ ၊ ညစ်တာ
    မကြာခဏ ကြုံရပါတယ် ဘုရား
    အဆိုပါ ကိစ္စများအတွက် တရားနည်းလမ်းကျ ပြန်လည်တောင်းဆိုသော်လည်း
    “မကျေနပ်လျှင် လူသာသတ်သွား” ဆိုတဲ့ အဖြေမျိုး ၊ အဖြစ်မျိုး နဲ ့သာ ကြုံရပြီး နစ်နာရပါတယ် ဘုရား
    နောက်တော့ တပည့်တော်မှာ “ဝဋ်ရှိလို ့ပဲ” ဟုသာ နှလုံးသွင်းဖြေသိမ့်ရပါတယ် ဘုရား
    အဲဒီလိုလုပ်တာ မှန်ပါသလား ဘုရား

  • ဆန်နီနေမင်း

    October 22, 2011 at 8:10 pm

    အင်း အဲဒီလို သိတဲ့လူမျိုးကို သတိထားရှောင်ကြဉ်ပေါ့လေ။ ကိုယ့်က အပြစ်လုပ်လိုက်ရင်လည်း ကိုယ့်မှာပဲ အပြစ်ပြန်ရတာမို့ အပြစ်မလုပ်မိအောင် ရှောင်ကြဉ်တာဟာ အကောင်းဆုံးပါပဲ။ ခုလို ဝဋ်ကြွေးလို့ခံစားပြီး မေတ္တာထားလိုက်တာလည်း ကောင်းပါတယ်။ ဒါပေမဲ့ နောက်ထပ်မခံရအောင် သတိထားပေါ့လေ။

    • windtalker

      October 22, 2011 at 8:36 pm

      မှန်ပါ ၊ သေချာ မှတ်သားသွားပါတယ် ဘုရား
      ကျေးဇူးကြီးလှကြောင်းပါ ဘုရား

Leave a Reply