Feeling Forty
အခုတစ်ပတ်လုံးလုံး ကျွန်မအတွေးအားလုံးကို အကြောင်းအရာတစ်ခုထဲက လွှမ်းမိုးနေပါတယ်။ စတင်တွေးမိတာက ဖိတ်စာလေးတစ်စောင်ကြောင့်ပေါ့ … မင်္ဂလာဆောင်ဖိတ်စာလေးတစ်ခုပါ … ဘယ်လိုမှ မမျှော်လင့်ထားတဲ့ ဖိတ်စာလေးမို့ လာနောက်နေတာများလားလို့ ဖိတ်စာကို ထပ်ခါထပ်ခါကြည့်မိတယ် … သေချာပါတယ် … ဘယ်လိုမှ မလွဲဘူး … မင်္ဂလာဆောင်မှာ သူမှသူအစစ် …
ကျွန်မသူငယ်ချင်းအရင်းခေါက်ခေါက် အသက် ၄ဝ ထဲဝင်တော့မယ့် အပျိုကြီးမမ မင်္ဂလာဆောင်မှာတဲ့။ ကျွန်မတို့တွေ တက္ကသိုလ် တတိယနှစ်မှာစတင်ရင်းနှီးပြီး တစ်ဆောင်ထဲတစ်ခန်းထဲအတူနေခဲ့ကြတယ်။ ကျောင်းပြီးသွားပေမယ့်လဲ အဆက်အသွယ်မပြတ်ပဲ နေခဲ့ကြလို့ သူ့အကြောင်းကောင်းကောင်းသိနေတာပေါ့။ အိမ်ထောင်ပြုဖို့ အကြိမ်ကြိမ်စဉ်းစားခဲ့ဖူးပြီး အကြိမ်ကြိမ်လွဲခဲ့လို့ လက်လျော့ခဲ့တာကြာပြီ။ သေချာပေါက် အပျိုကြီးဘဝနဲ့ ဒီတစ်သက်နေပါတော့မယ်လို့ ဆုံးဖြတ်ပြင်ဆင်နေခဲ့တာ ကျွန်မအသိဆုံးပဲလေ။ အခုမှ ကောက်ခါငင်ခါ ဆိုင်းမဆင့် ဗုံမဆင့်နဲ့။ ပြီးခဲ့တဲ့ တစ်လလောက်ကအထိတောင် ဘာအစီအစဉ်မှ မရှိခဲ့တာသေချာပါတယ်။
အံ့ဩလွန်းလို့ ဘာပြောရမှန်းတောင်မသိတော့ပါဘူး။ မိသားစုအရေးနဲ့ စီးပွားရေးတွေကို သူစိတ်ညစ်နေတာ သိခဲ့ပေမယ့် ဒီလောက်အထိ ထွက်ပေါက်ရှာလိမ့်မယ်လို့ မထင်မိခဲ့ဘူး။ ကျွန်မကသူ့ကိုတစ်ခွန်းပဲမေးလိုက်တာက ချစ်လို့လား လို့ … သူကပြန်ဖြေတာက ဒီအရွယ်မှာ ဘယ်လိုလုပ်အချစ်ဆိုတာဖြစ်လာမှာလဲတဲ့ … သင့်တော်တယ်ထင်လို့ .. တခြားရွေးစရာမရှိလို့ .. ချက်ခြင်းဆုံးဖြတ်ရမှာမို့ ကျွန်မကိုတောင် မတိုင်ပင်ခဲ့တာပါတဲ့ … မင်္ဂလာဆောင်ပြီးတာနဲ့ အမေရိကားကို လိုက်သွားရမှာမို့ ကျွန်မစိတ်ထဲမှာ သူ့ဆုံးဖြတ်ချက်အတွက် နှမြောနေမိသလိုလိုနဲ့ သူ့ဘဝရှေ့ရေးအပြင် ကိုယ့်ဘဝရှေ့ရေးကိုပါ တွေးမိနေရင်း လေးဆယ်ဖီလင်ကို မအီမသာ ခံစားနေရပါတော့တယ် …
စိတ်ဓါတ်မာကြတဲ့ ကျွန်မတို့သူငယ်ချင်းတွေက ဘဝတက်လမ်းအတွက် ကိုယ့်အားကိုယ်ကိုးခဲ့ကြတယ်။ ကိုယ်ရွေးခဲ့တဲ့အသက်မွေးဝမ်းကြောင်းတစ်ခုကို အောင်မြင်အောင်လုပ်နေကြရင်းနဲ့ အချိန်တွေကုန်ခဲ့ကြတယ်။ အလုပ်ပင်ပန်းသလောက် အောင်မြင်လာသလောက်လဲ အတ္တတွေကြီးခဲ့ကြတယ်။ သူများတွေအတွက် အချိန်ပေးဖို့၊ ကလေးထိန်းရင်းနဲ့အချိန်ကုန်ဖို့၊ မီးဖိုထဲမှာနေရဖို့ စတာတွေကို ကြောက်ရွံ့ခဲ့ကြတယ်။ အိမ်ထောင်ရေးဆိုတာ ပျော်စရာလို့ မြင်လို့မရလောက်အောင် ပတ်ဝန်းကျင်က အိမ်ထောင်သည်တွေဆီကနေ မြင်ခဲ့ကြရတယ်။ လက်ထပ်ခြင်းမှာ သိပ်ချစ်လို့၊ သူနဲ့အတူနေချင်လို့ဆိုတဲ့ အကြောင်းပြချက်ကလွဲပြီး တခြားအကြောင်းနဲ့ ဘယ်တော့မှ လက်မထပ်ဘူးလို့ စိတ်ကူးယဉ်ခဲ့ကြတယ်။
တစ်ခါတစ်လေ တိတ်တိတ်လေး အထီးကျန်နေခဲ့ပေမယ့်လဲ အလုပ်တွေ တာဝန်တွေကြောင့် မေ့မေ့ပျောက်ပျောက် နေနိုင်ခဲ့ပါတယ်။ ကျွန်မတို့မှာ ရှေ့ရေးအတွက် လုံလောက်တဲ့အာမခံချက်ရှိတယ်။ လူအများလေးစားနိုင်တဲ့ ဂုဏ်ပကာသနရှိနေတယ်။ ဝါသနာပါတဲ့အလုပ်တွေကို အချိန်မရွေးလုပ်နိုင်နေတယ်။ မိဘတွေမရှိတော့ရင်တောင်မှ မောင်နှမနဲ့ တူတူမတွေ ရှိနေကြအုန်းမယ်။ ဘာသာရေးအသိနဲ့ စိတ်အေးချမ်းအောင်နေနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်။
ကျွန်မသူငယ်ချင်းကတော့ မိသားစုကို အယုံအကြည်မရှိလို့ သူ့နောင်ရေးမှာ အထီးကျန်မှာ သိပ်စိုးရိမ်ခဲ့တယ်။ ကိုယ်ပိုင်မိသားစု (ကိုယ်တိုင်မွေးထားတဲ့သားသမီး) ကို အလိုရှိနေခဲ့တယ်။ ဒါပေမယ့် အခုအသက်မှာမှ သူအခုလိုဆုံးဖြတ်လိုက်တာ ထီထိုးလိုက်သလိုများဖြစ်နေပြီလားလို့ တွေးမိတယ်။ ဘဝတစ်ခုလုံး အေးအေးနေလာပြီးမှ မသေချာတဲ့ သားသမီးအတွက် အခုမှ တစ်ကနေ ပြန်စတော့မှာလား? နိုင်ငံရပ်ခြားမှာ ဘဝတစ်ခုအသစ်စဖို့ အဆင်ပြေပါ့မလား? သူယူမယ့်ယောက်ျားအကြောင်း ဘယ်လောက်များသိလို့လဲ? တစ်ယောက်နဲ့တစ်ယောက် စိတ်အခန့်မသင့်တာများရှိခဲ့ရင် ဘယ်လိုသီးခံပြီးကျော်လွှားမလဲ? လက်ရှိလုပ်ငန်းနဲ့ မိသားစုကို တကယ်ခွဲနိုင်တာသေချာလို့လား?
တခြားသူငယ်ချင်းတွေနဲ့ အလုပ်ထဲကလုပ်ဖော်ကိုင်ဖက်တွေနဲ့ ပြောမိတော့ သူတို့ကတညီတညွတ်ထဲပဲ ကောင်းတယ်တဲ့ … အားရဝမ်းသာ ထောက်ခံပေးကြတယ် … သူတို့အမြင်ကတော့ နောက်ဆုံးအခွင့်အရေးကို အမိအရဖမ်းဆုတ်လိုက်နိုင်လို့ ကံကောင်းတယ်လို့တောင် ထင်နေကြသေးတယ် …
ကျွန်မတစ်ယောက်ထဲသာ သူများနဲ့ဆန့်ကျင်ဘက် တွေးနေမိရင်း ရေရေရာရာ အဖြေမရပဲ ယောင်ချာချာဖြစ်နေပါတော့တယ် …..
26 comments
J.me
October 23, 2011 at 1:31 am
မိသားစု ဘဝလေးတစ်ခု ပိုင်ဆိုင် သွားခဲ့တာမို့ အစစအရာရာ အဆင်ပြေနိုင်လိမ့်မယ်
လို့ တွေးပေးလိုက်ရင် ကောင်းပါမယ် ၊
ကျနော်တွေးမိတာကတော့ မိသားစု ဘဝလေးတစ်ခု တည်ဆောက်ချင်တာပါပဲ ။
တစ်ကိုယ်ရည် နေတတ်တဲ့ အပျိုကြီးတစ်ယောက် တွေ့ဖူးပါတယ် ၊ အသက်ကြီးလာလို့လား
မသိဘူးခင်မျ ၊ ဟိုး အရင်က မိသားစု ညီအကိုမောင်နှမ ရှိခဲ့ပေမဲ့ အသက်အရွယ်ရလာတဲ့
နောက်ပိုင်း ကွယ်လွန်သွားတဲ့သူနဲ့ ပြောင်းရွှေ့သွားတဲ့သူနဲ့ တစ်ယောက်တည်း ကျန်နေခဲ့
ရရှာတယ်လေ ၊ အရာရာ မတည်မြဲတဲ့ သဘာဝ မို့ တစ်ကိုယ်တည်းနေရတဲ့ဘဝမှာ စီးပွါးရေး
အပိုင်းလဲ ချွတ်ခြုံကျလာတော့ ဒုက္ခရောက်နေတာ တွေ့ရလို့ပါ ၊ ခုတော့ ရပ်ရွာက စောင့်
ရှောက်ထားပါတယ် ၊
oakermg
October 23, 2011 at 1:53 am
အိမ်ထောင်သည် ဘဝဆိုသည်မှာ မရှိလည်းမကောင်း ၊ ရှိလည်းမကောင်း ပါ ။
အဆင်ပြေ စိတ်ချမ်းသာမှုရရှိတဲ့ ဘဝတွေရှိသလို တစ်ဆူဆူ တစ်ပူပူ ဒုက္ခ ရောက်နေကြတဲ့
ဘဝတွေ လည်း ရှိနေပါတယ် ။
အဲဒီလိုပဲ အပူမရှာ တစ်ကိုယ်တည်းနေ ကြတဲ့ ဘဝမှာလဲ အဆိုး အကောင်း ဒွန်တွဲလျက်ရှိ
နေမှာပါ ။
ကျနော်သိတာကတော့ လူရယ်လို့ဖြစ်လာကြရင် လူ့တာဝန်ကိုထမ်းဆောင်ရမယ်
ဆိုတာပါ ။
small cat
October 24, 2011 at 6:11 am
“”အိမ်ထောင်သည် ဘဝဆိုသည်မှာ မရှိလည်းမကောင်း ၊ ရှိလည်းမကောင်း ပါ ။””
မရှိလည်းကောင်း ရှိလည်းကောင်းလုို့ လုပ်စမ်းပါဗျာ။
ကောင်းတာလေးတွေ အများကြီးရှိလို့ အရှိများနေတာပါ။ ဟုတ်တယ်ဟုတ်?
(အရှိများတယ်ဆိုတာ တကိုယ်တည်းတွေနည်းပြီး နှစ်ကိုယ်ကြီးတွေကများတာပါ၊
0.1 Vs 99.9 ပါ)
thit min
October 23, 2011 at 7:15 am
ခေါင်းစဉ်နဲ့တင် သစ်မင်းပြုံးစိစိဖြစ်သွားရကြောင်းဝန်ခံပါတယ်။
ပြီးတော့ဘာကိုရေးတော့မည်ဖြစ်ကြောင်း ခန့်မှန်းလို့ရသွားသောခေါင်းစဉ်ပါဘဲ။
စိတ် စိတ် စိတ် ပါကွယ် ဆိုတဲ့သီချင်းလေးဆိုလိုက်ချင်ပါတယ်။
ရိုးရိုးလေးတွေးရအောင်နော်။
သူအဆင်ပြေမယ်ထင်တာ( Hopefully ) သူရွေးသွားတာပေါ့ဗျာ။
weiwei
October 23, 2011 at 8:27 am
ဖတ်ချင်အောင် ခေါင်းစဉ်နဲ့ ဆွဲဆောင်ထားရတာပေါ့ ကိုသစ်မင်းရယ် … 😛
စိုးမြတ်သူဇာရဲ့ ဖီလင် 35 ကို အားကျလို့ … 🙂
ရေးတင်လိုက်တော့ စိတ်ထဲပေါ့သွားပြီး ထပ်မတွေးတော့ပါဘူး …
blackchaw
October 23, 2011 at 9:49 am
ဒီအရွယ်က အိမ်ထောင်ကျဘို့ ခဲယဉ်းသွားတဲ့ အရွယ်မျိုးပါ။
ရှေ့နောက်ဆင်ခြင် စဉ်းစားတတ်တဲ့ အသိဉာဏ်ကလည်း အပြည့်စုံဆုံး ဖြစ်နေတော့
တော်ရုံ တန်ရုံနဲ့တော့ အိမ်ထောင်ပြုလေ့မရှိကြပါဘူး။
မဝေဝေ သူငယ်ချင်းရဲ့ ရွေးခြယ်မှု မှန်ကန်မှာပါ။
အိမ်ထောင်ရေးကံ ဆိုတာမျိုးကလည်း ပြောရခက်သားဗျ။
အမြင်ကတော့ အမျိုးမျိုး ကွဲကြတာပဲလေ။
သူများနဲ့ မတူတာ မှားယွင်းမှုတော့ မဟုတ်ဘူးထင်ပါတယ်ဗျာ။
ကြောင်ကြီး
October 23, 2011 at 11:50 am
ကြောင်ကြီးအသက်
ဆယ်ကျော်လတ်
ရီးစားအလွန်မက်..
ဆယ့်ရှစ်နားနီး
တဟီးဟီး
ချစ်စိတ်တက်ခါညီး..
နှစ်ဆယ်အလွန်
ချစ်စိတ်မွှန်
တဏှပေမကျွန်..
ယနေ့အရွယ်
Mid နှစ်ဆယ်
နုငယ်တက်ကြွတယ်..
Never မအို
မောင်ကြောင်ဗိုလ်
အာယုဆေးစွမ်းပျို..
သူများတွေများ
လေးဆယ်နား
သင်္ခါရတရား…။ 😀
ဆူး
October 23, 2011 at 12:04 pm
၄ဝ မှ စ
တူညား ဘွ
၄ဝ ကျော် မှ ချစ် 😉
သားမြေး ဆက်မဖြစ် (ဆူး ရဲ့ အတွေးသက်သက် အပျိုကြီး မမ အတွက်)
ဆား မပါတဲ့ ဟင်းကလေး
အချစ်မပါ အိမ်ထောင်ရေး 😳
တပြည်ရပ်ခြား တိုင်းတပါး
ယခုချိန်မှသွား
အသက်ကြီးလေ အိမ်လွမ်းလေ
လူကြီးစရိုက်ပေ
တပြည်ခြားမှ အိမ်သတိရ
ထိုင်မရ ထမရ သူ့ဘဝ
😥
ဆူး ရဲ့ ကဗျာလေး
သူ့အားပေး
ပြန်မပြောနဲ့လေး။ 😡
weiwei
October 23, 2011 at 12:09 pm
ဆူးရဲ့ ရင်တွင်းဖြစ်ကို ဟစ်ပေါ့ သီချင်းလို သံစဉ်ထည့်ပြီး ဖတ်မိသွားတယ် … 😛
မဆိုးဘူး … ရီရတယ် … 😆
windtalker
October 23, 2011 at 12:46 pm
မဝေ သူငယ်ချင်း အတွက်
ချီးယားစ် လုပ်လိုက်ရအောင်
ခွပ်..( ဖန်ခွက်တိုက်ရာမှ မြည်သံ )
MaMa
October 23, 2011 at 5:02 pm
မဝေရေ- ဘယ်အသက်အရွယ်မှာပဲ ဖြစ်ဖြစ် အိမ်ထောင်ပြုတာ ထီထိုးသလိုပါပဲတဲ့။ တချို့လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျပြီး အဆင်ပြေနေကြသလို တချို့ကျတော့လည်း ရွေးရင်းရွေးရင်းနဲ့ နောက်ဆုံး ဗူးသီးပုပ်နဲ့ တွေ့ပြီး ဒုက္ခရောက်ရတာတွေလည်း တွေ့နေရတာပဲ။ ဝေဝေ့စာကို ဖတ်ပြီး သူငယ်ချင်းနှစ်ယောက်အကြောင်း ပိုစ့်တင်ချင်စိတ်တောင် ပေါက်လာပြီ။
ကိုပေါက်(မန္တလေး)
October 23, 2011 at 5:06 pm
တကယ်တော့ အိမ်ထောင်ပြုတယ်ဆိုတာက တော့ မတူညီတဲ့လူသားနှစ်ယောက်ရဲ့ ဘဝနှစ်ခုကို
ပေါင်းပြီ နောက်ထပ်ဘဝအသစ်တစ်ခုတည်ဆောက်ကြတာပါ။
အဲတော့ အိမ်ထောင်ကျတာ ထောင်ကျသွားတာ ဘာညာကိကွတွေပြောကြတာက
အဆင်မပြေတဲ့ဘဝကို ထူထောင်မိသူတွေရဲ့အတွေးပေါ့။
အဆင်ပြေနေသူများအတွက်က တော့လောကကြီးဟာ နေပျော်လို့ သတ်မှတ်ကြတာပေါ့။
လေးဆယ်ကျော်မှ အိမ်ထောင်ပြုတယ်ဆိုရင် (ဆင်ခြင်တုံတရား+ အားကိုးရှာခြင်း) က အဓိကပေါ့။
သုံးဆယ်ပါတ်ဝန်းကျင်မှာ အိမ်ထောင်ကျတယ်ဆိုရင်(တပ်မက်စိတ်+အဖော်ရှာခြင်း)က အားသာသလို
20အောက်မှာအိမ်ထောင်ကျရင်တော့ (ချစ်ခြင်းအားဖြင့်) သက်သက်ဘဲဖြစ်ပါလိမ့်မယ်။
hmee
October 23, 2011 at 5:25 pm
မဝေရေ အပျိုကြီး၊ လူပျိုကြီးဆိုတာ ရေအိုးအောက်က ကရွတ်ခွေလိုပဲ အေးတော့ အေးတယ် ဆွေးတယ်တဲ့။ ဘယ်အရွယ်မှာပဲ အိမ်ထောင်ပြုပြု တကယ်တော့ ကိုယ့်အပေါ် ညှာတာထောက်ထားတဲ့သူ ဖြစ်ဖို့ အဓိကပါပဲ။
ဆူး
October 23, 2011 at 5:56 pm
ကရွတ်ခွေဥပမာ ကိုတော့ မကြိုက်လှဘူး။ ကရွတ်ခွေက အေးတော့ အေးတယ် ဆွေးတယ် အပြင် ဝန်ပိတာလည်း ပါတယ်နော်။ ဝန်ပိတာကိုတော့ စိတ်ပျက်တယ်။ တခြားဥပမာလေး ပြောင်းပေး ဟိဟိ
padonmar
October 23, 2011 at 6:50 pm
ကလေးအထူးကုဆရာတစ်ယောက်ကပြောဘူးတယ်၊ မင်းတို့အိမ်ထောင်ပြုမယ်ဆိုရင် မိဘဘဝကို နားလည်အောင်ခံစားကြည့်မယ်ဆိုတဲ့ စိတ်နဲ့ အိမ်ထောင်ပြုပါတဲ့။
မိန်းကလေးတွေအတွက် သားသမီး ရနိုင်သေးရင်တော့ အိမ်ထောင်ဆိုတဲ့ထီထိုးချင်ထိုးကြည့်သင့်ပေမယ့် အသက်၄ဝကတော့(Mongo လေးတွေ မွေးလာဖို့ chance တော်တော်များနေပြီဆိုတော့) ကိုယ့်အားကိုယ်ကိုးတာ ပိုကောင်းမယ်လို့မြင်ပါတယ်။
(မဝေကို အားဖြည့်ပေးလိုက်တာပါ) 😀
ယောကျင်္ားလေးတွေကိုတော့ မဝေဖန်လိုပါ။:P
weiwei
October 23, 2011 at 9:14 pm
မပဒုမ္မာမန်းတာကိုတော့ အပြည့်အဝထောက်ခံတယ် … မိခင်ဘဝကို လိုချင်လို့ဆိုပေမယ့် တကယ်တမ်းကျတော့ မသေချာဘူးနော် …
ကိုသစ်မင်းပြောသလိုပေါ့ hopefully ပဲ …
အခုအချိန်မှာတော့ ဆုတောင်းပေးရုံကလွဲလို့ မတတ်နိုင်တော့ဘူး …
kai
October 24, 2011 at 12:36 pm
အဲဒါကို သေသေချာချာ ကုတ်ပေးလိုက်တာပါ…။
ယူအက်စ်မှာ.. ကိုယ်ဝန်ဆောင်ထားရင်.. အထဲကကလေး..မွန်ဂိုမဖြစ်အောင်…အသည်းအသန်ဆေးစစ်ကြတာပဲ..
ဒီကြားထဲတောင်.. ဆာရာပေလင်( အိုဘားမားနဲ့ယှဉ်ပြိုင်တဲ့.. ဒုုသမ္မတလောင်) ကလေး.. အသက်ကြီးမှမွေးတော့.. ဒေါင်းDown syndromeလေး ဖြစ်နေတာ တွေ့ကြရမှာပေါ့..။
အသက်ကြီးမှ ကလေးယူမယ်ဆိုရင်.. ၂ခါပြန်..၃ခါပြန်စဉ်းစားရမဲ့ အချက်ပါပဲ..။
naywoonni
October 23, 2011 at 8:27 pm
အသက်လေးဆယ်ကျော်မှ ဘဝစတယ်ဆိုပေမဲ့ ကျွန်တော်ကြားဖူးတာကတော့ မြန်မာပြည်မှာပေါ့လေ….. မိန်းကလေးတစ်ယောက်အတွက် 18နှစ်ကနေ 24 နှစ်ကြားမှာ ပြုတာပဲ အစစ အရာရာကောင်းတယ်လို့ ကျန်းမာရေး ဝန်ထမ်းတွေက ပြောတာကြားဖူးတာပဲ…။ ဘာလို့လဲ ဆို အဒေါ်တစ်ယောက်က ကျန်းမာရေး ဝန်ထမ်းမို့ပါ….။ ခုတော့ ဆေးပညာတွေ တိုးတက်လာလို့ မပြောတတ်ဘူးနော်……..။
weiwei
October 23, 2011 at 9:18 pm
ကျွန်မမိတ်ဆွေအမျိုးသမီးတစ်ယောက် အသက် ၄၅ နှစ်မှာမှ သမီးဦးလေးမွေးတာ မချိမဆံ့ခံလိုက်ရတယ် … အခု လသားလေးနဲ့ ဘာမှခံနိုင်ရည်မရှိဖြစ်နေတော့ မြင်ရတာ စိတ်ပျက်စရာပဲ ..
ဆူး
October 24, 2011 at 10:09 am
ခက်တော့ ခက်သား.. အသက်ကြီးမှ အိမ်ထောင်ကျပြန်တော့ သားသမီး ကိစ္စက မရပြန်တော့လည်း မျှော်လင့်ကြမယ်။ ရလာပြန်တော့လည်း ဝမ်းသာ အားရ ကြိုဆိုပြီး တကယ်တမ်း လူ့ဘဝ ရောက်အောင် မွေးမြူဖို့က အမေ လုပ်သူကလည်း ခက်ခဲတဲ့ အဆင့်တွေ အများကြီး ကျော်ဖြတ်ရမယ်။ အသက်ကြီးမှ မွေးတဲ့ လူတွေရဲ့ ကလေးတွေက ဉာဏ်ရည် ပိုင်းဆိုင်ရာ နည်းနည်း အားနည်းတယ် ဆိုလား ကြားဖူးတယ်။ ကြားဖူးတဲ့ စကားတခုရှိတယ်။ အသီးဆိုတာ မှည့်တဲ့ အချိန်စားပါတဲ့ မမှည့်ခင် စားရင် အရသာ ပေါ့တယ် တခါတရံ အစီးမကုန်လို့ ပါးစပ်တောင် လောင်နိုင်တယ်တဲ့ အမှည့်လွန်ပြန်တော့လည်း စားရတာ မကောင်းပြန်ဘူး ဗိုက်တွေ ဘာတွေ နာကုန်တာမျိုး ဖြစ်တယ်တဲ့.. အနေတော် အချိန်မှာ စားတာ အကောင်းဆုံးပါတဲ့။
နွယ်ပင်
October 24, 2011 at 12:45 pm
မဝေ သူငယ်ချင်းက အဆင်ပြေမှာပါ
ဒီအသက်အရွယ်ရောက်နေပြီပဲ သူမချစ်ဘူးဆိုပင်မဲ့
သင့်တော်တယ်ထင်လို့ ဦးနှောက်နဲ့ စဉ်းစားပြီးရွေးတာဆိုတော့
နောင်ဖြစ်လာမယ့် ပြသာနာတွေကိုပါ ကြိုတင်ပြီး စဉ်းစားထားမှာပါ ..
မိုက်ကယ်ဂျော်နီအောင်ပု
October 24, 2011 at 12:51 pm
အပျိုဂျီးမလုပ်ဂျဘာနဲ့ကွယ်
နှမြောဇရာဂျီး
MaMa
October 25, 2011 at 7:39 pm
ကယ်တင်ရှင်လုပ်ချင်နေပုံပေါက်တယ် ဝေဝေရေ့ 😉
nozomi
October 25, 2011 at 7:33 pm
မဝေ သဘောထားက ၄ဝ ပတ်လည်မှာ အိမ်ထောင် မပြုသင့်တော့ဘူး နောက်ကျနေပြီ ဆိုတဲ့ အတွေးတွေ များနေသလိုပဲ
၄ဝ ဆိုတာ သိပ်တော့ မကြီးသေးပါဘူး၊ ကိုယ့်ကို နားလည်မဲ့သူ ကိုယ်က နားလည် ပေးနိုင်မဲ့သူကိုတွေ့ရင် မဝေ ကြီး မြန်မြန် ခေါင်းငြိမ့်လိုက်နော
mozillamedia
October 26, 2011 at 10:33 pm
တစ်ခါကပေါ့……
အိမ်နီးချင်း အမျိုးသမီး နှစ်ယောက် ဟာ အပြိုင်အဆိုင် ရှိသလို အပျိုကြီးတွေ ဖြစ်လာခဲ့ပါတယ်….
တစ်နေ့တော့ တစ်ယောက်သော အမျိုးသမီး က အိမ်ထောင်ကျ သွားပါသတဲ့….
တစ်ခါ….. အကြောင်းတစ်ခုကြောင့် သူတို့နှစ်ယောက် ရန်ဖြစ် ကျတဲ့အခါ….
အပြိုင်အဆိုင် ပြောကြ ဆိုကြရင်း အိမ်ထောင်ကျ ပြီးတဲ့အမျိုးသမီးက ဆိုသတဲ့…..
“တို့က လင်နဲ့ ယောက်ျားနဲ့ဟဲ့” လို့ စကားနိုင်လုပါတယ်……
ဒီတော့ တစ်ဘက်ကလည်း အားကျ မခံ ပြန်ပြောလိုက်တာကတော့….
“တို့မှာလည်း လင်မရှိပေမယ် …. မကြာမကြာတော့ မပြတ်ပါဘူးဟေ့”
လင်းဝေကျော်
October 27, 2011 at 5:19 pm
တို့ကတော့ သိနေတယ်နော်… မဝေ မှာ ဘာအခြား ဖီလင်ရှိနေတယ် ဆိုတာကို….
တကယ်ပါပဲ…. ချိဖ် နဲ့ ချိဖ် တို့ ရဲ့ မချိတဲ့…