Guilin ခရီးစဉ် (၁)

weiweiOctober 23, 20112min23623

ခရီးသွားဆောင်းပါးရှည်ရေးရတာ အချိန်ကုန် လူပင်ပန်းဖြစ်ရလို့ သွားခဲ့သမျှအားလုံး မရေးဖြစ်ခဲ့ပါဘူး။ အခုတလော ရွာထဲမှာ ခရီးသွားပို့စ်တွေဖတ်ပြီးတော့ အားကျလာတာနဲ့ ကွေ့လင်ခရီးစဉ်ကို မှတ်တမ်းကျန်ခဲ့အောင် ရေးချင်စိတ်ပေါက်လာပါတယ်။

တရုတ်ပြည်က တက္ကသိုလ်နဲ့ အထက်တန်းကျောင်းတွေမှာ တစ်နှစ်ကို နှစ်ကြိမ် ကျောင်းပိတ်ရက်ရှည်ပေးလေ့ရှိပါတယ်။ ဆောင်းရာသီပိတ်ရက်အနေနဲ့ တရုတ်နှစ်သစ်ကူးရက်ရဲ့ အရှေ့ကို တစ်ပတ်နဲ့ အနောက်ကို သုံးပတ် စုစုပေါင်း လေးပတ်ပိတ်ပါတယ်။ နွေရာသီပိတ်ရက်အနေနဲ့ အရမ်းပူတဲ့ ဇူလိုင်လလယ်မှ စက်တင်ဘာလလယ်အထိ ၂ လ ပိတ်လေ့ရှိပါတယ်။ တရုတ်လူမျိုးတွေက ဆောင်းရာသီပိတ်ရက်မှာ တရုတ်ပြည်တောင်ပိုင်း သိပ်မအေးတဲ့နေရာဒေသတွေကို ခရီးထွက်လေ့ရှိကြပြီး နွေရာသီပိတ်ရက်မှာ တရုတ်ပြည်မြောက်ပိုင်း အအေးပိုင်းဒေသတွေကို ခရီးထွက်ကြပါတယ်။ ကျွန်မက တရုတ်ပြည်မြောက်ပိုင်းမှာနေခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် ဆောင်းရာသီပိတ်ရက်မှာ တရုတ်ပြည်တောင်ပိုင်း ကွမ်ရှီးပြည်နယ်က ကွေ့လင်မြို့ကို သွားရောက်လည်ပတ်ဖို့ စီစဉ်ခဲ့ပါတယ်။

တစ်ယောက်ထဲသွားရဲပေမယ့် တစ်ယောက်ထဲသွားရင် အလွန်ပျင်းစရာကောင်းတယ်။ ကျွန်မပုံစံက တောသူတရုတ်မတစ်ယောက်နဲ့တူနေတော့ ခရီးသွားရတာ သိပ်အဆင်မပြေလှဘူး။ မသိလို့မေးရင် ဖြေချင်သလိုလို မဖြေချင်သလိုလိုနဲ့ တောသူမတစ်ယောက်ကို ဆက်ဆံသလို ဆက်ဆံခံရတာ ခံရခက်လှပါတယ်။ တည်းခိုခန်းတည်းရင်လည်း တစ်ယောက်ထဲလဲ နှစ်ယောက်စာပေးရတယ်ဆိုတော့ သူငယ်ချင်းတစ်ယောက်ကို အဖော်စပ်ရပါတယ်။ သူငယ်ချင်းက တရုတ်ပြည်အလယ်ပိုင်း ဟူးပေပြည်နယ် ဝူဟန့်မြို့မှာနေပါတယ်။ သူ့ဆီကို အရင်သွားပြီးမှ သူနဲ့အတူ ကွေ့လင်ကိုသွားလည်ဖို့ စီစဉ်ခဲ့ကြပါတယ်။

ထည်ထည်ဝါဝါ ဝူဟန့်ဘူတာ
ဘူတာထဲဝင်လိုက်ပြီး မြင်ကွင်း (ခေတ်မှီတိုးတက်လိုက်ပုံများ)
စင်္ကြန်းလမ်းများနှင့် ရထားများ
စင်္ကြန်လမ်းသို့ အဆင်းလှေကားများ
ဒါလဲပဲ အဆင်းလှေကားတွေ (ဘယ် ညာ နှစ်ဖက်လုံးမှာ လှေကားတွေနဲ့)
ရထားချိန်စောင့်ရင်း နားနေကြတဲ့နေရာတွေ

ဝူဟန့်ကနေ ကွေ့လင်ကို မီးရထား (သို့မဟုတ်) လေယာဉ်ခရီးစဉ်ကို အသုံးများပါတယ်။ ခရီးသွားမြို့တော်ဖြစ်တဲ့ ကွေ့လင်မြို့ကို အသွားအလာအလွန်များတဲ့အတွက် ပိတ်ရက်ရှည်တွေမှာ လေယာဉ်လျော့ဈေးမရပါဘူး။ မီးရထားလက်မှတ်ဝယ်ချင်ရင်လည်း ၁ဝ ရက်ကြိုတင်ဝယ်ထားမှသာ စိတ်ချရပါတယ်။ အချိန်ကုန်သက်သာဖို့အတွက် ညနေထွက်ပြီး မနက်မိုးလင်းကွေ့လင်ကိုရောက်မယ့်ရထားကို ရွေးချယ်ခဲ့ပါတယ်။ ရထားပေါ်မှာ ၁၄ နာရီကြာမှာမို့ အိပ်စင်ပါတဲ့ ရထားလက်မှတ် ဝယ်လိုက်ပါတယ်။ အိပ်စင်တွေက သုံးထပ် သုံးဆင့်တွေမို့လို့ ကျွန်မတို့နှစ်ယောက်က အောက်ဆုံးနဲ့အလယ်နေရာကို ရွေးဝယ်လိုက်ပါတယ်။
ရထားက နေ့လည် ၃ နာရီမှာထွက်ပြီး ကွေ့လင်ကို နောက်တစ်နေ့မနက် ၅ နာရီမှာရောက်မှာဖြစ်လို့ နေ့လည်စာစားပြီးချိန် အိမ်က စထွက်ခဲ့ပါတယ်။ ရထားဘူတာကို ရထားမထွက်ခင် တစ်နာရီလောက် ကြိုရောက်မှ အဆင်ပြေပါတယ်။ ဘူတာကိုရောက်တဲ့ ဘက်စ်ကာတွေပေါတာနဲ့ ချွေတာရေးလုပ်ပြီး လိုင်းကားနဲ့သွားခဲ့ကြပါတယ်။ တစ်ယောက်ကို ၂ ယွမ်ပဲပေးရပြီး နာရီဝက်ခန့် ကားစီးခဲ့ရပါတယ်။ ကားမှတ်တိုင်ကနေ ဘူတာထဲအထိ တော်တော်ဝေးဝေးလျှောက်ရပါတယ်။ ဘူတာထဲအဝင်မှာ အိတ်တွေအစစ်ခံရတယ်။ လက်မှတ်ပြပြီးမှဝင်လို့ရပါတယ်။ လိုက်ပို့ပေးမယ့်အဖော်ပါ အထဲကိုဝင်ချင်ရင် စင်္ကြံလက်မှတ် တစ်စောင်ကို တစ်ယွမ်နဲ့ ဝယ်ရပါတယ်။ ရထားနံမည်၊ ထွက်မဲ့အချိန်နဲ့ စောင့်ရမယ့်ဂိတ်တွေကို ကြေညာထားတာမို့ အလွယ်တကူဖတ်ပြီး ဘယ်ဂိတ်ကနေ စောင့်ရမယ်ဆိုတာကို သိနိုင်ပါတယ်။ ရထားထွက်ချိန်မတိုင်မီ နာရီဝက်စောပြီး ရထားပေါ်တက်ဖို့ ဂိတ်ဖွင့်ပေးပါတယ်။ လက်မှတ်စစ်နဲ့ လက်မှတ်တစ်ခါစစ်ပါတယ်။ စင်္ကြံလမ်းအတိုင်းဆင်းပြီး ရထားတွဲပေါ်အတက်မှာ လက်မှတ်တစ်ခါ ထပ်စစ်ပါတယ်။ ရထားတွဲတစ်တွဲမှာ အိပ်စင် ၂၂ ခု နဲ့ တစ်စင်မှာ ကုတင် ၃ ထပ် ပါတာမို့လို့ စုစုပေါင်း ၆၆ ယောက် စီးနိုင်ပါတယ်။ ရထားတစ်တွဲအတွက် အိမ်သာတစ်ခု၊ ဘေဇင် ၃ ခု၊ ရေနွေးအပူအမြဲရတဲ့ စတီးအိုးကြီးတစ်ခု (ခေါက်ဆွဲဗူး၊ ကော်ဖီ၊ လက်ဖက်ရည်အတွက်)၊ သန့်ရှင်းရေးဝန်ထမ်း ၂ ဦးနဲ့ တွဲစောင့် ၂ ဦးပါပါတယ်။ အမျိုးသမီးဝန်ထမ်းများများတွေ့ရပါတယ်။

ရထားတွဲအတွင်းမြင်ကွင်း (အိပ်ယာသုံးဆင့်နဲ့ အိပ်စင်)

ကျွန်မက သွားနေကျမို့ ဘာမှအခက်အခဲမရှိပေမယ့် ကျွန်မသူငယ်ချင်းက ပထမဆုံးအကြိမ် ရထားစီးတာမို့လို့ သူ့ကို တွေ့သမျှရှင်းပြရပါတယ်။ အလွန်များပြားလှတဲ့ တရုတ်တွေကြားထဲ တိုးဝှေ့ရင်းနဲ့ ကျွန်မတို့စီးရမယ့် တွဲနဲ့ အိပ်စင်ရှိရာကို ရောက်သွားပါတယ်။ အဲဒီမှာ စတွေ့တော့တာပဲ …. တရုတ်မကြီး (အသက် ၆ဝ ကျော်လောက်) ကျွန်မဝယ်ထားတဲ့အိပ်စင်အောက်မှာ သူ့ပစည်းတွေ နေရာဦးထားပါတယ်။ လူကလဲ အိပ်ယာပေါ်မှာ ခပ်တည်တည်နဲ့ထိုင်နေတယ်။ ကျွန်မစိတ်ထဲသိလိုက်ပါပြီ … သူဝယ်ထားတာ အပေါ်ဆုံးထပ်ပဲဖြစ်ရမယ်လို့။ သူက ကျွန်မတို့နှစ်ယောက်ကိုမြင်တော့ မျက်နှာချိုသွေးပါတယ်။ သူကအသက်ကြီးလို့ အပေါ်ဆုံးထပ်ကို မတက်နိုင်လို့ အောက်ဆုံးအိပ်စင်နဲ့လဲပါတဲ့။ အဲဒီအချိန်မှာ ကျွန်မအလွန်စိတ်ညစ်သွားပါတယ်။ ခံခဲ့ရပေါင်းများနေပြီ။ အရင်အခေါက်တွေတုန်းကလဲ ရထားစီးတိုင်းဖြစ်ခဲ့တာ တစ်ယောက်ထဲမို့လို့ မငြင်းနိုင်ခဲ့ဘူး။ အခုတော့အဖော်ပါပြီဆိုတော့ နဲနဲပညာပြဖို့ စိတ်ကူးလိုက်ပါတယ်။ ကျွန်မသူငယ်ချင်းကို ဗမာလိုလှမ်းပြောလိုက်ပြီး ငါတို့ တရုတ်စကားနားမလည်ချင်ယောင်ဆောင်ရအောင်လို့။ ဘာဖြစ်လို့ ကျွန်မအဲဒီလို ပုတ်တဲ့စိတ် မွေးလိုက်တာလဲဆိုတော့ အိပ်စင်ဝယ်ရင် အောက်ဆုံးက ဈေးအကြီးဆုံးဖြစ်ပါတယ်။ အဆင်ပြေပြေထိုင်လိုက်ချင်လို့ ဈေးကြီးတာကိုပေးဝယ်ခဲ့ပြီးမှ အပေါ်ဆုံးနဲ့လဲပေးရတာ အောင့်သက်သက်ဖြစ်ရပါတယ်။ နောက်တစ်ချက်က တခြားလူငယ်လူရွယ် တရုတ်ကောင်လေး ကောင်မလေးတွေ အများကြီးရှိပါလျက်နဲ့ သူတို့တွေက မကြားချင်ယောင် မမြင်ချင်ယောင်ဆောင်ပြီး ဘယ်တော့မှ နေရာလဲပေးလေ့မရှိတာကို ကိုယ်တွေ့မြင်ခဲ့ရပေါင်းများနေပြီ။ အခုလဲ မျက်နှာချင်းဆိုင် အောက်ဆုံးကုတင်က တရုတ်ကောင်လေးက မကြားချင်ယောင်ဆောင်ဖို့အတွက် MP3 ကို နားထဲထည့်ထားပါတယ်။ မျက်နှာကို စာအုပ်တစ်အုပ်နဲ့အပ်ထားတယ်။ အချိန်ကလဲ နေ့လည် ၃ နာရီပဲ ရှိသေးတာဆိုတော့ ကျွန်မတို့နှစ်ယောက်လဲ ဗမာလိုပဲ ခပ်တည်တည်အတင်းပြောနေလိုက်ပါတယ်။ ကျွန်မတို့စကားသံကဆန်းနေတော့ လာစပ်စုကြတယ်။ ဒါပေမယ့် နားမလည်ဘူးဆိုတဲ့ တရုတ်စကားတစ်ခွန်းပဲပြောပြီး သူတို့မေးတာကို တစ်ခုမှ မဖြေပဲ ခပ်တည်တည်နဲ့ သူတို့တွေကို လေ့လာရင်း နေကြာစေ့စားရင်း အတင်းပြောပြီး ရထားစီးရင်း လိုက်ပါလာခဲ့ပါတယ်။ တရုတ်မအဖွားကြီးက ကျွန်မတို့ ကုတင်မှာထိုင်ရင်းနဲ့ ကျွန်မတို့ကို အကဲခတ်ရင်း သူလဲအကြံအိုက်နေပုံပေါ်ပါတယ်။

ရထားစီးတဲ့ခရီးသည်အများစုက ခေါက်ဆွဲခြောက်ဗူးတွေကို ရေနွေးဖျောပြီး ညနေစာစားကြပါတယ်။ ခေါက်ဆွဲခြောက်တစ်ဗူးကို ၄ ယွမ်ပဲရှိပြီး သယ်ရစားရလွယ်ကူပါတယ်။ ကျွန်မတို့နှစ်ယောက်ကတော့ ခေါက်ဆွဲခြောက်မကြိုက်သူတွေဆိုတော့ အိမ်ကနေ ညနေစာအတွက် ထမင်းနဲ့ ကြက်သားကြော်ထည့်ယူလာတာကို ထုတ်စားကြတယ်။ တွန်းလှည်းလေးနဲ့ ထမင်းဗူးရောင်းပေမယ့် ဈေးကြီးလို့ ဝယ်စားတဲ့သူ တော်တော်နဲပါတယ်။ အဘွားကြီးကတော့ မန်ထိုလို့ခေါ်တဲ့ အသားမပါတဲ့ပေါက်စီနဲ့ ကြက်ဥပြုတ်ကို ထုတ်စားပါတယ်။

ကျွန်မက သွားလေရာကို laptop သယ်သွားလေ့ရှိပါတယ်။ တစ်နိုင်ငံလုံးသုံးနိုင်တဲ့ အင်တာနက်လိုင်းဝယ်ထားတာမို့လို့ ဘယ်နေရာကနေပဲဖြစ်ဖြစ် သုံးလို့ရတာကလဲ အလွန်စိတ်ချမ်းသာစရာကောင်းပါတယ်။ ရထားပေါ်မှာ ကွန်ပျူတာဖွင့်ပြီး အွန်လိုင်းကနေ သူငယ်ချင်းတွေကို လှမ်းချတ်ရတာ အရသာရှိတယ်။ ရထားသွားရင်းနဲ့တောင် အချိန်နဲ့တပြေးညီဆက်သွယ်နိုင်တာအရမ်းကောင်း ပါတယ်။ (အခုတော့ မြန်မာပြည်မှာလဲ နေရာတော်တော်များများ အင်တာနက်သုံးရတာ အဆင်ပြေနေပါပြီ။) တရုတ်မအဖွားကြီးအကြောင်းပြောပြတော့ စိတ်ကောင်းရှိတဲ့ သူငယ်ချင်းက နေရာလဲပေးလိုက်ဖို့လှမ်းပြောပါသေးတယ်။ ဒါပေမယ့် မိုးမချုပ်သေးဘူး။ ခဏတော့ ဒီအတိုင်းထားလိုက်အုန်းမယ်စိတ်ကူးပြီး ရုပ်ရှင်တစ်ကားဖွင့်ကြည့်နေလိုက်ပါတယ်။ အဖွားကြီးအခက်အခဲဖြစ်နေတယ်။ သူ့ကိုမြင်နေတဲ့ တရုတ်တွေ တရုတ်မတွေကလဲ မသိချင်ယောင်ဆောင်နေကြတယ်။ ည ၈ နာရီလောက်ကျတော့ အဖွားကြီးလဲ အိပ်ချင်ပြီနဲ့တူပါတယ်။ မတတ်နိုင်တဲ့အဆုံး အိပ်စင်အပေါ်ထပ်ကို သူပဲတက်အိပ်လိုက်မယ်လို့ စိတ်ကူးလိုက်ပြီး တက်ဖို့လုပ်ပါတယ်။ အဲဒီတော့မှ ကျွန်မက အဖွားကြီးကို လက်တို့ပြီး လက်ဟန်ခြေဟန်နဲ့ အောက်မှာပဲအိပ်ပါ။ ကျွန်မ အပေါ်တက်အိပ်လိုက်ပါ့မယ်လို့ ပြောလိုက်ပါတယ်။ အဖွားကြီး အရမ်းဝမ်းသာသွားတဲ့ပုံပဲ။ ကျွန်မတို့လဲ သိမ်းစရာရှိတာသိမ်းပြီး အိပ်ဖို့နေရာယူကြပါတယ်။

ကျွန်မတို့က လမ်းကဘူတာမှာ ဆင်းရမှာမို့လို့ ဝီရိယတော့ နဲနဲထားရပါတယ်။ ကွေ့လင်မြို့မှာ တောင်နဲ့မြောက် ရထားဘူတာ ၂ ခု ရှိပြီး ကျွန်မတို့က မြောက်ပိုင်းဘူတာမှာဆင်းရမှာဖြစ်ပါတယ်။ ညဘက်ခရီးသည်တွေ အိပ်ရေးပျက်မှာစိုးလို့ ရောက်မယ့်ဘူတာတွေကို စပီကာကနေ မကြေငြာတော့ပဲ တွဲစောင့်က မရောက်ခင် လာသတိပေးပါတယ်။ ရထားပေါ်စတက်ကထဲက ရထားလက်မှတ်ကို တွဲစောင့်ကိုပေးထားရပါတယ်။ သူတို့က ကတ်ပြားလေးတစ်ခုပြန်ပေးပြီး သိမ်းထားခိုင်းပါတယ်။ ဆင်းခါနီးဘူတာရောက်မှ လက်မှတ်အစစ်နဲ့ ကတ်လက်မှတ်ကို ပြန်လာလဲပေးပါတယ်။ သူတို့စနစ်က ဘူတာကျော်သွားတာမျိုး မဖြစ်စေလို့ စိတ်ချလက်ချ အိပ်လို့ရပါတယ်။

ည ၉ နာရီကျော်တာနဲ့ ညအိပ်မီးပဲထားပြီး ကျန်တာအားလုံးပိတ်ပါတယ်။ တစ်နေကုန် စားသောက်ဆူညံနေတဲ့ ခရီးသည်တွေ တခေါခေါနဲ့ ဟောက်သံထွက်ပြီး အိပ်မောကျနေကြတာ ကိုယ့်အိမ်မှာကိုယ် အေးအေးဆေးဆေး အိပ်နေကြသလိုပါပဲ။ တချို့တွေများ ညအိပ်အကျီဘောင်းဘီတွေတောင်လဲပြီး အိပ်ကြပါသေးတယ်။ ရထားဝန်ထမ်းတွေပေးတဲ့ ဝန်ဆောင်မှုက ဟိုတယ်အဆင့်ရှိပါတယ်။ ၁၅ မိနစ်တစ်ခါလောက် အမှိုက်လာသိမ်းတယ်။ ရေနွေးဓါတ်ဗူးလာဖြည့်ပေးတယ်။ အိပ်ပျော်နေတုန်း ဖိနပ်တွေ လာစီပေးတယ်။ ကျွန်မတို့လဲ ပင်ပန်းလာခဲ့လို့ အိပ်ပျော်သွားပါတယ်။ မနက် ၄ နာရီလောက်ကျမှ တွဲစောင့်ကလာနှိုးပြီး ရောက်ခါနီးပြီမို့ အသင့်ပြင်ထားပါလို့ သတိပေးလိုက်တော့မှ ကမန်းကတန်းထ မျက်နှာသစ်၊ ပစည်းတွေသိမ်းပြီး အဆင်သင့်ထိုင်စောင့်နေလိုက်ပါတယ်။

ရထားပေါ်ကဆင်းတော့ မနက် ၅ နာရီပဲ ရှိပါသေးတယ်။ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မဲနေတုန်းပါပဲ။ ကြိုတင်ဆက်သွယ်ထားတဲ့ ခရီးသွားလမ်းညွှန်တစ်ယောက်က ကျွန်မနံမည်ကို စာရွက်ပေါ်မှာရေးထားပြီး လာကြိုပါတယ်။ ခရီးစဉ်က သူတို့အစီအစဉ်နဲ့သွားရမှာဆိုတော့ စိတ်ပူစရာမလိုပဲ သက်တောင့်သက်သာ ရှိမယ့်ခရီးစဉ်တစ်ခုဖြစ်မယ်လို့ မျှော်လင့်ရင်း ….

အပိုင်း ၂ မှာ ဓါတ်ပုံများနဲ့ ဝေဝေဆာဆာ ဖော်ပြပေးမှာမို့ စောင့်မျှော်အားပေးပါအုန်း ….

23 comments

  • blackchaw

    October 23, 2011 at 10:28 am

    အရင်ဆုံး ဝင် ကြည့်ပြီး မန်းသွားပါတယ်။
    စာတွေကိုတော့ အချိန်မရလို့ ပြီးမှ အသေးစိတ်ဖတ်ပါမယ်။
    T Shirt နဲ့ Blue Jean လေးက weiwei ဆိုရင်တော့
    မော်ဒယ် လုပ်လို့ရတယ်ဗျို့။ ဟားဟား။ နောက်တာပါဗျာ။

    • weiwei

      October 23, 2011 at 11:24 am

      နှာစေးနေအုန်းမှ … 😛

  • ဆူး

    October 23, 2011 at 11:40 am

    တလုပ်တောတူက ချကတ်တိုတိုလေးနဲ့နော်.. တလုပ်မြို့တူဆို ဘယ်လိုများ ဝတ်သလဲလို့
    ဝ တိချင်လိုက်တာ.. နော်.. ဟွင်း… ဟွင်းးးး 😈 🙄

    • weiwei

      October 23, 2011 at 11:49 am

      လုကတော့ ဖွပြန်ပြီ …
      နှာစေးနေလို့ မဖြစ်တော့ပါဘူးလေ … တကယ်တော့ ရထားအတွင်းပိုင်းကိုပြချင်လို့ နွေတုန်းက တိဗက်သွားတုန်းက ပုံတွေထဲက ပြန်ရှာထည့်ထားတာ … သူငယ်ချင်းပုံပါ … 🙂

    • weiwei

      October 23, 2011 at 12:02 pm

      တရုတ်တောသူလို့ပြောရတာက အသားအရောင်ကြောင့် … တရုတ်မြို့သူတွေက အရမ်းအသားဖြူတယ် … အလုပ်ကြမ်းနဲ့ နေဒဏ်လေဒဏ်ခံရတဲ့ တောသူတွေသာ အသားညိုကြတာ … ညိုတယ်ဆိုပေမယ့် ဗမာတွေဖြူသလောက်ရှိပါတယ် …
      အဝတ်အစားဒီဇိုင်းမှာလဲ သိသိသာသာကွာပါတယ် … မဝေတို့က တောသူဒီဇိုင်းလောက်သာ ဝတ်နိုင်တာဆိုတော့ .. စကားသံကလဲ ခပ်ဝဲဝဲနဲ့ဆိုတော့ တောသူလို့ပဲ အထင်ခံနေရတယ် ..

  • koyinmaung

    October 23, 2011 at 11:43 am

    ခရီသွားဆောင်းပါးတွေဆိုစိတ်ဝင်စားပါတယ်
    တရုတ်ပြည်ဆိုပိုစိတ်ဝင်စားပါတယ်
    ကိုယ်တိုင်တရုတ်ပြည်ထဲမှာနေ နေလို့ပါ
    မျက်နှာမမြင်ရပေမဲ့ ဘလက်ချောပြောသလိုပါဘဲ…ဟဲဟဲ
    နောက်ရေးမဲ့ဆောင်းပါးပါ မျော်နေပါတယ်…..

  • ကြောင်ကြီး

    October 23, 2011 at 11:48 am

    စကတ်ဒ်တိုနဲ့
    အန်တီဝေ
    ရထားကြီးနဲ့
    ခရီးရှည်၊
    အခန်းဖော်
    တရုတ်လေး
    အစာကြွေး
    မျက်လုံး
    အားတိုးဆေး၊
    ဖွားဖွားတရုတ်
    အကြံထုတ်
    အိပ်ယာ
    လဲဖို့လုပ်၊
    ဝေမြန်ပြည်ဖွား
    ညဏ်ပိုသွား
    တရုတ်စကား
    သိဘူးသွား၊
    အဆုံးသတ်တော့
    ခံရသပေါ့
    ကုသိုလ်
    တဝက်လျော့၊
    ခန်း(၂)ဆက်ရန်
    စိတ်ထက်သန်
    တွေ့ပါရစေ
    ဟော့ရှော့ပင်န်၊
    ဆင်ဆာမပြ
    ကြင်ပါဗျ
    ဂေဇက်ရွာ
    အလှ…။ 😉

  • Foreign Resident

    October 23, 2011 at 12:26 pm

    သူငယ်ချင်းကောဟုတ်ရဲ့လား မဝေဝေ ရယ် ။ ကိုယ်တိုင်များလား ။
    မနေ့ကပဲ forty ခံစားချက် ဆိုလား ဖတ်ရသေး ။
    ငယ်တုန်း သွယ်တုန်း ပါလား ။ အားကျထာ ။

  • weiwei

    October 23, 2011 at 12:35 pm

    ဒီရွာသားတွေနဲ့တော့ ခက်ပါသေးတယ် …
    ပြချင်တာက ဝူဟန့်ဘူတာ ဘယ်လောက်ကြီးကျယ်ခမ်းနားတယ်ဆိုတဲ့အကြောင်း …
    သူတို့မြင်တာက စကတ်အတို .. 😛

    • ဆူး

      October 23, 2011 at 12:49 pm

      ရွာထဲမှာ စီးပွားရေး အသစ်တော့ ရနေပြီ။
      မဝေရေ… အော်လိုက်အုန်းမယ်..

      တစ်ရှူးတွေ ရမယ် သရေခံနေရမယ် လက်ကိုင်ပုဝါတွေ ရမယ် ရေသန့်ဘူးတွေရမယ်.. ရှုဆေး (နှာရှူဘူး) တွေရမယ်… ဦးရာလူနော်.. ဦးရာလူ… ကုန်သွားရင် ထပ်မရောင်းဘူး လိုအပ်တဲ့ လူတွေ အမြန်ဝယ်သုံးကြပါဗျို့..
      အဟမ်း အဟမ်း…

  • windtalker

    October 23, 2011 at 1:01 pm

    ဘာပဲပြပြ
    ပလက်စတစ်ခွက် ကိုင်ထားတဲ့ ပုံလေးကို ပဲ
    အထပ်ထပ်ကြည့်နေမိတယ်ဗျို ့
    အပေါ်က အကွက်ကြီးများ
    ပျောက်သွားနိုးနိုး နဲ ့
    ဟီဟိ
    အဲဒီပုံသာ မဝေပုံဆိုရင်
    ၅ဝနှစ်ပြည့်တဲ့အထိကို
    ဝိုင်းဝိုင်းလည်နေမှာ အမှန်ပဲ

    • hmee

      October 23, 2011 at 5:49 pm

      မောင်ပေရေ ဖတ်ဖူးတဲ့ ဟာသထဲကလို ရထားများ တခါလောက်နောက်ကျပြီး လာလောက်တယ် ထင်ပြီး ရုပ်ရှင်ကို အခါခါ ထပ်ကြည့်တဲ့လူလို ဖြစ်နေဦးမယ်။ မဝေရေ သူများအိမ်က ခန်းနားတာတွေ ကြည့်ပြီး ကိုယ့်အိမ်လေးကို အဲ့လိုလေး ပြင်ချင်နေတာ မလား။ တကယ့် ဘူတာကြီးတောင် မဟုတ်ပဲ ဘူတာအသေးလေးတွေ အားလုံးနီးပါး မဝေပုံထဲကလို ခေတ်မှီနေတာတွေ၊ လက်မှတ်ကို ကွန်ပြူတာကနေ တိုက်ရိုက် ဝယ်သူက ကိုယ်တိုင်စက်ကိုနှိပ် ပိုက်ဆံထည့် အလိုလို လက်မှတ်ထွက်လာတာယူပြီး ဝင်သွားတာတွေ မြင်ရတော့ အားကျနေမိတယ်။

  • MaMa

    October 23, 2011 at 5:25 pm

    လမ်းခရီးမှာ စိတ်ချလက်ချ အိပ်နိုင်အောင်လုပ်ပေးတဲ့ အစီအစဉ်လေးကို သဘောကျတယ်။ ကိုယ်က အအိပ်မက်လို့။ :E
    တွဲစောင့်တွေရဲ့ ဝတ္တရားကလည်း မသေးဘူးပဲ။

  • padonmar

    October 23, 2011 at 10:18 pm

    အဲဒီဘူတာကြီးမျိုးဖြစ်လာဖို့ တရုတ်ပြည်ဘယ်လာက်ကြာပါသလဲ။
    စကပ်တို သွားရေမကျပါ။ဘူတာကြီးကို သွားရေကျပါသည်။

    • weiwei

      October 23, 2011 at 11:42 pm

      ဝူဟန့်မြို့က တရုတ်ပြည်ထဲမှာ အကြီးဆုံးတိုင်းတာရင် နံပါတ် ၅ အဆင့်သာ ရှိပါတယ် … အဲဒီလို ဘူတာ ၃ ခု ရှိပါတယ် … ရှန့်ဟိုင်တို့ ပေကျင်းတို့က ဘူတာတွေက အဲဒီထက် ပိုကြီးသေးတယ် … ကျွန်မနေခဲ့တဲ့ ၅ နှစ်တာ အတွင်း တိုးတက်တာ သိပ်မြန်ပါတယ် … မြို့ထဲမသွားဖြစ်ပဲ သုံးလလောက်နေလိုက်ရင် အများကြီးပြောင်းလဲသွားတယ် …

  • စကပ်နဲ့မမ
    ပြလဲပြချင်
    ပြီးတော့မျက်နှာကိုဖုံး
    ဘယ်သူဆိုတာလုံးလုံးမသိအောင်လေ။
    ဒါပေမယ့်ရွာထဲက မဝေမဟုတ်တာသေချာတယ်။
    ဟုတ်တယ်ဆိုရင်လဲ ကျနော်မသေချာလို့။
    သေချာစေချင်တယ်ဆိုရင်တော့
    ဝမေမေကို
    မြင်ဘူးတယ်လို့ ကြွယ်ထားတဲ့ ရွာတော်ရှင်မ
    အမှန်ပြောအောင်မေးရမကွဲ့

    ကိုင်း ရွာတော်ရှင်မ မှန်ရာကိုပြောစေ…………………………….

    • ဆူး

      October 24, 2011 at 10:24 am

      ဆူး မအားသေးဘူး ရွာထဲမှာ လူကြီး သူငယ်နှာ ပျောက်ဆေး လိုက်ရောင်းနေတယ်။ စီးပွားရေး ဆိုတာ ခေတ်အခါနဲ့ လိုက်ပြီး လုပ်စားတတ်မှ ကြီးပွားမှာလေ.. ဒါကြောင့် နောက်မှ ပြောမယ်။ အဟိ

  • Diamond Key

    October 24, 2011 at 3:31 pm

    နောက်ပုံလေးတွေနဲ့ ခရီးအကြောင်းသိချင်လှပါပြီ မျက်နှာမှာ ဖျာကြီးကပ်နေတဲ့ weiwei ရေ၊

  • nozomi

    October 25, 2011 at 7:21 pm

    မဝေ ရေ ပို့စ် လေးက ကောင်းလိုက်တာ ဒီပို့စ် ကို မတွေ့မိဘူး ဒီနေ့ ကိုဘလက်ချော ပို့စ် ဖတ်ပြီးမှ ပြန်ရှာရတာ

    တရုတ်တွေ မြန်မာပြည်ကို အလုံးအရင်းနဲ့ ဝင်လာမှာကို သဘောမကျပေမဲ့
    ဘူတာဆောက်တဲ့နည်းပညာ၊ လက်မှတ်စစ်တွေရဲ့ ဝန်ဆောင်မှုတွေကို သဘောကျတယ်
    ရှုဆေးဘူး တွေ သရေခံတွေ ဝယ်ရမှာ စိုးလို့ ဂျင်းပြာလေး အကြောင်းတော့ မပြောတော့ပါဘူး
    အပိုင်း-၂ ကို မျှော်နေပါမယ်

  • လင်းဝေကျော်

    October 27, 2011 at 5:13 pm

    မိုက်တယ်။
    ဒူဝေဝေတို့ တော့ နှာစေးနေတော့တာကိုး။
    ဒါထက် မဝေတစ်ယောက် စကားတော့ ပြောတတ်ပါတယ်နော်။

    • ဆူး

      October 27, 2011 at 5:20 pm

      ဦးလေးရေ ဒေါ်ဝေဝေ က အဖိုးတန်တဲ့ စကားလုံးတွေ လူကြားမှာ စိုးလို့ သူ့အစား စကားပြောဖို့ လူငှားခေါ်ထားတာ.. မသိဘူးလား.. တယောက်တည်း ပွဲထိန်းပြီး ဟိုဘက် လှည့်ဖော ဒီဘက်လှည့်ဖော ဘာတွေ ပြောမိလို့ ပြောမိမှန်းကို မသိဘူး။
      တိုးလီဒါ လုပ်မှာ ခရီးသည်တွေ မငြီးငွေ့အောင် စကားတကယ်ပြောမှာ မယုံရင် ဒေါ်ဝေဝေ ဦးဆောင်တဲ့ ခရီးစဉ် ကို သွားကြည့်.. ဟဲဟဲ..

    • MaMa

      October 27, 2011 at 5:31 pm

      အရမ်းအရေးကြီးတဲ့စကားကို တခြားလူတွေ မကြားအောင် ပြောသွားပါတယ်။ (နောက်တခါဆို စားတဲ့လူတွေကိုပဲ ခေါ်ကျွေးတော့မယ်) မကြားလိုက်တဲ့လူတွေမပါပါ။

  • weiwei

    October 27, 2011 at 8:12 pm

    အပိုင်း ၂ အတွက် ပုံတွေရွေးဖို့အချိန်မအားသေးလို့ပါ … ပိတ်ရက်ကျမှပဲ တင်နိုင်ပါတော့မယ် …
    စကတ်တိုလေးနဲ့က ကျွန်မသူငယ်ချင်း နိုင်ငံခြားသူလေးပါ … မျက်နှာပါပြလိုက်ရင် ပိုပြီး သွားရေကျကုန်မှာစိုးလို့ နဲနဲဖျက်ထားလိုက်တာ … 😛

Leave a Reply