ကြံခင်းမြို့ သမိုင်း…

lu ta loneMay 20, 20101min1333

ကျွန်မဖေဖေဟာအစိုးရဝန်ထမ်းတစ်ဦးလုပ်စဉ်ကာလမှာ ကျွန်မဟာဖေဖေနဲ့အတူနေခဲ့ပြီး ပြောင်းသမျှမြို့တွေကို

အတူလိုက်ပါလေ့ရှိပါတယ်။

ကျွန်မမေမေနှင့်ကျွန်မမွေးရပ်မြေကတော့ ပြည်မြို့ဖြစ်ပြီး ၊နောက်ပိုင်းမှာ ဖေဖေနှင့်အတူ မြို့တော်တော်များများကို နေခဲ့ဖူးပါတယ်။

ကျွန်မ ဟင်္သာတမှာ ၁ဝတန်းအောင်ပြီး ကျောင်းဆက်မတက်ခင်မှာတော့ ကျွန်မဖေဖေရဲ့မွေးရပ်ဇာတိဖြစ်တဲ့ ကြံခင်းမြို့

မှာအတော်ကြာကြာလေးနေခဲ့ပါတယ်။ အဲဒီအချိန်တုန်းက လေ့လာထားခဲ့သည့် ကြံခင်းမြို့ရဲ့သမိုင်းကြောင်းလေးကို

ဖေဖေ၏တိုက်တွန်းချက်အရ ယခုရေးဖြစ်ပါသည်။

သမိုင်းစာမျက်နှာမှာတော့ မြန်မာနိုင်ငံအောက်ပိုင်းကို မွန်တို့နေထိုင်ရာ ရာမညတိုင်းအဖြစ်ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံကိုပထမဆုံးရောက်လာသော ခရစ်ယာန်ဘုန်းကြီး ဂါလီဇီယာ ကအနောက်ဘက်တွင် သရက်အထိ

အရှေ့ဘက်တွင်တောင်ငူဒေသအထိ ဒေသအားလုံးကိုမွန်လူမျိုးကသာအုပ်ချုပ်လျက်ရှိသည်ဟုမှတ်တမ်းရေးထားကြောင်းဖော်ပြထားပါ

သည်။ ထို့ကြောင့်သရက်မြို့မှ ဧရာဝတီမြစ်စဉ်အောက်ပိုင်းရှိကြံခင်းမြို့သည် ရာမညတိုင်းအတွင်းတည်ရှိနေကြောင်းခိုင်လုံပါသည်။

ရာမညဟူသည် နှလုံးမွေ့လျောပျော်ဖွယ်ရာအရပ်ဟုအဓိပ္ပာယ် ရရှိပါသည်။ ကြံခင်းမြို့ကိုမွန်ဘာသာအရေးအသားဖြင့်(ကျာကင်)၊

မွန်ဘာသာအသံထွက်ဖြင့်(ကျန်းကန်း)ဟုအသံထွက်သည်။ ကျန်း=မိချောင်း၊ ကန်း= ကင်းအကောက်ကောက်ရာဌာန

ကျန်းကန်း =မိချောင်းကင်းမိချောင်းအကောက်ဌာန ဟုအဓိပ္ပာယ်ရပါသည်။ မွန်ဗမာ ကုန်သည်၂ဦးသည်ကြံခင်းအရပ်တွင်

မြစ်မှပေါ်လာသောမိချောင်းကိုမြင်လျင်၊မြို့အမည်အားငြင်းခုန်ကြရာ မွန်ပညာရှိအမတ်ဒိန်၏ အဆုံးအဖြတ်ဖြင့် ဒေသအရ (ကျန်း)

ဟုခေါ်ရန်၊ ယင်းမိချောင်းပေါ်ရာဒေသတွင် ကူးသန်းရောင်းဝယ်မှုဖြင့်ရောက်ရှိလာသောလှေများကို

အကောက်ခွန်သတ်မှတ်ကောက်ခံသဖြင့် (ကျန်းကန်း) မိချောင်းကင်းဟုခေါ်တွင်စေခဲ့သည်။မြန်မာအသံဖြင့်

ကြံခင်းဟုတိုက်ရိုက် ခေါ်ဝေါ်ခဲ့ခြင်းဖြစ်ပါသည်။

ဧရာဝတီတိုင်း ဟင်္သာတခရိုင် ကြံခင်းမြို့နယ်မြောက်ဘက်ဆုံးနှင့် ပဲခူးတိုင်းပြည်ခရိုင်၊ပန်းတောင်းမြို့နယ် အဆုံးတို့ကို

အကောက်တောင်ကြီးကပိုင်းခြားထားသည်။ ထိုတောင်ထိပ်တွင် ရွှေရောင်တဝင်းဝင်းဖြင့် သပ္ပာယ်လှသည့်

ရွှေမြင်တင်စေတီတစ်ဆူတည်ရှိသည်။၄၃၂ ပေမြင့်သောတောင်ကမ်းပါးယံတွင်လွန်ခဲ့သော သက်တမ်း၂၀ဝကျော်က

မြန်မာတို့၏လက်ရာဖြစ်သော မုဒြာအမျိုးမျိုးဖြင့်ထုထွင်းထားသည့် ဗုဒ္ဓရုပ်ပွားတော်များကိုတအံတဩဖူးတွေ့

နိုင်သည်။ ထိုတောင်မကြီး၏မြောက်ဘက်တောင်ခြေတွင် အနောက်မှအရှေ့ဧရာဝတီမြစ်မကြီးအတွင်းသို့စီးဆင်းသော

ဂျူံးဂျူံးကျတောင်ကျချောင်း တည်ရှိသည်။ ထိုချောင်းသည် တိုင်းနှစ်တိုင်း၏နယ်နမိတ်ဖြစ်သည်။

ရှေးယခင်ကရတနာသိုက်များစွာကိုလည်းတွေ့ရှိရကြောင်း၊၎င်းတောင်ကြီးကိုရတနာပုဉ္စတောင်ကြီးဟုယခင်ကခေါ်ခဲ့ကြောင်း

သိရှိရသည်။

ကြံခင်းဘိလပ်မြေစက်ရုံအနီးချင်းမြောင်ရွာ လေးကြီးတောင်မှအမြီးဖျားခံပြီး၊ အရှေ့မြောက်ဆီသို့မြင့်တက်သွားပြီး

သောကြာဒူးရွာအဆုံးမြစ်ကမ်းပါးထိပ်တွင်ခေါင်းတင်ပြီး ဧရာဝတီမြစ်အတွင်းသို့ထိုးဆင်းတော့မည့် မိချောင်းကြီးတစ်ကောင်၏ပုံရိပ်ကို

ကြံခင်းမြို့ရှေ့မြစ်လယ်ဆီမှကြည့်ကြည့် ပြည်မြို့ဆီမှမြစ်ကြောင်းအတိုင်းဆုံလာပြီး မြစ်လယ်မှကြည်ကြည့် တွေ့မြင်နိုင်သည်။

ရှေးအခါက အကောက်တောင်ကြီးကို မိချောင်းရုပ်ထုဟု ခေါ်တွင်ခဲ့ကြသည်။

သမိုင်းသက်ရှည်လေ သမိုင်းတန်ဖိုးကြီးလေ ဟုဆိုကြသည်။ ရှေးနှစ်ပေါင်းသန်း၄ဝ က လူတူပရိုင်းမိတ်တွေရှိသော မြန်မာနိုင်ငံသည်

ဂုဏ်ယူမဆုံးဖြစ်ရသည်။ နှစ်ပေါင်း၃၀၀ဝကျော်က ရခိုင်ရိုးမနှင့်ပဲခူးရိုးမအကြား ပင်လယ်တိမ်းများရှိသည်ဟုမှတ်သားခဲ့ရသလို

ကြံခင်းမှအနောက်၅မိုင်အကွာရှိ အင်းကောက်၊အုတ်တွင်းရွာများတွင်ပင်လယ်သတ္တဝါများ၏ ကျောက်ဖြစ်ရုပ်ကြွင်းများတွေရှိရသည်ဟု

လေ့လာမှတ်သားရသည်။ ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းဖြစ်လာမည့်နေရာတွင် ထိုကျောက်တောင်ကြီးသည်ရာမညတိုင်း

ကြံခင်းမြို့နယ်အတွက် စတင်ပေါ်ထွန်းရာဖြစ်ပေလိမ့်မည်။

ကြံခင်းမြို့တွင် မက်သနောစက်ရုံ၊ဘိလပ်မြေစက်ရုံ၊မြန်မာ့သစ်လုပ်ငန်း၊မြန်အောင်ရေနံမြေစသည့်စက်မှုလုပ်ငန်းများထွန်းကားသလို

လယ်ယာ၊ကိုင်းကျွန်းစိုက်ပျိုးခြင်းလုပ်ငန်းများကိုလည်းလုပ်ကိုင်ကြသည်။

သဗ္ဗညုရွှေပြည်အေး(၁၁)ထပ်ဘုရား၊ဧရာဝတီကမ်းနဖူးရှိရွှေသာလျောင်းဘုရား၊ချမ်းသာကြီးဘုရား၊ဒီပင်္ကရာမြတ်စွာဘုရားစသည့်တန်ခိုး

ကြီးဘုရားများနှင့်အတူ ဗုဒ္ဓဘာသာထွန်းကားရာမြို့လေးတစ်မြို့ဖြစ်ပေသည်။

ကျွန်မတို့ငယ်စဉ်က ပန်းတောင်း ဆင်တဲဇက်ဆိပ်မှ ဇက်ဖြင့်ကူးမှ တဘက်ကမ်းသို့ရောက်ပြီး၊ကားဆက်စီးရသည်။ ယခုမှာတော့

ပြည်နဝဒေးတံတားမှကူးပြီး ကားဖြင့်ဆက်လက်လာလျှင် ရောက်နိုင်ပါဖြင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာပြီဖြစ်ပါသည်။

ကျွန်မဖေဖေ၏ဇာတိမြို့ကလေးအား ကျွန်မနေခဲ့သည့်အချိ်န်ကာလလေးအတွက် သတိတရရေးဖြစ်ပါသည်။

သူငယ်ချင်းအားလုံးအား ဗဟုသုတအနေဖြင့်ရေးသားအပ်ပါသည်။ စာရှည်သွားပါသဖြင့် နားလည်ပေးပါ။

From: Khin Soe Htut

3 comments

  • Naisaek

    May 28, 2010 at 4:18 pm

    ကောင်းတယ် ဗျ
    ကျွန်တော်တော့ စိတ်ဝင်စားတယ်
    ကိုယ့်တိုင်းပြည်ကမြို့လေးတွေအကြောင်းကို
    သိသလောက်ရေးပေးပါဗျာ
    စောင့်ဖတ်နေပါ့မယ်

  • ei lay

    June 1, 2010 at 9:37 am

    phat lo a yan kaung tal. naut htat d lo myo tway myar myar lay yay pay par ohn

  • လင်းဝေကျော်

    June 15, 2010 at 3:27 am

    ကျွန်တော် ကြံခင်းမှာမနေဖူးပေမယ့် ရောက်ဖူးပါတယ်။
    သူ့နားက မြန်အောင် ကို ခဏခဏ သွားရတုန်းက ဖြတ်သွားရတာပါ။
    ကြံခင်း သမိုင်းမှာ ကြံခင်းထမင်းသုပ်တို့ ဘက်ရဲရွာတို့ ထည့်ရေးရင်ပိုကောင်းမယ်ထင်ပါတယ်။
    စာက မရှည်ပါ ဒီထက်တောင် များများရေးသင့်ပါသေးတယ်။

Leave a Reply