မြန်မာနိုင်ငံအနှံ့အပြား မိုးရွာသွန်းလျက်ရှိပြီး အပူချိန်များမှာလည်း သိသိသာသာကျဆင်းလျက်ရှိ

klnMay 20, 20101min390

၂၀၁ဝခုနှစ် မေ ၁ရရက်တွင် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်ခဲ့ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်တစ်ခုအဖြစ်သို့ ရောက်ရှိခဲ့ရာမှ မေ ၁၈ရက်နှင့် ၁၉ရက်တို့တွင် ဆက်လက်အားကောင်းခဲ့ပြီး ဆိုက်ကလုန်းမုန်တိုင်း လိုင်လာအဖြစ်သို့ ရောက်ရှိခဲ့သည်။ မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားခြင်းမရှိသော်လည်း ဆိုင်ကလုန်းမုန်တိုင်း လိုင်လာအရှိန်ကြောင့် မေ ၁၈ရက်တွင် ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းတို့၌ မေ ၁၈ရက်က ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းတို့တွင် ပျံ့ပျံ့နှံ့နှံ့ မိုးထစ်ချုန်းရွာသွန်းခဲ့သည့်အနက် သိသာထင်ရှားသော မြို့များမှာ ရန်ကုန်(ကမာ္ဘအေး)တွင် ၂ ဒသမ ၂ဝလက်မ၊ ထားဝယ်မြို့တွင် ၁ ဒသမ ၆၅လက်မ၊ ပေါင်မြို့တွင် ၁ဒသမ ၅ရလက်မ၊ သံတောင်ကြီးမြို့တွင် ၁ ဒသမ ၄၆လက်မ၊ ဖျာပုံမြို့တွင် ၁ဒသမ ၃၈လက်မ၊ ရန်ကုန်(မင်္ဂလာဒုံ)တွင် ၁ဒသမ ၃ဝလက်မ၊ မြင်းခြံမြို့တွင် ၁ဒသမ ၃ဝလက်မ၊ ကော့ကရိတ်မြို့တွင် ၁ဒသမ ဝ၂လက်မတို့ဖြစ်ကြောင်းသိရှိရသည်။ အလားတူ မေလ ၁၉ရက်တွင်လည်း ကချင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် မန္တလေးတိုင်းတို့၌ ပျံ့ပျံ့နှံ့နှံ့ မိုးထစ်ချုန်းရွာသွန်းခဲ့ပြီး မန္တလေးတိုင်းတွင် နေရာကွက်၍ မိုးကြီးခဲ့သည်။ မိုးရွာသွန်းမှု အများဆုံးဒေသများအနေဖြင့် မိုးကုတ်မြို့တွင် ၄ဒသမ ၂၅လက်မ၊ ပြင်ဦးလွင်မြို့တွင် ၁ ဒသမ ၇၃လက်မ၊ ပဲခူးမြို့တွင် ၁ဒသမ ၇ဝလက်မ၊ ကျောက်ဖြူမြို့နှင့် မိုင်းဆတ်မြို့တို့တွင် ၁ ဒသမ ၄၁လက်မစီ၊ စစ်တွေမြို့တွင် ၁ဒသမ ၃၈လက်မ၊ ကျောက်ဆည်မြို့တွင် ၁ဒသမ ၂၂လက်မ၊ ရန်ကုန်(မင်္ဂလာဒုံ)တွင် ၁ဒသမ ၁၈လက်မ၊ အမ်းမြို့တွင် ၁ ဒသမ၁ဝလက်မနှင့် စစ်ကိုင်းမြို့တွင် ၁ဒသမ ဝရလက်မစီ အသီးသီးရွာသွန်းခဲ့သည်။ အဆိုပါ မုန်တိုင်း၏အရှိန်ကြောင့် နိုင်ငံတစ်ဝန်း မိုးရွာသွန်းခဲ့သဖြင့် ပူပြင်းခြောက်သွေ့သော အခြေအနေဖြစ်ပေါ်မှုမရှိတော့ဘဲ အမြင့်ဆုံးအပူချိန်များမှာလည်း နိုင်ငံတစ်ဝန်း နှစ်ရက်အတွင်း ရုတ်ခြည်း သိသိသာသာကျဆင်းသွားခဲ့သည်။ ထို့အပြင် ယခုမုန်တိုင်း၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နောက်သုံးရက်ခန့် မိုးဆက်လက်ရွာသွန်းမည့်အပြင် မုန်တိုင်းနှင့်အတူ အနောက်တောင်မုတ်သုံလေလည်း အတူဒွန်တွဲ ဝင်ရောက်လာခဲ့ပြီးနောက် ၄၈နာရီအတွင်း မြစ်ဝကျွန်းပေါ်ဒေသများသို့ ဆက်လက်ဝင်ရောက်နိုင်သဖြင့် အပူချိန်များ သိသိသာသာ ကျဆင်းလျက် မိုးများပျံ့နှံ့စွာ ဆက်လက်ရွာသွန်းနိုင်ကြောင်း သိရှိရသည်။ နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူများအနေဖြင့်လည်း အပူရှိန်မြင့်တက်မှုကြောင့် အပူဒဏ်ခံစားနေရရာမှ ယခုကဲ့သို့ မိုးရွာသွန်းမှုကြောင့် အေးချမ်းသွားပြီဖြစ်ရာ အထူးဝမ်းသာပီတိဖြစ်နေကြကြောင်း သိရသည်။