လယ်တွင်းနယ်က ခေတ်ငါးခေတ် ထပ်ဆင့်ကုသိုလ် ရှင်ပင်ရွှေဆပ်သွား

Diamond KeyOctober 24, 20115min19415

“တစ်မုတ်မြို့ဟောင်းတစ်နေရာ” ပို့စ်လေးတင်လိုက်တော့ စိန်သော့ကို သမိုင်းဝင်နေရာလေးတွေ ရေးဖြစ်အောင် ရွာထဲမှာ ရှေ့က ဦးဆောင်ပြနေတဲ့ နောင်တော်ကြီး ကိုပေါက် (မန္တလေး) က ကိုစိန်သော့ရေ၊ ရှင်ပင်ရွှေဆပ်သွား ဆိုတာရှိသေးတယ်။ သွားလိုက်ကြရအောင်လို့ ဆိုလာပါတယ်။
ရှင်ပင်ရွှေဆပ်သွား ဘုရားက စိန်သော့ ပထမရောက်ခဲ့တဲ့ တစ်မုတ်မြို့ဟောင်းတစ်နေရာက ရှင်ပင်ရွှေဂူကြီးရဲ့ အရှေ့မြောက် တစ်မိုင်ခန့်အကွာ၊ ကျောက်ဆည်မြို့ကနေ အနောက်ဖက် ၅မိုင်လောက်မှာ တံတားဦးကားလမ်းဘေး၊ ညောင်ရွှေကျေးရွာအနီးမှာ တည်ရှိတာပါ။ တံတားဦးကားလမ်းလေးက လာရင် ဘုရားအဝင်လမ်းထိပ်မှာ ဘုရားမုခ်ဦးကြီးကို တွေ့ရပါတယ်။

ဘုရားအဝင်လမ်းထိပ်က မုခ်ဦးကြီး

ဘုရားအသွားလမ်းတလျှောက်မှာတော့ လယ်ကွင်းတွေ၊ စိုက်ခင်းတွေနဲ့ ကျေးလက်သဘာဝတွေကို တွေ့နေရပါတယ်။ ရှင်ပင်ရွှေဆပ်သွား ဘုရားဆီမှ အရှေ့စူးစူးကို လှမ်းမျှော်ကာ ကြည့်ရင်တော့ ရွှေသာလျှောင်းတောင်၊ မင်းမွေးတောင်နဲ့ ရှမ်းရိုးမတောင်တန်းကြီးတွေက လွမ်းမောစရာ မြင်ကွင်းများပါ။



ဘုရားကြီးရဲ့မူလ ကုသိုလ်ရှင်က အနော်ရထာမင်းတရားကြီး ဖြစ်ပါတယ်။ စေတီကြီးရဲ့ အရှေ့ဖက်မှာ ဘုရားဖူးရန်အတွက် ဂန္ဓာကုဋိကျောင်းတော် ရှိပါတယ်။ ကျောင်းတော်ထဲမှာတော့ မြတ်စွာဘုရားရဲ့ ကိုယ်တော်ပွား ဗုဒ္ဓရုပ်ပွားဆင်းတုတော်ကြီးများနဲ့ ရသေ့ကြီး ဦးခန္တီရဲ့ ပုံတူရုပ်ထု ရှိပါတယ်။ ဂန္ဓာကုဋိကျောင်းတော်ကနေ အရှေ့ဖက်ကိုထွက်ရင် ဘုရားဖူးတွေ သွားလာနိုင်စေဖို့ စောင်းတန်းရှိပါတယ်။ စောင်းတန်းရဲ့ မြောက်ဖက်ကပ်လျှက်မှာ သီရိဓမ္မာသောကမင်းကြီး ကုသိုလ်လို့ ပြောရိုးရှိတဲ့ ရေတွင်း၊ ရေကန်၊ သိမ်နဲ့ ဗောဓိပင်ရှိပါတယ်။

စေတီတော်ကြီးရဲ့မြောက်ဖက်မှာတော့ နတ်ကွန်းတစ်ခုကို တွေ့နေရပြီး အနော်ရထာမင်းကြီးက စေတီတော်ကို စောင့်ရှောက်ဖို့ တာဝန်ပေးထားတယ်ဆိုတဲ့ ဆံတော်ရှင်းမယ်ဖော့နဲ့ မောင်တော်မောင်ပင် (မောင်ပေမဟုတ်ဘူးနော် ကိုပေရေ) တို့ရဲ့ နတ်ကွန်းလို့ ဒေသခံတွေရဲ့ အပြောအရ သိရပါတယ်။ စေတီတော်ရဲ့ အနောက်တောင်နဲ့ တောင်ဘက်တွေမှာ အာရုံခံတန်ဆောင်း၊ အရှေ့တောင်ဖက်မှာ စေတီကို စောင့်ရှောက်နေတဲ့ ရဟန်းတော်တွေရဲ့ ကျောင်းဆောင်တွေနဲ့ တံခွန်တိုင် ရှိပါတယ်။ ဒါအပြင် ရှေးခေတ်က ပူဇော်ခဲ့တဲ့ ခေါင်းလောင်းစင် နှစ်ခုနဲ့ ရှေးခေါင်းလောင်းတစ်လုံး ရှိပါတယ်။
ရှင်ပင်ဆပ်သွားမှာ မူလ သီရိဓမ္မာသောက မင်းကြီးရဲ့ “မုဋ္ဌောစေတီ” ကို အနော်ရထာမင်းက ဉာဏ်တော်အမြင့် ၉ တောင်ရှိ ဆပ်သွားစေတီ ငုံတည်ခဲ့ပြီး အင်းဝခေတ်မှာ စေတီငယ်ကို ထပ်ငုံကာ အုတ်စေတီ တည်ထားပူဇော်ပါတယ်။ အင်းဝဘုရင် ကိုယ်တော်တိုင် အခြွေအရံများနဲ့ လာရောက် ဆီမီးပူဇော်တယ်လို့ဆိုပါတယ်။ အဲဒီနောက်မှာ ညောင်ဝန်းသပြေပင်ကျောင်းတိုက်ဆရာတော်ဦးဇိနနဲ့ နယ်သူနယ်သားတွေက အများကုသိုလ် ယခုလက်ရှိ ကျောက်သားစေတီတော်ကို တည်ထားပူဇော်ပါတယ်။ နောင်ခေတ်မှာ ရသေ့ကြီး ဦးခန္တီ ကြွရောက်လာပြီး ရပ်မိရပ်ဖများနဲ့ တိုင်ပင်ကာ ဉာဏ်တော် ၇၅ တောင်မြင့် စေတီကြီးကို သပ္ပာယ်တင့်တယ်အောင် ပြန်လည်ပြုပြင် ပူဇော်ခဲ့တာပါ။ ဦးခန္တီက မဟာမြတ်မုနိ ပုံတူတစ်ဆူကို ကြေးအချိန် ၁၃၅ဝ သုံးကာ သွန်းလုပ်ပူဇော်ခဲ့ပါတယ်။
ဦးခန္တီ သွန်းလုပ်ပူဇော်ခဲ့တဲ့ မဟာမြတ်မုနိ

ဒေသခံတွေပြောပြတာက ဒီမဟာမြတ်မုနိ သွန်းစဉ်ပိုထွက်လာတဲ့ ကြေးတွေနဲ့ ရသေ့ကြီး ဦးခန္တီရဲ့ ပုံတူရုပ်ထုကို သွန်းခဲ့တာ ဖြစ်ပြီး ဦးခန္တီပုံတူရုပ်ထု သွန်းရာကပိုတဲ့ ကြေးတွေကိုတော့ ကြေးပုလ္လင်၊ ကြေးသပိတ်၊ ကြေးပန်းအိုးကြီးတွေ ပြန်သွန်းကာ ဦးခန္တီက ကုသိုလ်ယူခဲ့တယ်လို့ ဆိုကြပါတယ်။
သွန်းရာကပိုတဲ့ ကြေးတွေနဲ့ပြန်သွန်းတဲ့ ကြေးပုလ္လင်၊ ကြေးသပိတ်၊ ကြေးပန်းအိုးကြီးတွေ (မှန်ကောင်တာ အတွင်းကို ရိုက်ထားတာပါ)

ရသေ့ကြီး ဦးခန္တီရဲ့ကုသိုလ် မဟာမြတ်မုနိ ကိုယ်တော်ကြီးရဲ့ ကျောဖက်က ၆ လက္မလောက် အပေါက်ငယ်ကနေ အတွင်းက ရှေးကုသိုလ် စေတီငယ်ကိုဖူးတွေ့နေခဲ့ရတာကြောင့် သမိုင်းတန်ဖိုးကြီးမားတဲ့ ရှေးဆင်းတုတော်တွေကို အများပြည်သူဖူးခွင့်ရစေဖို့ ဒီဖက်ခေတ်မှာ လိုဏ်ဂူတော်ကြီးကို ဖွင့်ပူဇော်လိုက်ရာမှာတော့ အတွင်းက ပုဂံ၊ ပင်းယ၊ အင်းဝ၊ ညောင်ရမ်း၊ ကုန်းဘောင် ခေတ် ၅ ခေတ်လက်ရာ၊ အဆင့်ဆင့် အထပ်ထပ် ပူဇော်ထားတဲ့ ရှေးမြန်မာမင်းများရဲ့ ကုသိုလ် ရှင်ပင်ရွှေဆပ်သွား ရုပ်ပွားတော်ကြီးများကို ဖူးတွေ့ခွင့်ရတာပါ။
တစ်ဆူကိုတစ်ဆူ ထပ်ငုံတည်ထားတဲ့ ရှင်ပင်ရွှေဆပ်သွား ရုပ်ပွားတော်ကြီးများ

တစ်ဆူကိုတစ်ဆူ ထပ်ငုံတည်ထားတဲ့ ရှင်ပင်ရွှေဆပ်သွား ရုပ်ပွားတော်ကြီးများ

တစ်ဆူကိုတစ်ဆူ ထပ်ငုံတည်ထားတဲ့ ရှင်ပင်ရွှေဆပ်သွား ရုပ်ပွားတော်ကြီးများ

လိုဏ်ဂူတော်ကြီးကို ဖွင့်ပူဇော်လိုက်တုန်းက ပထမ အပေါ်က ဆင်းတုတော်ကြီး တစ်ဆူကိုသာ လိုဏ်ဂူအတွင်းမှာ လင်းနို့တွေ၊ လင်းနိုးချေးတွေနဲ့ ဖူးတွေ့ရတာ ဖြစ်ပါတယ်။ အဲဒီဆင်းတုတော်ကြီးကိုယ်တော်မှာ ပျက်စီးနေတဲ့ အခေါင်းပေါက်များရှိနေပြီး သန့်ရှင်းပြုပြင်ရာကနေ ညာလက်တော်ဖက်က ပဲ့ကျကာ အတွင်းမှ ဆင်းတုတော်များကို ထပ်ဖူးခွင့်ကြုံတာလို ဆိုပါတယ်။
တမုတ်ရှင်ပင်ရွှေဂူကြီးတုန်းက etone က မေးခဲ့တဲ့ ရုပ်ပွားတော်တွေက အထပ်ထပ် ပူဇော်ထားတာ ဘာအဓိပ္ပါယ်လဲ ဆိုတော့ ရှေးမင်းများ၊ သူတော်စင် ပုဂ္ဂိုလ်ကြီးတွေက စေတီနဲ့ရုပ်ပွားတော်များကို အဆင့်ဆင့် မြှင့်တင်ရင်ရတဲ့ ကောင်းမှုကုသိုလ် ပါရမီများကြောင့် မိမိတို့အတွက် ဘုန်းတန်ခိုး အာဏာ ကံဇာတာ စန်းလဂ် အထူးကောင်းမြတ်တယ်၊ မြင့်မားတယ်လို့ ယုံကြည်ကြလို့ အထပ်ထပ် ဆင့်ထပ်ပူဇော်ထားတာ ဖြစ်ပါတယ်။
အပေါ်က ရုပ်ပွားတော်ကြီး နှစ်ဆူအောက်က ပေါ်နေတဲ့ နောက်တစ်ဆူ

အောက်ဆုံးက ဆင်းတုတော်

အောက်ဆုံးက ဆင်းတုတော် ရဲ့ လက်တော်နဲ့ အတွင်းကို ထပ်မြင်နေရသေးတဲ့ နေရာ အပေါက်လေး

အတွင်းဆုံးက ပျက်စီးယိုယွင်းနေတဲ့ ဆင်းတုတော်

အနောက်ဖက်မုခ်

အနောက်ဖက်မုခ်အတွင်းက ရုပ်ပွားဆင်းတုတော်

မူလရုပ်ပွားတော်ကြီး အခြေမှတွေ့ရှိရတဲ့ ဌာပနာတော်များ

လူမျိုးတစ်မျိုးရဲ့ ဂုဏ်သိက္ခာကို သမိုင်းနဲ့ ယဉ်ကျေးမှုက ဖော်ညွှန်းပြသလျှက်ရှိနေပါတယ်။ ကျောက်ဆည် အနောက်ဖက် ၅ မိုင်လောက်မှာရှိနေတဲ့ တမုတ်မြို့ဟောင်း တစ်ဝိုက်က ပုဂံ၊ ပင်းယ၊ အင်းဝ၊ ညောင်ရမ်း၊ ကုန်းဘောင် ခေတ် ၅ ခေတ်လက်ရာ၊ အဆင့်ဆင့် အထပ်ထပ် ပူဇော်ထားတဲ့ စိန်သော့တို့ရဲ့ ရှေးမင်းများကုသိုလ်တော် ရှင်ပင်ရွှေဆပ်သွား ရုပ်ပွားဆင်းတုတော်များနဲ့ အနောက်တောင်ဖက် တစ်မိုင်လောက်အကွာက ပုဂံခေတ် ပန်းတမော့ လက်ရာစုံနဲ့ ရှင်ပင်ရွှေဂူကြီး စေတီတော်များကို မြန်မာလူမျိုးတွေ အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဘာသာရေး အနုပညာ၊ သမိုင်းလက်ရာတွေကို ရွာထဲက အမျိုးတွေ မရောက်ရသေးရင် ကြိုတင်ဖူးတွေ့ နိုင်စေဖို့နဲ့ အခွင့်ကြုံရင် အရောက်သွားနိုင်ဖို့ စိန်သော့က တင်ပြလိုက်ရပါတယ်ခင်ဗျား။ ။

15 comments

  • manawphyulay

    October 24, 2011 at 11:02 am

    အနောက်ဘက်မုခ်က ရုပ်ပွားဆင်းတုတော်က ပြန်လည်ပြုပြုထားတာပါလား။ ကျန်တဲ့ဘုရားတွေက ဒီလိုမွမ်းမံထားတာ သိပ်မတွေ့လို့ပါ။ ခုလို မရောက်ဖူးသေးတဲ့နေရာတွေကို ဦးဦးစိန်သော့ တစ်နေရာပြီး တစ်နေရာ လိုက်ပို့ပေးတဲ့အတွက် အကုန်အကျသက်သာစွာနဲ့ ဖူးမြော်ရတာ အလွန်တရာမှ ကျေးဇူးတင်မိပါတယ်ရှင်။

  • koyinmaung

    October 24, 2011 at 11:38 am

    ခုလိုသမိုင်းအမွေအနှစ်ဗုဒ္ဓဆင်းထုတော်တွေကိုရှာဖွေတင်ပေးတဲ့အတွက်
    ဖူးမျော်ခွင့်ရတဲ့အတွက် ဆရာကိုစိန်သော့ကိုကျေးဇူးအထူးတင်ပါတယ်…..

  • blackchaw

    October 24, 2011 at 12:30 pm

    ဗဟုသုတ ရပါတယ်ဗျို့။

  • ဆူး

    October 24, 2011 at 5:33 pm

    ဘုရားကို ဘုရား ငုံပြီး ဆောက်တာ ဘာ စိတ်ကူးလဲ မသိဘူး စိတ်ထဲ သဘောမတွေ့လှဘူး။ အခု ခေတ်အနေနဲ့ ကြည့်မယ် ဆိုရင်တော့ ထူးဆန်းတယ်လို့ ပြောလို့ ရတယ်။
    ဘုရားတည်တုန်းက ဘာစိတ်ကူးနဲ့ တည်ထားသလဲတော့ သိချင်မိတာ အမှန်ပဲ။

    • Foreign Resident

      October 25, 2011 at 8:04 am

      ဘုရား အဟောင်းကို မဖျက် ရဲကြဘူး ဗျ ။ ကျိန်စာ တွေ ထားခဲ့ကြတယ်ဗျ ။
      ပြင်တာတောင် မူရင်း အလှူရှင်ရဲ့ အဆက်အနွယ် မဟုတ်ရင် နဲနဲ Shock ရှိတယ် ။

      အဘ ရဲ့အဖေတောင် တခါက ပျက်စီးနေတဲ့ ရှေးဟောင်း ဘုရား တစ်ဆူကို
      ဖျက်ပြီးမှ ပြန်ပြင်ရမယ့် ကိစ္စပေါ်လာသေးတယ် ။
      တမိသားစုလုံး ဝိုင်းကန့်ကွက်ကြတယ် ။

      Superstitious ဖြစ်လွန်းတာတော့ မဟုတ်ပါဘူး ။

      ဟုတ်တယ်လေ ၊ ပြင်လို့ ကုသိုလ်ရတာကနောက် ။
      ဖျက်လို့ အကုသိုလ်ဖြစ်မယ် ကျိန်စာစူးရင် ဘယ့်နှယ့် လုပ်မလဲ ။
      သူ့ဖါသာသူ လုံးဝပြိုကျသွား တော့မှပဲပြင်တော့မယ် ။

      မလုပ်တာပဲ စိတ်ရှင်းတယ် ။
      တခြား လှူစရာနေရာတွေများ ပေါလွန်းလို့ ။

      • ကြောင်ကြီး

        October 25, 2011 at 10:57 am

        သဂျီးကို ခိုင်းကြည့်လေ၊ လုပ်ရဲမလားလို့။ နောက်တာနော်သဂျီး၊ တော်ကြာနေ ထလုပ်လို့ ကျုပ်တို့ နေစရာဘုံ ပျောက်သွားအုံးမယ်။ ငရဲပြည်ဂေဇက်ဆိုပြီး ပွိုင့်ဆယ်ဆပေး အသစ်လုပ်လည်း ဆောရီးပဲ။ ဘဝခြင်းခြားသွားလို့….။ 😀

  • kocho

    October 24, 2011 at 5:45 pm

    အချိန်ကာလကြာသည်နဲ့အမျှပြန်လည်ပြုပြင်သူများက အဟောင်းကို မဖျက်ဆီးချင်လို့ အပေါ်ကနေ ထပ်ထပ်မွန်းမံရင်း ဒီလိုဖြစ်သွားတယ်လို့ ထင်မိပါတယ်ဗျာ

  • ကိုစိန်သော့ရေ
    ကျနော်တမုတ်ရွှေအင်ပင်ကို သွားတုံးက အဲဒီရှင်ပင်ဆပ်သွားနားဖြတ်သွားတာ။
    အပြန်မှဝင်မယ်ဆိုပြီး စိတ်ကူးလိုက်တာ အပြန်ကျတော့ မိုးသားတွေတက်လာတာနဲ့ မဝင်ခဲ့ရတာ
    အခုထိကို ပြန်မသွားနို်င်သေးဘူး။
    ဆောင်းရောက်မှ သွားတော့မယ်ဗျာ။

    • Diamond Key

      October 25, 2011 at 9:10 am

      ကျွန်တော်လည်း ပထမဆုံး ရွှေအင်ပင် ရောက်တုန်းက မဝင်ဖြစ်ခဲ့ပါဘူးကိုပေါက်။
      ဒီပို့စ် ဖြစ်လာတာ ကိုပေါက်ကြောင့်ပါ။ အားလုံး ကိုပေါက်ကို ကျေးှဇူးတင်ကြနော်။

  • windtalker

    October 24, 2011 at 7:04 pm

    ကိုစိန်သော့ရေ
    မရောက်ဖူးတဲ့ မဖူးဘူးတဲ့ ဘုရားကို ဖူးမျှော်ကြည်ညိုခွင့်ရတယ် ။
    သမိုင်းကြောင်းလည်း ဖတ်ခွင့်ရတယ် ။ သွားဖူး ဖို ့နေရာသိခွင့်ရတယ်
    အထူးပဲ ကျေးဇူးတင်ပါတယ်

  • Mg Joker

    October 25, 2011 at 12:18 am

    သမိုင်းဝင်အမွေအနစ်တွေကို ထိန်းသိမ်းထားနိုင်လို့ ဂုဏ်ယူမိတယ်
    ဗဟုသုတ ရလို့လည်းကျေနပ်မိတယ်

  • Mg Ni Tut

    October 25, 2011 at 1:23 am

    လက်ရာမြောက်လှပါပေတယ်။ တင်ပြပေးတဲ့လူကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်။ ဒီလိုဘုရား တစ်ခါမှမဖူးခဲ့ဖူးပါ။ thanks a lot for share.

  • padonmar

    October 25, 2011 at 7:07 am

    ကိုစိန်သော့တစ်ပုံချင်း သေသေချာချာရိုက်ပြတော့မှ ငုံထားတာမြင်ရပါတယ်။စေတနာကို ကျေးဇူးပါ။

  • ကိုစိန်သော့ရေ
    ခင်ဗျားကံကောင်းတာဘဲ။
    ကျနော်ပထမတစ်ခါ တမုတ်ရွှေအင်ပင် သုံးဆင့်ဘုရားပုံကိုတင်တုံးက
    ကြည်ညိုစရာမကောင်းဘူးလို့ အဝေဖန်ခံရတယ်ဗျာ။

    • Diamond Key

      October 25, 2011 at 9:06 am

      ဟုတ်လား ကိုပေါက်၊ ကျွန်တော် ကံတက်နေတယ် ထင်တယ်။ ha ha

Leave a Reply