အမျိုးသမီးထုကြားထဲက Hang Tag ဖက်ရှင်လား

etoneOctober 24, 20111min15715

အခုရက်ပိုင်း မြို့ထဲ သွားသွားလာလာလုပ်ရင်း ဘယ်သူက ထွင်လိုက်မှန်းမသိတဲ့ ဖက်ရှင်တမျိုုးခေတ်စားလာတာတွေ့ရတယ် …. ။ ထွင်လိုက်တာလည်း ဟုတ်ချင်မှဟုတ်မယ် …ဖက်ရှင်ကျအောင်လုပ်တာလည်း ဟုတ်ချင်မှဟုတ်မယ် … ဒါပေမယ့် …. အတုမြင်အတတ်သင် အတုခိုးလွယ်တဲ့ ခေတ်ရေစီးကြောင်းအရ အမျိုးသမီးထုကြားမှာတော့ … ပေါ်ပြူလာဖြစ်လာတာအမှန်ပါပဲ … အဲ့ဒါကတော့ …. hang tag လို့ခေါ်တဲ့ … အပြားလေးတွေ …. အိတ်တွေမှာ မဖြုတ်ပဲ အလှသဘောမျိုးတပ်ဆင်လာကြတာပါပဲ … ။ ရာဇာနေဝင်း ခေတ်စားတုန်းက … အကျီ င်္တွေတံဆိပ်မဖြုတ်ပဲ ဝတ်ပြကြသလိုပေ့ါ … ။
hang tag ဆိုတာမျိုးက အဝိုင်းဖြစ်နိုင်သလို ၊ လေးထောင့်လည်းဖြစ်နိုင်တယ် ..ဒါ့ပြင် မညီမညာ ဒီဇိုင်းမျိုးဖြစ်နိုင်သလို … စာရွက်ခေါက်လေးလိုမျိုးလည်းဖြစ်နိုင်တယ် … ဒီလိုပဲ … အသုံးပြုထားတဲ့ အသားကလည်း …ပလပ်စတစ်ပြားဖြစ်နိုင်သလို … သားရေပြားဖြစ်နိုင်တယ် … ကတ်ထူပြားမျိုးလည်းဖြစ်နိုင်တယ် … ဒီဇိုင်းကတော့ ဖန်တီးသူရဲ့ စိတ်ကူးထဲကအတိုင်းပါပဲ … ။ hang tag string ဆိုတာကတော့.. hang tag အပြားနဲ့ အိတ်နဲ့ ချိတ်ဆက်တဲ့နေရာမှာ အသုံးပြုရတဲ့ ချည်နှောင်လို့ရတာမျိုးလေးပါ … ။ တချို့ကတော့ ပိုးကြိုးလေးတွေသုံးတယ် …တချို့က ဖဲကြိုးလေးတွေ .. တချို့က ရိုးရိုးနိုင်လွန်ကြိုးတွေ ..တချို့ကတော့ loop pin လို့ခေါ်တဲ့ ပလက်စတစ် ကြိုးလေးတွေသုံးပြီး ချိတ်တွဲကြတယ် … ထုတ်လုပ်တဲ့ကုမ္ပဏီရဲ့ အသုံးပြုတဲ့ hang tag ဒီဇိုင်းတွေပေါ်မူတည်ပြီး ပုံစံအမျိုးမျိုးကွာခြားတယ် …တစ်ခါတစ်လေ … hang tag လေးတွေဟာ … အလှတပ်တဲ့ ကီးချိန်းလေးတွေထက် ပိုလို့တောင် လှနေပါသေးတယ် …
Hang tag လေးတွေ ဘာလို့ချိတ်ဆွဲတာလဲလို့ .. သိကောင်းသိချင်ကြပါလိမ့်မယ်နော် …. ။ တစ်ချို့ကတော့ … ကုန်ပစ္စည်းအာမခံချက်လေးတွေရေးတယ် … တချို့ကအသုံးပြုထားတဲ့ အဓိက ပိတ်စ ၊လယ်သာ composition လေးတွေရေးတယ် … (တစ်ချို့လူတွေ ဓါတ်မတည့်သူတွေရှိတတ်လို့) (ဒီနိုင်ငံမှာတော့.. အထွေထူး သိပ်မကြည့်တတ်ကြပါဘူး … အိတ်လှတာကိုပဲ ရွှေးဝယ်ကြပါတယ် ) … တချို့ကတော့ ကုမ္ပဏီရဲ့ လိပ်စာလေးတွေရေးတယ် .. ။ ဝက်ဖ်ဆိုက်နံမယ်တွေရေးတယ် …စသဖြင့် ….. သုံးချင်သလို သုံး ၊ ဖော်ပြချင်သလို ဖော်ပြထားပါတယ် …. ။ ကျွန်မတို့နိုင်ငံမှာတော့ …. hang tag တွေဟာ အဓိက မကျပေမယ့် … တခြားနိုင်ငံတွေမှာ … export လုပ်တဲ့အခါ … hang tag ပေါ်က description လေးတွေက အကျုံးဝင် အရေးကြီးနေတတ်လို့ အိတ်တိုင်းမှာ hang tag မပါမဖြစ်သုံးပေးကြတာပါ … ။ဝယ်ယူသူက အိတ်ဝယ်ပြီးတာနဲ့ …. tag လေးတွေကိုဖြုတ်ပြီး လွှင့်ပစ်လိုက်ရုံပါ … ။
လှတပတ ..တွဲလောင်းလေးတွေနဲ့ လူကြားထဲ ခဏခဏမြင်မိလို့ ကျွန်မတို့ မျက်စိယဉ်သွားပေမယ့် … တခြားလူမျိုးတွေသာ မြင်လျှင် … ဝါးလုံးကွဲ အော်မရယ်မိလျှင်တောင်မှ … ပြုံးမိကြမှာပါ …. ။ hang tag ဆိုတာ အလှဆင် ပစ္စည်းအမျိုးစားထဲက မဟုတ်လို့ပါပဲ … ။ တကိုယ်လုံးတော့ ကြွရွနေအောင် ဝတ်ထားပေမယ့် … ဖက်ရှင်မဟုတ်တာကြီးကို ဖက်ရှင်လုပ်နေမိတယ်ဆိုတာ သတိထားဆင်ခြင်မိဖို့ပါပဲ …. ။ သူများလုပ်လို့ လိုက်လုပ်တာပဲဖြစ်ဖြစ် … အိတ်အသစ်ဝယ်တာ ကြွားချင်လို့ မဖြုတ်ရက်တာပဲဖြစ်ဖြစ် …. ဖက်ရှင်ဖြစ်အောင်လိုက်လုပ်တာပဲ ဖြစ်ဖြစ် … မိမိအသုံးပြုတဲ့ပစ္စည်းဟာ ဘာလဲဆိုတာ သိထားသင့်ပါတယ် … ။ သူများလုပ်လို့ လိုက်လုပ်တာထက် …. ပစ္စည်းမှန် နေရာမှန် အသုံးပြုသင့်တာကသာ ပိုအရေးကြီးပါကြောင်း ဒီပို့စ်လေးနဲ့အတူ သက်သေထူလိုက်ပါတယ် ။ ။

မေကြီးရဲ့ ကန်တော့ခံ အိတ်လေး ... hang tag မဖြုတ်ရသေးတာနဲ့ ... နမူနာပြဖို့ ရိုက်တင်ပေးလိုက်တာပါ ... တော်သေးတယ် အိတ်သစ်လေးတွေ့လို့ ..မတွေ့လျှင် ရှော့ပင်းစင်တာတစ်ခုခုကိုသွားပြီး ... အိတ်တလုံးကို နမူနာရိုက်ပြမလို့ တွေးနေတာ ...။ 🙂

15 comments

  • nayminn

    October 24, 2011 at 11:31 am

    ရာဇာနေဝင်းဖြေထားဖူးတယ် အင်တာဗျူးတစ်ခုမှာ…။
    ” ပြန်ရောင်းတဲ့အခါ အစဉ်ပြေအောင်လို့ပါ…။”

  • နွယ်ပင်

    October 24, 2011 at 11:36 am

    ဒါဖက်ရှင်တော့ မဟုတ်လောက်ဘူးထင်တယ်နော်
    ဒါပေမယ့် တစ်နေ့ကတော့ Ruby Mark သွားရင်း
    ကောင်မလေးနှစ်ယောက်ကို အဲလိုုတံဆိပ်လေးတွေ
    တက်ရက်အိတ်လွယ်ထားတာ တွေ့လိုက်တယ်
    စိတ်ထဲ တွေ့နေကျမဟုတ်တော့ သေသေချာချာကြည့်မိလိုက်သလို
    ဘေးနားကပါတဲ့ တစ်ယောက်သောသူကိုတောင် လက်တို့ပြီး
    ပြလိုက်မိသေးတယ် ………. 🙂

    • etone

      October 24, 2011 at 1:43 pm

      ဖက်ရှင်မဟုတ်တာကို အတုယူမှားလာတာပါပဲ နွယ်ပင်ရေ … ။
      ဘာရယ်မဟုတ်ပါဘူး … မြင်မိတော့ပြုံးမိလို့ ရေးမိသွားတာ 😆
      ကိုယ့်အိတ်ကိုယ်တပ်တာ ကြိုက်သလိုတပ်လို့ရပါတယ်လေ … 😀

  • GreeNSheeP

    October 24, 2011 at 12:31 pm

    အမှန်ကတော့ ကြွားခြင်းတစ်မျိုး ဖြစ်သည် ဟု ယူဆမိပါသည်

  • ရွှေဘိုသား

    October 24, 2011 at 1:00 pm

    မမတုံလည်း အပြင်ထွက်ရင် မေကြီး အိတ်ကို ခိုးမလွယ်ခဲ့မိစေနဲ့နော်

  • chitlay

    October 24, 2011 at 2:47 pm

    ဟုတ်တယ် etone ရေ .. အခုနောက်ပိုင်း ဘယ်သူကထွင်လိုက်မှန်းမသိဘူး .. ဖက်ရှင်လိုလို တမင်ကြွားချင်တာလိုလိုနဲ့ အများအားဖြင့် (အသက်ကြီးပိုင်းထဲက အမျိုးသမီးတွေ) အိတ်က hang tag တွေကို မဖြုတ်ဘဲ ကိုင်ကြတာ နေရာအနှံ့မှာ တွေ့နေရတယ် …။ အရင်ကတော့ အထူးအဆန်းဆိုပြီး လိုက်ကြည့်မိတယ် .. အခုတော့ မြင်ရဖန်များလို့ ရိုးသွားပြီ ….

    • etone

      October 24, 2011 at 3:50 pm

      ဒေါ်ချစ်လေးတွေ့ဖူးတဲ့ သက်ကြီးပိုင်းအမျိုးသမီးတွေက နှမျောလို့နေမှာပေါ့ :mrgreen:
      ကျုပ်တွေ့ဖူးတာကတော့ ကောင်မလေး ငယ်ငယ်လေးတွေပါ … ဖလမ်းဖလမ်းထတဲ့ အရွယ်လေ 😆

  • စုံ စုံ

    October 24, 2011 at 3:08 pm

    ကျမလဲဒါမျိုးခဏခဏမြင်ဖူးတယ်
    မြင်ရင်တော့စိတ်ထဲမှာရီချင်တယ်
    ဘယ်လိုအိုင်ဒီယာနဲ့မဖြုတ်လဲမသိဘူးလို့လဲတွေးဖူးတယ်
    ကိုယ်တွေကတော့အိတ်ဝယ်လာပြီဆိုအရင်ဆုံးဖြုတ်တာဒီအပြားတွေဘဲ
    မဟုတ်ရင်မျက်စိထဲမှာရှုပ်လွန်လွန်းလို့

  • windtalker

    October 24, 2011 at 8:17 pm

    ဈေးနှုန်းကပ်ထားတဲ့ အိတ်ကြီး လွယ်ထားရင်
    ဒီလို တွေးမိတယ်
    ဥပမာ ၃၀၀၀ဝ ကျပ် ဆိုတဲ့ တံဆိပ်ကပ်ပြီး လျှောက်သွားနေတုန်း
    လက်လာတို ့ပြီး
    ဈေးလျှော့ပါဦး လို ့လာပြောရင် ဒုက္ခနော
    ဟီဟိ

    • Mg Ni Tut

      October 24, 2011 at 9:49 pm

      ပြန်ရောင်းချင်နေတဲ့ လူနဲ့တိုးနေမှ တကယ်လျှော့ရောင်းနေလို့ ပြန်ပြေးနေရမယ်နော 😀

  • kai

    October 25, 2011 at 4:48 am

    ဒီမှာတော့..အဲဒီ တက်ဂ်တွဲလောင်းနဲ့ဆို.. ရီတန်းပြန်လုပ်လို့ရတာမို့.. ကိုယ် အကြံအဖန်လုပ်တာ.. လူသိသာနေမှာပေါ့…။
    တကယ်မကြိုက်လို့ ရီတန်းလုပ်မှာမဟုတ်ပဲ.. အကြံအဖန်နဲ့ စတိုးဆိုင်ပစ္စည်းယူဝတ်နေတဲ့ ပုံဖြစ်နေတာမို့… သူများပစ္စည်း အလွဲသုံးစားလုပ်နေသူလို .. မြင်ကြမှာပါ..။
    နေရင်းထိုင်ရင်း.. သိက္ခာထိသွားမယ် ထင်ပါကြောင်း..။ 🙂

    • etone

      October 25, 2011 at 8:48 am

      ဒီမှာက သူများလုပ်လို့ လိုက်လုပ်တာ … အဲ့ဒါဘာလေးလဲဆိုတာတောင် သေချာမသိတဲ့လူကလည်းရှိသေးတယ် … ရှက်ရကောင်းမှန်းလည်း သိမယ်မထင်ပါဘူး 😆

  • sukoko

    October 25, 2011 at 12:44 pm

    စတိုင်ရှိတော့စတားဖြစ်တာပေါ့နော်
    Tagလေးတွေတက်ထားတာကလည်းလူသိစေချင်လို့ပါအသစ်ဖြစ်ကြောင်းကို

    • etone

      October 27, 2011 at 8:45 am

      စတားဖြစ်မဖြစ်တော့မသိဘူး … အဲ့လိုလူတွေမြင်လျှင် ရယ်ချင်နေမိတယ် 😆

  • ရွှေဘိုသား

    October 27, 2011 at 10:54 am

    ကိုပေကတော. သူများမတွေးတဲ့ နေရာကနေ ဝင်တွေးလိုက်ပြန်ပြိ တော်တယ်နော်

Leave a Reply