Ricky Martin အကြောင်း သိကောင်းစရာများ…

lu ta loneMay 20, 20101min974

http://beinglatino.files.wordpress.com/2010/03/rocky3.jpg

http://blogs.telegraph.co.uk/news/files/2010/03/ricky-martin-460_793757c.jpg

ရစ်ကစ်မာတင်ဟာ ဘာကြောင့် လိင်တူချစ်သူတွေအတွက် စံပြပုဂိ္ဂုလ် ဖြစ်သင့်သလဲ။

Why Ricky Martin should be an ideal gay?

Walk of Fame မှာ ကြယ်ပွင့်ထိုးခံရတဲ့ ရစ်ကီမာတင်

ပြီးခဲ့တဲ့လက လက်တင်အဆိုတော် ရစ်ကီမာတင်ဟာ သူ့ရဲ့ကိုယ်ပိုင်ဘလော့ဂ်မှာ စာလုံးရေ ၆ဝဝလောက်ရှည်လျှားတဲ့ စာပုဒ်တစ်ခုကို အင်္ဂလိပ်၊ စပိန်နှစ်ဘာသာနဲ့ ရေးသားလွှင့်တင်ခဲ့ပြီး သူ့ဘဝရဲ့ အကြီးမားဆုံးလျှို့ဝှက်ချက်တစ်ခု ပရိသတ်တွေကို အသိပေးပြောကြားလိုက်ပါတယ်။

“I am proud to say that I am a fortunate homosexual man. I am very blessed to be who I am.”

“ကျွန်တော်ဟာ ကံကောင်းတဲ့ လိင်တူချစ်သူအမျိုးသားတစ်ယောက်ဖြစ်ကြောင်း ဂုဏ်ယူစွာပြောကြားချင်ပါတယ်။ ဒီအတွက် ကျွန်တော့်ကိုယ်ကျွန်တော် ဂုဏ်ယူဝမ်းမြောက်မိပါတယ်”

ရှည်လျှားတဲ့ နိဒါန်းချီထားပေမယ့် အထက်ပါစကားနှစ်ကြောင်းဟာ သူပြောချင်တာရဲ့ အဓိကဆိုလိုရင်းဖြစ်ပြီး၊ သူဟာ လိင်တူချစ်သူတစ်ဦးဖြစ်ကြောင်းနဲ့ ဒီအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားထားပါတယ်။

အဲဒီနောက် စာနယ်ဇင်း စာမျက်နှာတွေပေါ်မှာ အနည်းငယ်လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပေမယ့် ကြားရသူအများစုကတော့ သိပ်မအံ့ဩကြတော့ပါဘူး။ အကြောင်းကတော့ ရစ်ကီမာတင်ဟာ ဂေးတစ်ဦးဖြစ်တယ်လို့ ကောလဟာလတွေ ပေါ်ထွက်နေတာ ကြာပြီဖြစ်သလို၊ နာမည်ကျော် အဆိုတော်နဲ့ မင်းသားတွေ ဂေးဖြစ်ကြောင်း ထုတ်ပြောကြတာ ပိုများပြားလာလို့ သိပ်မထူးဆန်းတော့သလို ဖြစ်တာလည်း တစ်ကြောင်းဖြစ်ပါတယ်။

ဂေးဖြစ်ကြောင်း ထုတ်ပြောလိုက်တာ တူပေမယ့် ရစ်ကီမာတင်ကတော့ သူ့အရင်က နာမည်ကျော် ပုဂိ္ဂုလ်ကြီးကြီး ငယ်ငယ်တွေနဲ့မတူပဲ ထူးခြားနေတဲ့အချက်တွေရှိပါတယ်။ သူဟာ ကမ္ဘာသိ အဆိုတော်တစ်ဦးဖြစ်သလို လက်တင်အမေရိကနိုင်ငံအချို့မှာ ဂုဏ်ပြုထိုက်သူ၊ လေးစားထိုက်သူ အဖြစ်သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ ရစ်ကီမာတင်ရဲ့ အောင်မြင်မှု၊ သူ့ရဲ့ ဆောင်ရွက်ချက်နဲ့ သူ့ဘဝရဲ့ ထူးခြားချက်တွေကို ခြုံငုံပြီးကြည့် လိုက်မယ်ဆိုရင် သူဟာ လိင်တူချစ်သူတွေအားလုံးအတွက် စံပြအဖြစ် အားကျအတုယူစရာ သူတစ်ဦးဖြစ်နေတာကို တွေ့ရပါတယ်။ တစ်ချိန်လုံး အပုန်းအဖြစ်နေလာပြီး လိင်တူချစ်သူဖြစ်ကြောင်း ထုတ်ပြောလိုက်တာ တစ်လတောင် မကြာသေးတဲ့ သူတစ်ဦးကို စံပြအဖြစ် သတ်မှတ်တာကို စောဒကတက်နိုင်ပါတယ်။ ဒါပေမယ့် အောက်ဖော်ပြပါ အကြောင်းပြချက်တွေနဲ့ ချိန်ထိုးကြည့်မယ်ဆိုရင်တော့ သူဟာ ဘာကြောင့်စံပြဖြစ်ထိုက်တယ်ဆိုတာ နားလည် နိုင်ပါလိမ့်မယ်။

၁။ လိင်တူချစ်သူအဖြစ် ထုတ်ဖော်ပြောကြားထားသူဖြစ်ခြင်း

စံပြဖြစ်ထိုက်တဲ့ လိင်တူချစ်သူတစ်ဦးဖြစ်ဖို့ အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်ပါတယ်။ ကမ္ဘာတစ်လွှားက အောင်မြင် ကျော်ကြားသူတွေထဲမှာ လိင်တူချစ်သူအဖြစ် အထင်ခံရသူတွေ အမြောက်အများရှိပေမယ့် အားလုံးက ထုတ်မပြောပါဘူး။ အချို့က လိမ်ညာဖုံးကွယ်ပြီး၊ အချို့က သူတို့ရဲ့ ပုဂ္ဂိုလ်ရေးကိစ္စသာဖြစ်လို့ မပြောနိုင်ဘူးလို့ ငြင်းဆို ရှောင်လွှဲတတ်ကြပါတယ်။ ဘယ်နိုင်ငံ၊ ဘယ်ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် လိင်တူချစ်သူဖြစ်ကြောင်း လူသိရှင်ကြား ထုတ်ပြောဖို့ဆိုတာ ကြီးမားတဲ့ စိတ်ဓါတ်အင်အားနဲ့ ဖြစ်လာသမျှအကျိုးဆက်ကို ရင်ဆိုင်နိုင်တဲ့ သတ္တိလိုအပ်ပါတယ်။

ဘယ်လောက်ပဲ ထူးချွန်အောင်မြင်ပြီး ဂုဏ်သတင်းမွှေးနေပါစေ ဒီလိုရင်ဆိုင်ရဲတဲ့ သတ္တိမရှိလို့ အမှန်ကိုဝန်မခံရဲပဲ အပုန်းဘဝနဲ့ အဆုံးသတ်သွားကြသူတွေဟာ ဘဝတူလိင်တူချစ်သူတွေအတွက် ဘာအကျိုးမှ မပြုနိုင်ပါဘူး။

ရစ်ကီမာတင်ရဲ့ ဖြစ်ရပ်ကိုကြည့်ရင် အခြားသင်ခန်းစာတစ်ခုလည်း ရနိုင်ပါတယ်။ ရစ်ကီမာတင်ဟာ သူအောင်မြင်မှုမရသေးခင်နဲ့ အောင်မြင်မှု အရှိန်အဟုန် ကောင်းနေတဲ့ ကာလမှာ လိင်တူချစ်သူဖြစ်ကြောင်း ထုတ်မပြောသေးပါဘူး။ ဂီတလောကမှာ သမိုင်းဝင်အောင်မြင်မှုတွေ ရရှိလာပြီး သူ့ကိုဖယ်ထုတ်လို့ မရနိုင်တော့တဲ့ အနေအထားရောက်မှသာ ထုတ်ပြောလိုက်တာပါ။ ဒါကိုကြည့်ရင် လိင်တူချစ်သူဖြစ်ကြောင်း ထုတ်ပြောဖို့ သင့်တော်တဲ့ အချိန်နဲ့ ပတ်ဝန်းကျင်လည်း ရှိနေဖို့လိုအပ်တာကိုလည်း သိမြင်နိုင်ပါတယ်။

၂။ ထူးချွန်၍ အောင်မြင်ကျော်ကြားသူတစ်ဦးဖြစ်ခြင်း

ရစ်ကီမာတင်ဟာ လက်တင်ပေါ့ပ် ဂီတလောကရဲ့ အမှတ်သင်္ကေတနဲ့ အအောင်မြင်ဆုံး အဆိုတော်အဖြစ် သတ်မှတ်ခံထားရသူတစ်ဦး ဖြစ်ပါတယ်။ ဂီတသက်တမ်း နှစ်နှစ်ဆယ်ကျော်အတွင်းမှာ သူ စပိန်၊ အင်္ဂလိပ်၊ ပြင်သစ်၊ အာရဗီ ဘာသာတွေနဲ့ သီချင်းပေါင်းများစွာ သီဆိုခဲ့ပြီး၊ ကမ္ဘာတစ်ဝှမ်းမှာ သူ့ရဲ့ ဂီတအယ်လဘန် သန်း၆ဝကျော် ရောင်းချရခဲ့ပြီးဖြစ်ပါတယ်။ သူ့ရဲ့ စပိန်စကားပြော သီချင်းအယ်လဘန်တွေဖြစ်တဲ့Ricky martin (1991), Me Amaras (1993), A Medio Vivir (1995) နဲ့ Vuelve (1998)တို့ရဲ့ အောင်မြင်မှုကြောင့် အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေမှာ လက်တင်သီချင်းတွေ နေရာရလာပြီး အခြားလက်တင် အဆိုတော်တွေအတွက် လမ်းပွင့်သွားစေခဲ့ပါတယ်။

၁၉၉၈ခုနှစ် ပြင်သစ်နိုင်ငံမှာ ကမ္ဘာ့ဖလားဘောလုံးပွဲကျင်းပတော့ လူတိုင်းပါးစပ်ဖျားမှာ ရေပမ်းစားခဲ့တဲ့ “ဂိုး…ဂိုး…ဂိုး ဟာလေ ဟာလေး ဟာလေး”ဆိုတဲ့ ကမ္ဘာ့ဖလားသီချင်းကို မှတ်မိကြဦးမှာပါ။ La Copa de la Vida (The Cup of Life)လို့ အမည်ရတဲ့ဒီသီချင်းဟာ ရစ်ကီမာတင်သီဆိုခဲ့သမျှထဲမှာ လူသိအများဆုံး သီချင်းဖြစ်ပြီး၊ သူ့ကိုလည်း အဲဒီနှစ်အတွက် ဂရမ်မီဆု ရစေခဲ့ပါတယ်။ အဲဒီနောက် ၂ဝဝ၁ခုနှစ် ဂျော့ဘုရှ် သမ္မတရာထူးလက်ခံရယူတဲ့ အခမ်းအနားနဲ့ ၂ဝဝ၆ခုနှစ် တုရင် ဆောင်းရာသီအိုလံပစ်ပိတ်ပွဲတို့လို ကမ္ဘာတစ်လွှား ထုတ်လွှင့်ပြသတဲ့ အခမ်းအနားတွေမှာ ပါဝင်ဖျော်ဖြေခွင့်ရခဲ့ပြီး၊ ၂ဝဝရခုနှစ်မှာ ဟောလိဝုဒ်မှ ထင်ရှားကျော်ကြားသူများ လျှောက်လမ်း Walk of Fame မှာ သူ့နာမည်နှင့် ကြယ်ပွင့်ရရှိခဲ့ပါတယ်။ သူဟာ စပိန်စကားပြော လက်တင်အမေရိကနိုင်ငံတွေရဲ့ ကိုယ်စားပြု အထင်ကရပုဂ္ဂိုလ်တစ်ဦးအဖြစ် သဘောထားခံခဲ့ရပါတယ်။

ရုပ်ရည်အရလည်း တည်ကြည်ခန့်ညားတဲ့ အသွင်အပြင်ရှိပြီး The Peopleမဂ္ဂဇင်းက ရွေးခြယ်တဲ့ ကမ္ဘာပေါ်မှာ အချောမောဆုံးသူ ငါးဆယ်စာရင်းမှာ ၂ဝဝဝခုနှစ် နဲ့ ၂ဝဝ၆ခုနှစ် တွေအတွက် အရွေးခံခဲ့ရပါတယ်။ သူဟာ အဆိုတင်မကပဲ ပြဇာတ်နဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

ဒီလို ထူးချွန်ပြီး အောင်မြင်ကျော်ကြားသူတစ်ဦးဟာ လိင်တူချစ်သူတစ်ဦးဖြစ်ကြောင်း ထုတ်ဖော်ကြေငြာလိုက်တာဟာ လိင်တူချစ်သူတွေအတွက် ကြီးမားတဲ့အင်အားတစ်ရပ် ဖြစ်ပါတယ်။ သူ့ကိုချစ်တဲ့ လိင်တူချစ်သူပရိသတ်တွေအတွက် အတုယူစရာ ပုဂ္ဂိုလ်တစ်ဦးဖြစ်လာသလို လိင်တူချစ်သူမဟုတ်တဲ့ ပရိသတ်တွေအတွက်လည်း အနုပညာနဲ့ ပုဂိ္ဂုလ်ရေးကို ခွဲခြားပြီးမြင်တတ်လာဖို့ အားပေးရာရောက်ပါတယ်။

ယေဘူယျအားဖြင့် လိင်တူချင်းချစ်သူတွေဟာ လုပ်ငန်းခွင်မှာ လိင်ကွဲချစ်သူတွေထက် အခက်အခဲ အတားအဆီးတွေ ပိုမိုကြုံရတတ်ပါတယ်။ ဒီလို အပိုပေါ်ပေါက်လာတဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖို့ သူများထက်ပိုပြီး အင်အားစိုက်ဖို့လိုတာမို့ အောင်မြင်မှုရဖို့ နှောင့်နှေးတတ်ပါတယ်။ ‘ဒီလို စိန်ခေါ်မှုတွေ ကြားထဲက ရုန်းထွက်ပြီး ထိပ်ဆုံးရောက်လာတဲ့ ရစ်ကီမာတင်လို သူမျိုးတွေရှိနေခြင်းဟာ ထူးချွန်အောင်မြင်မှုနဲ့ လိင်တူချစ်ခြင်းဟာ အတူတကွ ဖြစ်ထွန်းနိုင်ကြောင်း သက်သေပြနေသလိုပါပဲ။

၃။ သားသမီးရယူထားခြင်း

၂ဝဝ၈ခုနှစ် ဩဂုတ်မှာ ရစ်ကီမာတင်ဟာ မက်တီယိုနဲ့ ဗလန်တီနိုဆိုတဲ့ အမွှာသားငယ်နှစ်ဦးကို အငှားကိုယ်ဝန်နဲ့ အောင်အောင်မြင်မြင် မွေးဖွားခဲ့ပါတယ်။ မိခင်မရှိပဲ မွေးဖွားခဲ့တာဖြစ်ပြီး၊ မမျိုးဥအလှူရှင်နဲ့ အငှားကိုယ်ဝန် ဆောင်ပေးသူ အမျိုးသမီး ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို လျှို့ဝှက်ထားပါတယ်။ အခုဆိုရင် နှစ်နှစ်သားအရွယ်ရှိပြီဖြစ်တဲ့ သားငယ်နှစ်ဦးဟာ တစ်ဦးတည်းသောအုပ်ထိမ်းသူဖခင်ကြီး ရစ်ကီမာတင်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်ရှိနေပုံတွေကို စာနယ်ဇင်းတွေမှာ မကြာမကြာ တွေ့ကြရမှာပါ။

လိင်တူချစ်သူတစ်ဦးအနေနဲ့ မွေးစားတာမဟုတ်ပဲ ကိုယ့်သွေးသားကနေ သားသမီးရယူနိုင်တာဟာ အမေရိကန်လိုနိုင်ငံမှာတောင် တော်တော့်ကို ခေတ်ရှေ့ပြေးတဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ လိင်တူချစ်သူတွေကို ဖိနှိပ်နေကြရတဲ့အကြောင်း အမျိုးမျိုးရှိတဲ့အနက် နောက်မျိုးဆက်အတွက် သားသမီးမမွေးဖွားပေးနိုင်ခြင်း ဆိုတာကတော့ အဓိကကျတဲ့ အကြောင်းပြချက်တစ်ခုဖြစ်ပါတယ်။ သားသမီးရှိတာဟာ လူသားတိုင်းကို ပိုမိုရင့်ကျက်ပြည့်ဝစေပြီး၊ မိဘဖြစ်သူနှစ်ဦးရဲ့ ဆက်ဆံရေးကိုလည်း ပိုမိုခိုင်မာစေပါတယ်။ ဒီသားသမီးမယူနိုင်တဲ့ အားနည်းချက်ကြောင့် လိင်တူချစ်သူတွေဟာ မိသားစုဆိုတဲ့ အသိုက်အမြုံကိုရေရှည်ထူထောင်ဖို့ မလွယ်ကူပဲ၊ လိင်ကွဲချစ်သူတွေနဲ့စာရင် တစ်ပန်းရှုံးနေခဲ့တာ ကမ္ဘာဦးကတည်းကပါပဲ။ အခုတော့ နောက်ဆုံးပေါ် တီထွင်မှုတွေကြောင့် ဒီအားနည်းချက်ကို တော်လှန်ပြောင်းလဲနိုင်မယ့်ခေတ်ကို ရောက်လာပါပြီ။

ရစ်ကီမာတင်ဟာ ဒီမေထုန်မဲ့ ကလေးယူတဲ့နည်းပညာကို အစောဆုံး လက်တွေ့အသုံးချလိုက်နိုင်သူတွေ အနက်က တစ်ဦးဖြစ်ပါတယ်။ သူဟာ ကနဦးကတည်းက ကမ္ဘာသိ အဆိုတော်တစ်ဦးလည်း ဖြစ်နေတာမို့ သူ့ရဲ့လုပ်ဆောင်ချက်ဟာ ကမ္ဘာအရပ်ရပ်က ကလေးလိုချင်တဲ့ လိင်တူချစ်သူအားလုံးအတွက် လမ်းပြလိုက်သလိုပါပဲ။ ဒါ့အပြင် လူများစုတွေးထင်ထားသလို လိင်တူချစ်သူတွေဟာ သားသမီးမမွေးနိုင်ပဲ လူညွှန့်တုံးနေသူတွေ မဟုတ်တော့ဘူးဆိုတဲ့အချက်ကို သက်သေပြလိုက်တာလည်းဖြစ်ပါတယ်။

၄။ ပရဟိတလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားနေသူဖြစ်ခြင်း

ရစ်ကီမာတင်ဟာ ဂီတနဲ့ အနုပညာပိုင်းမှာ ထူးချွန်အောင်မြင်မှုတွေအပြင် ပရဟိတနဲ့ လူမှုရေးလုပ်ငန်းတွေမှာ အားတက်သရော ပါဝင်ဆောင်ရွက်နေတာဟာလည်း သူ့ကို လူသိများစေတာ ဖြစ်ပါတယ်။ သူတည်ထောင်ခဲ့တဲ့ ရစ်ကီမာတင် ဖောင်ဒေးရှင်းဟာ လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ ကလေးသူငယ်များအကျိုးအတွက် ထိထိရောက်ရောက် ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ရစ်ကီမာတင် ဖောင်ဒေးရှင်းဟာ ထိုင်း ဆူနာမီဘေး၊ ကက်ထရီနာ မုန်တိုင်းနဲ့ ဟေတီငလျှင်တို့လို သဘာဝဘေးအန္တရာယ်ကျရောက်ရာ ဒေသတွေအတွက်လည်း ကယ်ဆယ်ရေးရန်ပုံငွေတွေ စုဆောင်းလှူဒါန်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပွာတိုရီကို နိုင်ငံမှာလည်း လူငယ်ထိန်းသိမ်းရေးစခန်းတစ်ခုကို ထူထောင်ပေးခဲ့ပါတယ်။ ဒီစခန်းဟာ ခိုကိုးရာမဲ့ ဖြစ်နေတဲ့ လိင်တူချစ်သူလူငယ်တွေကို လက်ခံပြီး ပြုစုပျိုးထောင်ပေးတဲ့နေရာဖြစ်ပါတယ်။

သူဟာ စပိန်စကားပြော လက်တင်လူမျိုးအဆိုတော် ဖြစ်တာနဲ့အညီ လက်တင်အမေရိကနိုင်ငံတွေကို ကမ္ဘာလှည့် ခရီးသွားတွေ ပိုမိုလာရောက်အောင် ဆွဲဆောင်လှုံ့ဆော်တဲ့ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအစီအစဉ်တွေမှာလည်း ပါဝင်ခဲ့ပါတယ်။

သူဟာ ပွာတိုရီကိုနိုင်ငံမှာ မွေးဖွားခဲ့ပြီး၊ အမေရိကန်ရောက်မှ အောင်မြင်လာသူ ဖြစ်ပေမယ့်၊ သူ့ရဲ့ဇာတိနိုင်ငံကို ပစ်ပယ်မထားပါဘူး။ ပွာတိုရီကန် အထိမ်းအမှတ် အခမ်းအနားတွေ၊ လမ်းလျှောက်ချီတက်ပွဲတွေမှာ ထိပ်ဆုံးကပါဝင်လေ့ရှိတာမို့ သူ့ဇာတိ ပွာတိုရီကိုမှာ သူ့ကို လေးစားချစ်ခင်ကြတာ မဆန်းပါဘူး။

ဒီလို ပရဟိတလုပ်ငန်းတွေမှာ ပါဝင်လှုပ်ရှားတာဟာ အများပြည်သူ အကျိုးရှိစေရုံမပဲ၊ လူအများက လိင်တူချစ်သူတွေအပေါ်မှာ အကောင်းမြင်လာစေဖို့ အထောက်အကူ ပြုတာကြောင့် အတုယူထိုက်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။

၅။ ကြီးမားသော နာမည်ပျက် မရှိသေးခြင်း

နာမည်ကြီးတွေဟာလည်း လူပဲမို့ နာမည်ပျက်နဲ့ လုံးဝကင်းအောင်နေနိုင်ကြတာ ရှားပါတယ်။ အမေရိကန်နိုင်ငံက နာမည်ကျော် မင်းသား၊ မင်းသမီး၊ အဆိုတော်တွေဟာ အရက်မူးပြီးကားမောင်းတာ၊ သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းမိတာ၊ အိမ်ဖော်ကို ရိုက်နှက်မိတာလို အသေးအဖွဲပြစ်မှုတွေကို အနည်းနဲ့ အများကြုံကြရတတ်ပါတယ်။ ပရိသတ်ကလဲ အမှားမကင်းနိုင်တာ လူ့သဘာဝမို့ နားလည်ပေးကြပါတယ်။ ဒါပေမယ့် ဆိုးဝါးလှတဲ့ မုဒိန်းမှု၊ အလစ်သုတ်မှု၊ ကလေးသူငယ်တွေကို မတော်တရော်ပြုမှုလို ပြစ်မှုမျိုးတွေအတွက် စွဲချက်တင်ခံရပြီဆိုရင်တော့ ဘယ်နာမည်ကျော်မဆို ပြန်နလန်မထူနိုင်အောင် ဖြစ်ကြရပါတယ်။ အထူးသဖြင့် ကျူးလွန်သူဟာ လိင်တူဆက်ဆံသူ ဂေးဖြစ်နေတယ်ဆိုရင်တော့ ပြီးပါလေရော။ စာနယ်ဇင်းတွေကလဲဖွ၊ လူတွေကြားမှာလဲ ပြောမဆုံးတော့သလို ဂေးမုန်းတီးသူတွေကလဲ အမှုကြီးသထက်ကြီးအောင် လှုံ့ဆော်မှုတွေလုပ်တတ်ကြပါတယ်။ အဆိုးဆုံးကတော့ ထုတ်မပြောရသေးတဲ့ လိင်တူချစ်သူ လူငယ်လူရွယ်တွေ အကြားမှာ ဂေးတွေဟာ မကောင်းပါလားဆိုတဲ့ အတွေးကိုဝင်စေပြီး တစ်သက်လုံးစာ အပုန်းဖြစ်သွားစေဖို့ တွန်းအားပေးနေသလိုပါပဲ။

ရစ်ကီမာတင်ဟာ လက်ရှိအချိန်အထိ လူသိရှင်ကြား တရားစွဲဆို ပြစ်ဒဏ်ချမှတ် ခံရတာမျိုးမရှိသေးပါဘူး။ သူဟာ အသက် ၄ဝနီးပါး အရွယ်အထိ အကျင့်စာရိတ္တပျက်ပြားမှုကြောင့် နာမည်ပျက်မရှိသေးတာကိုကြည့်ရင် စောင့်စည်း ထိန်းသိမ်းမှု အားကောင်းတယ်လို့ ဆိုနိုင်ပါတယ်။

သတိပြုစရာ အချက်တစ်ခုကတော့ သူ့မှာ တရားဝင်ကြေငြာထားတဲ့ ချစ်သူမရှိသေးပါဘူး။ အတူနေချစ်သူ မရှိသေးတဲ့ သူတစ်ဦးဟာ အထီးကျန်ဆန်၊ အထိန်းအကွပ်မဲ့ပြီး မကောင်းမှု ကျူးလွန်မိဖို့ ဖြစ်နိုင်ခြေ ရှိပါတယ်။

ဘာပဲဖြစ်ဖြစ် လူ့စိတ်ဟာ ခန့်မှန်းရခက်လို့ နောင်မှာ မကျူးလွန်ဘူးလို့ သေချာပေါက်မပြောနိုင်ပေမယ့် လက်ရှိအချိန်အထိ နာမည်ပျက်မရှိအောင် ထိန်းထားနိုင်တာကတော့ သေချာပေါက် စံပြဖြစ်ထိုက်တဲ့ အရည်အချင်းတစ်ခုပဲ ဖြစ်ပါတယ်။

4 comments

  • Shwemannmay

    May 20, 2010 at 8:10 am

    ဂုဏ်ယူစရာမပာုတ်တာ ဂုဏ်လုပ်လို ့

  • lu ta lone

    May 21, 2010 at 3:08 am

    ဟား ဟား…
    ကျွန်တော်က ရသ အနေနဲ့ တင်ပေးထားတာပါ…အကိုတို့…
    စိတ်မဆိုးပါနဲ့…

  • thay min

    August 5, 2010 at 9:43 am

    လက်စပ်သပ်တော.ဒင်းက အပုန်းပဲ မထင်ရဘူးကြည်. စမ်း။

Leave a Reply