BGပညာဒါနကျောင်းသို့ (သို့) ကိုသစ်မင်းကဗျာမှ ရှက်မိသူရေးသည်

panpanOctober 24, 20114min22017

မနေ့က (၂၃၊ အေက်တိုဘာ၊ ၂၀၁၁) တနင်္ဂနွေနေ့တုန်းက ကျွန်မ တောင်ဒဂုံက BGသွေးအကူအညီပေးရေးအဖွဲ့ရဲ့

ပညာဒါနကျောင်းလေးကို ရောက်ခဲ့ပါတယ်။ အဲဒီနေ့မနက်က အဖွဲ့ခေါင်းဆောင် ကိုညီညီဆီကို ဖုန်းဆက်ပြီး သွားခဲ့တာပါ။

ရည်ရွယ်ချက်ကတော့ အဖွဲ့အတွက် အလှူငွေရှာဖို့ပါပဲ။ ကျွန်မအနေနဲ့ ကျွန်မအလုပ်လုပ်နေတဲ့ ရုံးကသူငယ်ချင်းတွေဆီမှ အလှူငွေကောက်ခံပြီး

ပညာဒါနကျောင်းအတွက် လှူဒါန်းဖို့ပါ။ ကျောင်းအတွက်ဆိုပေမယ့် ကျောင်းအတွက်သော်လည်းကောင်း၊ သွေးလှူဒါန်းရာမှာသော်လည်းကောင်း ဘယ်နေရာမှာသုံးသုံးပါ။

ကျောင်းလေးထဲ ဝင်လိုက်တာနဲ့ သူရဲကောင်းတွေရဲ့ အငွေ့အသက်နဲ့ နွေးထွေးမှုကို ရရှိလိုက်ပါတယ်။ ကြက်သီးထစရာပါ။

ကျောင်းက အပြီးအစီးဆောက်ပြီးပါပြီ။ အမေစုမွေးနေ့တုန်းက ဆွမ်းကပ်တာသွားတုန်းကတော့ အမိုးပဲမိုးရသေးပါတယ်။ ဘာအကာမှ မရှိသေးဘူး။

ကျွန်မရောက်သွားတော့ ကိုညီညီနဲ့တော့ မတွေ့ဖြစ်လိုက်ပါဘူး။ ကိစ္စရှိလို့ ခုလေးတင်အပြင်ထွက်သွားတယ်ပြောပါတယ်။

ကျွန်မရောက်ချိန်မှာ ကျောင်းမှာစာသင်နေပါတယ်။ ကလေးတွေက အရွယ်စုံ၊ ဆိုဒ်စုံပါပဲ။

ဘယ်ကကလေးတွေလဲလို့ အဲဒီကစာသင်ပေးနေတဲ့ ဆရာမကို မေးကြည့်တော့ ဒီနားက စည်ပင်ဝင်းထဲက ကလေးတွေပါတဲ့။

သူတို့တွေက ကျောင်းမနေရဘူး၊ ခုလည်း အလုပ်လုပ်ပြီး စားလာသင်ရတာ၊ လုပ်တာကလည်း အမှိုက်တွေလိုက်ကောက်ရတာပါတဲ့။

ကျောင်းရဲ့ရည်ရွယ်ချက်တစ်ခုဖြစ်တဲ့ အမှိုက်ကောက်၊ မိဘမဲ့၊ လေလွင့်ကလေးတွေရဲ့ ဘဝကို တတ်နိုင်သလောက်ကယ်ဆယ်တာပေ့ါ။

အဖေအမေမရှိကြဘူးလားဆိုတော့ မိဘလည်းရှိပါတယ်တဲ့။ ဒါနဲ့ ဆရာမက ကလေးတစ်ယောက်ကို မတ်တပ်ရပ်ခိုင်းပြီး အင်တယဗျူးပါတယ်။

“သားနာမည်ဘယ်လိုခေါ်လဲ”

“XXXXXXX” (ထိုကလေး၏နာမည် မမှတ်မိလို့ပါ)

“သားမိဘတွေ ဘာလုပ်ကြလဲ”

“………………..”

“သား ပြောပါ” (ကလေးက မျက်နှာညှိုးနေပါပြီ၊ အသံလည်း ထစ်နေပါပြီ)

“သား..အဖေက..အရက်သောက်တယ်…..အမေက သူများအိမ်မှာ အဝတ်လိုက်လျှော်တယ်..၊

အစ်ကိုကတော့….ဇာတ်ထဲလိုက်သွားပြီ”

“မင်းသားလုပ်တာလား” ဆရာမက စလိုက်တယ်။

ကလေးက ရှက်ပြုံးလေးပြုံးပြီး ခေါင်းခါတယ်။ ကလေးငယ်လေးညှိုးငယ်နေသလို ဆရာမလည်း မျက်နှာမကောင်း၊ သက်ပြင်းချလျှက်….။

နောက်ကလေးတစ်ယောက်အလှည့်။

“သားနာမည်ဘယ်လိုခေါ်လဲ”

“အငယ်ကောင်၊ အမေက မြို့ထဲမှာ ဗာဒံသီးထုရောင်းတယ်၊ ညီမလေးနဲ့၊

တခါတလေ သားလိုက်သွားရတယ်၊ အမေရယ်၊ ညီမလေးရယ်၊ သားရယ် သုံးယောက်ပေ့ါ”

ကလေးတွေက အပြောအဆိုရိုင်းတယ်။ အဆဲလေးနဲ့မှ ပြောတတ်ကြတယ်၊ သင်ရတဲ့ဆရာမတော့ ဘယ်လိုနေမယ်မသိ။

ကျွန်မတော့ ဘေးကနေတာတောင် အသံတွေလည်းဝင်လာသလိုလို၊ အော်ငိုချင်လာသလိုလို၊

ကြာရင် ထွက်ပြေးမိမှာ သေချာပဲ။ စာသင်ရင်းလည်း အချင်းချင်း ရန်ဖြစ်ကြတာခဏခဏ။

အတော်လေး ထိန်းရခက်တယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း အငယ်အကြီးမညှာကြ။

ဆရာမတွေလည်း သနားဖို့ကောင်းတာအမှန်။ ဒီလိုနဲ့ သူတို့စာသင်ပြီးထိ စောင့်ကြည့်ခဲ့ပါတယ်။

အရေးအဖတ်အတွက်တော့ ဒီနေ့သင်မှာမဟုတ်ဘူးတဲ့။ ဒီနေ့က ယဉ်ကျေးလိမ္မာဖို့သင်တာ။

ငါးမိနစ်လောက် တရားထိုင်ခိုင်းတယ်၊ ငါးပါးသီလ ယူတာသင်တယ်။ လိမ်မပြောဖို့၊ ဆေးလိပ်မသောက်ဖို့၊

ရန်မဖြစ်ဖို့။ ကဗျာလေးတွေနဲ့လည်း သင်ပေးတယ်။

စာသင်ပြီးတဲ့အခါမှာတော့ ကလေးတစ်ယောက်ကျ ဆန်နို့ဆီဗူးတစ်ဗူးနဲ့ ကိတ်မုန့်လေး နှစ်ထုတ်(ကိတ်ဘွိုင်းလိုကိတ်မုန့်)

ပေးလိုက်ပါတယ်။ အားလုံးစုစုပေါင်း ၁၉ယောက်ပါ။ တခါတလေ ၂၅ယောက်လောက်ရှိတတ်ပြီး တခါတလေ ၉ယောက်၁ဝယောက်လောက်ပဲလည်း

ဖြစ်တတ်ပါတယ်တဲ့။ သူတို့က ကျောင်းတက်နေတဲ့ ကလေးတွေလိုမဟုတ်၊ အလုပ်လုပ်ရင်း ဒီပညာဒါနကျောင်းကို လာကြခြင်းပါ။

အဲဒီထဲမှာ သူတို့ကို ပေးတဲ့အထုပ်လေးတွေကိုင်ပြီး ကလေးတစ်ယောက်က ကျောင်းရှေ့မှာချထားတဲ့သူ့အိတ်လေး သယ်လိုက်တယ်။

ပလစ်စတစ်အကြည်အိတ်၊ ဆာလာအိတ်နီးပါးအရွယ်၊ အထဲမှာလည်း ရေသန့်ဗူးခွံ၊ အအေးဗူးခွံတွေ…………..။။။။ ဝေစုအထုပ်က ၁၉ထုပ်၊ ကလေး၁၈ယောက်ပဲ

ပေးရသေးတော့ ၁ထုပ်ကျန်နေတယ်။ ကလေးတစ်ယောက်ပျောက်နေလို့ ဆရာမတွေလည်း အော်ခေါ်ပြီးရှာကြတယ်။

ခဏနေတော့ ကလေးကဘယ်ကထွက်လာတယ်မသိ၊ တစ်ကိုယ်လုံးစိုရွဲလို့၊ ဝတ်ထားတဲ့(လူကြီးစွပ်ကျယ်လည်း ရွဲလို့)

အောက်က ဘောင်းဘီပါမပါတော့ မသိဘူး။

သူတို့အတန်းပြီးတော့ နောက်တစ်တန်းစတယ်။ ကွန်ပျူတာတန်း။ အဲဒီကလေးတွေကတော့ ကျောင်းနေတဲ့ကလေးတွေ။

ဒီပညာဒါနကျောင်းမှာ လာပြီးကွန်ပျူတာသင်ကြတာ။ သင်ပေးတဲ့ ဗော်လန်တီယာဆရာမရှိတယ်။ သင်တာကတော့ ကွန်ပျူတာ အခြေခံပေ့ါ၊

စာစီစာရိုက်တို့ Excelလေးသုံးတတ်အောင် ဘာညာသာရကာ၊ သူတို့ကတော့ အေးအေးဆေးဆေးလေးရှိကြတယ်။ ခုနအုပ်စုလိုမဟုတ်ဘူး။

ကျွန်မလည်း သူတို့အုပ်စုကို ဓါတ်ပုံရိုက်ပြီး ကျောင်းရှေ့ကဆိုင်လေးမှာ အဖွဲ့ဝင်မိန်းကလေးနှစ်ယောက်နှင့် အတူစကားပြောဖြစ်ပါတယ်။

အသင်းဝင်မယ်ဆိုရင် မန်ဘာကြေး တစ်လ၂၀၀ဝကျပ်၊ ပိုထည့်ချင်လှူချင်လည်း ရတယ်။

လှူတာကတော့ ကြိုက်တာလှူလို့ရတယ်၊ ကလေးတွေကို မုန့်တို့၊ ထမင်းတို့ လာကျွေးချင်လည်း ရတယ်၊ ကျောင်းအတွက်လှူချင်လည်းရတယ်။

ကွန်ပျူတာအဟောင်းတွေ မသုံးတော့တာလည်း လှူလို့ရတယ်လေ။ ကျွန်မလည်း အမေစုမွေးနေ့မတိုင်ခင်က ကွန်ပျူတာစာအုပ်တွေနဲ့ ကွန်ပျူတာအဟောင်းတစ်စုံ

လှူဖြစ်တယ်။ ဖြတ်ညှပ်ကပ်သုံးလို့မှ ရပါလေစ။ စာအုပ်လှူမယ်ပြောဖူးတဲ့ သူငယ်ချင်းဆီက စာအုပ်တွေလည်း သွားမ,ခဲ့တယ်လေ။

အဲဒီမှာ အသင်းရန်ပုံငွေအတွက်လည်း ဗိုလ်ချုပ်နဲ့ အမေစုတို့ရဲ့ ပုံတွေပါတဲ့ တီရှပ်၊ လွယ်အိတ်၊ ကီးချိန်း၊ နာရီ၊ ဆွဲကြိုး၊ ဝေါရှိ စသည်ဖြင့်

ရောင်းပါတယ်။ အဲဒီကျောင်းကို ကျွန်မရောက်ပြီးခဏအကြာမှာ ကိုသီဟန်၊ (ဒဂုံမြို့သစ်လူငယ်တာဝန်ခံ[၁])လည်း ရောက်လာပါတယ်။

သူကလည်း ကျွန်မကို ဒီကျောင်းကို လာဖို့၊ မိသားစုလိုပဲနေဖို့ပြောပါတယ်။ ထမင်းစားသွားပါလားတဲ့၊ သူကတော့ ဗိုက်ဆာလာလို့ သွားစားလိုက်ဦးမယ်ဆိုပြီး

သွားစားပါတော့တယ်။ အပြန်မှာ အစကတော့ လမ်းထိပ်က ကျန်းမာရေးမှတ်တိုင်ကပြန်မှာဖြစ်ပေမယ့် နောက်လာရင်လည်း တခြားမှတ်တိုင်ကလာတတ်အောင်ဆိုပြီး

၁၈ထိပ်မှတ်တိုင်ဖက်ကပဲ ကားစီးဖြစ်ပါတယ်။ ၃၉စီးပြန်ဖို့နဲ့ တာမွေရောက်မှဆင်းဖို့ အထပ်ထပ်မှာကြတယ်။ စံပြဈေးမှာ ဆင်းလိုက်ရင် ကားရှားတယ်လေ။

ကိုသီဟန်ကလည်း အဲဒီဖက်ကိုသွားစရာရှိတော့ လမ်းကြုံပါတယ်၊ ကျွန်မကိုစက်ဘီးနဲ့ လိုက်ပို့ပေးပါတယ်။

စက်ဘီးပေါ်မှာ သူ့ကိုမေးဖြစ်တာကတော့ “ဒီလိုလူမှုရေးတွေ လိုက်လုပ်နေတာ အစ်ကိုကြီးတို့ အားရောအားရဲ့လား၊ အချိန်ဘယ်ရှိပ့ါမလဲလို့”

“ဘယ်အားမလဲညီမရယ်၊ ဒီလိုပဲ လုံးချာလည်နေတာပေ့ါ၊ အစ်ကိုဆို ဆံပင်ညှပ်ဆိုင်ဖွင့်ထားတယ်လေ၊ မနေ့ကလည်း ဆိုင်မဖွင့်ဖြစ်ဘူး”

“………………………”

“ဒီမှတ်တိုင်ပဲညီမလေး၊ ဟောဟိုမှာ ၃၉လာနေပြီ၊ စီးသွားလိုက်တော့၊ ကိုကြီးမှတ်တိုင်ထိပို့ပေးမယ်”

ကားပေါ်တက်သွားပြီး လမ်းမှာအတွေးတွေပွားနေမိပါတော့တယ်။ ကိုသီဟန်ကိုမေးလိုက်တဲ့စကား၊

သူပြန်ဖြေတဲ့အဖြေ၊ သူတို့အားလို့လုပ်နေတာမဟုတ်ဘူး၊ ငွေတွေသိပ်ပေါနေတာမဟုတ်ဘူး၊ ကျွန်မသူတို့တွေနားရောက်ရင်

သိမ်ငယ်တယ်၊ ကျုံ့ဝင်သွားတယ်။

ကိုသစ်မင်းရဲ့ကဗျာကို ပြန်သတိရမိတယ်။ “ရှက်”တဲ့……။။။။။။။။။။။

(ဓါတ်ပုံတွေတော့ သိပ်မရိုက်တတ်ပါ၊ ကင်မရာသီးသန့်လည်းမရှိလို့ ပါလာတဲ့ဖုန်းလေးနဲ့ပဲရိုက်လိုက်ရပါတယ်၊

ဝါးနေတဲ့ပုံတွေလည်း ပါပါတယ်၊ ကလေးသေးသေးလေးတွေက ဆော့နေလို့ ဝင်ပေါက်တံခါးမကြီးကို ပိတ်ထားလို့

နည်းနည်းလည်း မှောင်နေပါတယ်၊ သည်းခံပြီးသား ရှုစားကြပါကုန်)

ကိုမင်းကိုနိုင်ပုံပါပါအောင်ရိုက်ခဲ့တယ်

သင်လို့ရတဲ့ သင်တန်းတွေပါ

ဗိုလ်ချုပ်နှင့် ဒေါ်ခင်ကြည် မင်္ဂလာဆောင်ပွဲပုံနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံ

တရားမှတ်နေတဲ့ ကလေးတွေ

ကွန်ပျူတာတွေ

 

17 comments

  • thit min

    October 24, 2011 at 4:52 pm

    သစ်မင်းနာမည်နဲ့ ပို့စ်တက်နေတော့ လန့်သွားတာဘဲ။
    အပြေးအလွှားဖတ်လိုက်တော့မှ “သိပ်တော်တဲ့ပန်ပန်ပါဘဲ” မှတ်ချက်ချမိသွားတယ်။
    “စက်ဘီးပေါ်မှာ သူ့ကိုမေးဖြစ်တာကတော့ “ဒီလိုလူမှုရေးတွေ လိုက်လုပ်နေတာ အစ်ကိုကြီးတို့ အားရောအားရဲ့လား၊ အချိန်ဘယ်ရှိပ့ါမလဲလို့”
    “ဘယ်အားမလဲညီမရယ်၊ ဒီလိုပဲ လုံးချာလည်နေတာပေ့ါ၊ အစ်ကိုဆို ဆံပင်ညှပ်ဆိုင်ဖွင့်ထားတယ်လေ၊ မနေ့ကလည်း ဆိုင်မဖွင့်ဖြစ်ဘူး”
    တော်တော်လေးစားစရာ ကောင်းတဲ့လူပါဘဲ။ ကိုယ့်အတွက်(အရမ်းအဆင်မပြေ)ကျိုးစားရှာဖွေနေရတဲ့ကြားက အများအကျိုးလုပ်
    နိုင်တဲ့နှလုံးသားနဲ့လူဆိုတာ ပညာတွေမိုးလောက်တတ်တဲ့သူ၊ ပိုက်ဆံတွေအရမ်းချမ်းသာတဲ့သူ၊ရာထူးကြီးကြီးရှိနေတဲ့လူ တယောက်ထက် သစ်မင်းလေးစားပါတယ်ဆိုတာပြောလိုက်ပါရစေတော့။
    လူ့အဆင့်အတန်းဆိုတာအဲဒါပါဘဲ။
    (ဓာတ်ပုံတချို့မမြင်ရဘူးနော်ပန်ပန်ရေ)

    • pan pan

      October 24, 2011 at 5:03 pm

      ဟုတ်တယ်ကိုသစ်မင်း
      လူ့အဆင့်အတန်းဆိုတာ အဲဒါပဲ
      သူတို့နားရောက်ရင် ဆွံ့အသွားရတယ်
      သူ့တို့စိတ်ထားတွေ၊ စိတ်ဓါတ်တွေကိုတွေ့မြင်လိုက်ရတဲ့အခါ ကိုယ့်အတွက် နေစရာတောင်မရှိအောင်ပါပဲ
      ဒါလည်း ပါးစပ်ကပဲပြောနေတာ
      ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်သေးဘူး

      တချို့ဓါတ်ပုံတွေက မမြင်ရဘူး
      အရင်လို Uploadလုပ်ပြီး File Nameတွေကူးရေးပြီး လူလည်လုပ်လိုက်လို့လားမသိ 🙄
      ကော်နက်ရှင်မကောင်းလို့ လူလည်လုပ်ကာမှ ပြန်ပြင်ရဦးမယ်ထင်ပါ့

  • blackchaw

    October 24, 2011 at 5:05 pm

    “ရည်ရွယ်ချက်ကတော့ အဖွဲ့အတွက် အလှူငွေရှာဖို့ပါပဲ။ ကျွန်မအနေနဲ့ ကျွန်မအလုပ်လုပ်နေတဲ့ ရုံးကသူငယ်ချင်းတွေဆီမှ အလှူငွေကောက်ခံပြီး
    ပညာဒါနကျောင်းအတွက် လှူဒါန်းဖို့ပါ။”

    သိမ်ငယ်ပြီး ကျုံ့ဝင်သွားစရာမလိုပါဘူး။
    အပေါ်က စာသားတွေက pan pan လည်း သူတို့ကို ကူညီနေတဲ့အတွက်
    သူတို့နဲ့ အတူတူပါပဲ။ ဘာမှ မကွာခြားပါဘူး။ ကျွန်တော် တို့ကသာ
    ဘာမဆိုင်ညာမဆိုင် ဝင်ရှက်နေရသေးတယ်။ ဖတ်မိတာမှားတာပဲ ရှက်လိုက်တာ။
    ဟားဟားနောက်တာနော်။

  • MaMa

    October 24, 2011 at 5:22 pm

    ဝန်ကတော်သေ ၁ ကျပ် ဝန်သေ တမတ်ဆိုတဲ့ စကားပုံရှိတယ် မဟုတ်လား။ လူတစ်ယောက်အတွက် နေရာဆိုတာ သူ့အပေါ်ကို သူ့လုပ်ရပ် သူ့စိတ်ဓာတ်တွေကို ကြည့်ပြီး လူအများက ပေးကြတာဖြစ်ပါတယ်။
    ကိုယ်လုပ်ချင်တာ လုပ်သင့်တာကို လုပ်နိုင်တဲ့ ပန်ပန်ကို လေးစားပါတယ်။ အားပေးပါတယ်။
    ပင်လယ်ထဲမှာ မိုးရွာချတာဟာ ပင်လယ်ကြီးကို ဘာမှ ထူးခြားမလာစေနိုင်ပေမယ့် သဲကန္တာရမှာ မိုးစက်မိုးပေါက်ကလေးကျတာဟာ အများကြီး အကျိုးဖြစ်ထွန်းစေပါတယ်။ Carry on pan pan!

  • naywoonni

    October 24, 2011 at 5:29 pm

    ဆရာ ချစ်ဦးညိုစကားငှားပြောရရင်တော့ ” အားနာတယ်ဗျာ” ခုထိ အတွေးနဲ့ အပြောသမားအဆင့်ပဲရှိသေးတယ်…။ လက်တွေ့ မယ်မယ်ရရ ပြစရာ ဘာမှမလုပ်နိုင်သေးဘူး

  • pooch

    October 24, 2011 at 6:05 pm

    ပန်ပန် ညီမလေးရေ……….. အမလည်း အဲ့ဒီလို လူအကြောင်းကြားလိုက်ရတော့ ကိုယ့်ကိုယ်ကို အရမ်းရှက်သွားတယ်……….
    ညီမလေးကို လည်း လေးစားပါတယ်….. ကိုယ်တွေတောင် မလုပ်နိုင်တာကို ညီမလေးက လုပ်နေတာတွေ့လို့ ပါ….တော်လိုက်တာ….

  • ဆူး

    October 24, 2011 at 6:25 pm

    ပုံတွေ မမြင်ရတာ ဘာလို့လဲ မသိဘူး ဆိုဒ်များ ကြီးနေလို့လား မသိဘူးနော်။ ဒီနေ့ လိုင်းက သိပ်မကောင်းလှဘူး ဂျီတော့တောင် အွန်လိုင်း ဝင်မရလို့ သူငယ်ချင်းတွေက နင် ဂျီပုန်းလား ဆိုပြီး မေးနေကြတယ်။ ပုံလေးတွေ မြင်ချင်တယ် ပန်ပန်ရေ..

  • koyinmaung

    October 24, 2011 at 7:09 pm

    မြင်ရတဲ့ဓါတ်ပုံတွေနဲ့တင်ဘဲတော်တော်စိတ်ဝင်စားဘို့ကောင်နေပါပြီ
    ဒီလိုလူမှု့ရေးအဖွဲ့ရှိတာခုမှသိရတော့တယ်…
    ငွေပြန်ပို့တာနဲ့ကြုံယင်လှူဖြစ်အောင်လှူလိုက်ပါ့အုံးမယ်..
    ကျေးဇူးဘဲပန်ပန်ရေ..ကျေးဇူးဘဲ

  • windtalker

    October 24, 2011 at 7:51 pm

    ပန်ပန် ရေ
    အဲဒီလို ကျောင်းမျိုး မန်းတလေး မှာ သာ ရှိခဲ့မယ် ဆိုရင်
    တစ်ရက် ကို တစ်နာရီလောက်
    ကိုယ်တတ်ထားတဲ့ လက်တွေ ့အသုံးချကျောက်ပညာကို သင်ပေးချင်တယ်ဗျာ
    ကျုပ်တို ့ကျောက်ဝိုင်းမှာလည်း ပုံထဲက အရွယ် ချာတိတ်လေးတွေ
    ကျောက်ဘေးပုတ်စ ၊ အစအန လေး တွေ ကို လိုက်ဝယ်နေတာလေးတွေ ရှိတယ်ဗျ
    ဘာပဲဖြစ်ဖြစ် ပုံနဲ ့တစ်ကွ သိခွင့်ရလို ့ကျေးကျေးပါ

  • padonmar

    October 24, 2011 at 8:17 pm

    ပန်ပန်ရေ မရှက်ပါနဲ့တော့၊ဂုဏ်ယူလိုက်ပါ။ပန်ပန် ကန္တာရမှာ မိုးတစ်ပေါက်ရွာပေးနိုင်ခဲ့ပါပြီ။

  • nozomi

    October 25, 2011 at 9:35 am

    မြန်မာပြည်မှာ အပေါ်ကလိုကျောင်းမျိုး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းလိုမျိုးတွေ များများပေါ်စေချင်ပါတယ် အောင်မြင်စေချင်ပါတယ်

    ပုံမှန်ကျောင်းတွေမှာ မတက်နိုင်ကြ တဲ့ ကလေးတွေ တော်တော်ရှိပါတယ်

    ဒီလိုကျောင်းလေးတွေက လူဆိုး သူခိုးတွေလျော့အောင် ထောင်ဗူးဝတွေ ပိတ်အောင် ကူညီပေးနေတာပါ

    ဒီပို့စ် ကို ဖတ်ပြီးမှ ပန်ပန် ရှက်တာထက်ကို ပိုရှက်မိပါတယ်

  • weiwei

    October 25, 2011 at 9:52 am

    ဖတ်ပြီးတော့ တကယ်ရှက်မိပါတယ် … စိတ်ကူးထဲမှာတော့ ရှိနေတာကြာပြီ .. လက်တွေ့ကတော့ တော်တော်ဝေးနေသေးတယ် …

  • pan pan

    October 25, 2011 at 10:27 am

    ပို့စ်မှာ မန်းတဲ့လူတွေအားလုံးကို ကျေးဇူးတင်ပါတယ်
    ကျွန်မရှက်ရခြင်းအကြောင်းကတော့ ပို့စ်မှာတော့ ထည့်ရေးမထားခဲ့ပါဘူး
    တကယ်ကတော့ ချန်ခဲ့လို့ ကျန်ခဲ့သွားတာပါ
    စက်ဘီးပေါ်မှာ ကိုသီဟန်နဲ့ စကားပြောခဲ့တာတွေမှာ
    “ညီမလေး ရုံးကတနင်္ဂနွေနေ့ပဲ ပိတ်တာလား”
    “မဟုတ်ဘူး ကိုကြီး၊ အစိုးရရုံးပိတ်ရက်အတိုင်း ပိတ်တာ၊ စနေ တနင်္ဂနွေ”
    “ဟုတ်လား၊ ဒါဆို ပိတ်ရက်မှာ တစ်ရက်လောက်တော့ ဒီကိုလာလို့ရတာပေ့ါ၊ ဘာလုပ်တာလဲ”
    “ပရိုဂရမ်မာပါ၊ ကျောင်းပြီးကတည်းက လုပ်နေတာ၊ ကွန်ပျူတာနဲ့ပြီးတာပါ”
    “ဟာ၊ ဒါဆို ဒီမှာ ကွန်ပျူတာအပိုင်း လာသင်ပေးလို့ရတာပဲ၊ တစ်ပတ်တစ်ရက်လောက်ဖြစ်ဖြစ်ပေ့ါ”
    “ဟုတ်……….” (ကျွန်မအသံ တိမ်ဝင်သွားပါတယ်၊ ပိတ်ရက်နှစ်ရက်ရှိတာ တစ်ရက်မှာ နေ့တစ်ဝက်လောက် အများအတွက် အချိန်၊ အင်အား မပေးနိုင်ဘူးလား၊ ခုတစ်ရက်တောင် သူငယ်ချင်းနဲ့ မချိန်းတော့ဘဲ “မအားဘူး၊ သွားစရာရှိတယ်” ပြောပြီးရောက်သွားတာ၊ ရုပ်ရှင်ကြည့်ဖို့ချိန်းတာလေ)
    ကိုသီဟန်ကိုပြန်မေးလိုက်တာကတော့ ပိုစ့်ထဲမှာ ထည့်ရေးထားပါတယ်။
    သူတို့ကတော့ မအားဘဲလုပ်နေတာ၊ ကျွန်မက အားတဲ့အချိန်ကို ပေးဖို့ခက်ခဲနေတာ….။
    “ကိုယ့်အတွက်ချည်းပဲ ဦးစားပေးလုပ်နေလား၊ ကိုယ်တစ်ယောက်တည်းရှေ့ရောက်ဖို့ပဲတွေးနေမိလား”
    ကိုယ့်ဘာသာပြန်မေးရင်း………ကိုသစ်မင်းရဲ့ကဗျာကို ပြန်သတိရ…………..ပြီး…။
    အဲဒါကို ရှက်မိတာပါပဲရှင်………………..။။။။။။။။
    သူတို့တွေက မြင့်မြတ်လိုက်တာ။ ဘယ်လိုနှလုံးသားနဲ့လူတွေပါလိမ့်။။။။
    —————————————————————-
    ပုံတွေမမြင်ရဘူးဆိုလို့ ဒီမနက်ထပ်တင်ပေးလိုက်ပါတယ်
    ကော်နက်ရှင်ကလည်း သိပ်မကောင်းတော့ (မြန်မာနိုင်ငံမှာ) ကြည့်တဲ့လူတွေကိုလည်း အားနာပါတယ် :mrgreen:
    သဂျီးရဲ့ ဆာဗာကြီးကိုလည်း အားနာပါတယ် :mrgreen:

  • ကြောင်ကြီး

    October 25, 2011 at 10:47 am

    ပန်ပန့်ကို
    ပန်မဂ္ဂဇင်းမှာမြင်ဖူးတဲ့
    လက်ပံပင်အောက်မှာ
    ပန်ကရိယလိုအူလှိုက်သဲလှိုက်
    Pan မြန်မာဟေ့လို့
    Pen နဲ့စာတန်းထိုး
    ပန်ပေးချင်တယ်
    ပန်ခွင့်ပြုပါနော်….။ ပန် ပန် ပန် ပန် ပန် ပန့် ပန် ပန်…….. 😳

  • ဆူး

    October 25, 2011 at 10:55 am

    ပုံတွေ မြင်ရပြီနော်.. အဲဒါလေး လာပြန်ပြောတာ.. စိတ်ချမ်းသာအောင်။

  • “ဘီလူးကြီး”ogre

    October 25, 2011 at 2:45 pm

    ပန်ပန်ကမှ ရှက်တတ်သေးတယ်
    တို့တွေ များရှက်ဘို့တောင်အချိန်မအားဘူးဖြစ်နေတယ်
    အတ္တတွေအများကြီးမရှိပေမယ့် ပရ ဘက်ကိုခြေဦးမလှည်နိုင်သေးသရွှေ့တော့
    တို့တတွေ ရှက်နေကြရအုန်းမှာပါပဲ..။။။

  • zaw2zaw

    October 25, 2011 at 8:24 pm

    အပေါ်ကလူတွေ အားလုံးပြောမှ ကျနော်က အရှက်ဆုံးပါဗျာ။
    ၂၀၀၂ ဝန်းကျင်လောက် ကတည်းက ကိုညီညီတို့ ကိုသီဟန်တို့နဲ့ ခင်ခဲ့ဘူးတယ်။ တောင်ဒဂုံရဲ့ အရှေ့ဘက်က ရွာတွေကို အတူသွားပြီး လယ်သိမ်းခံကြရတဲ့ လယ်သမားတွေဆီ သူတို့ အခြေအနေတွေ အတူတူ သွားမေးခဲ့ကြဘူးတယ်။
    ကိုယ်က ဝန်ထမ်းဖြစ်သွားလို့ ဆိုပြီး သူတို့ နဲ့ တွေ့ဖို့ မရဲလို့ အဆက်အသွယ် ပြတ်ခဲ့ရတယ်(ဖြတ်ခဲ့တယ်လို့ ရှက်ရှက်နဲ့ ဝန်ခံပါတယ်)။
    သူတို့ တတွေရဲ့ ဇွဲ သတ္တိ နဲ့ အနစ်နာခံ စွန့်လွှတ်စွန့်စားတဲ့ စိတ်၊ အများအကျိုးအတွက် ကိုယ်ကျိုးစွန့်တဲ့ ယောက်ျားမြတ်တို့ရဲ့စိတ် တွေ ကို လေးစားနေရင်း ကိုယ့်ကိုယ်ကို အပြစ်တင်နေရပါတယ်။
    ဒီပို့စ် ကိုတင်တဲ့ ပန်ပန်ကို လဲ ချီးကျူးပါတယ်.

Leave a Reply