အန်တီပဒုမ္မာရဲ့ ပိုစ့်ကိုဖတ်ပြီး တွေးမိသမျှ ရေးချလိုက်ပါရဲ့
မန်းရင် အရမ်းစာကရှည်နေလို့ တစ်ပိုစ့်ရေးလိုက်တာပါ
ကိုယ်တိုင်ကလည်း လူငယ်ဆိုတော့ လူငယ်ကိုပဲ အခြေခံပါရစေ
ကိုယ့်ဖီးလ်နဲ့ကိုယ်ပါပဲ
ကျွန်မလည်း အရမ်းရှုပ်ထွေးနေပါတယ်
ကျွန်မတော့ စင်ကာပူထွက်မယ်ဆိုပြီး မနေ့က ဆုံးဖြတ်ချက်ချလိုက်တယ်
အရင်က လုံးဝနိုင်ငံခြားထွက်ပြီး အလုပ်မလုပ်ဘူးလို့ နေလာခဲ့တာ
စင်ကာပူသွားဖို့ အခွင့်အရေးတွေပေါ်လာခဲ့ပေမယ့် ပေကပ်ပြီးနေလာခဲ့တာ
ကျွန်မမှာလည်း ဖီလင်တွေရှိနေတယ်
ကျွန်မလက်ရှိလုပ်နေတာ နိုင်ငံခြားလူမျိုးပိုင်ကုမ္ပဏီမှာပါ
အလုပ်က ပရိုဂရမ်မာ
ကျွန်မအမြဲတွေးမိတာက ကျွန်မတို့တွေ ထုတ်လုပ်လိုက်တဲ့ ကုန်ပစ္စည်းတစ်ခုဟာ ကျွန်မတို့ မြန်မာနိုင်ငံသူ
နိုင်ငံသားတွေ သုံးဖို့မဟုတ်ပါဘူး
နိုင်ငံခြားက အလုပ်တွေကို လက်ခံပြီး မြန်မာပြည်မှာ မြန်မာဝန်ထမ်းတွေနဲ့လုပ်နေရတာပါ
ပရောဂျက်တစ်ခုလုပ်လိုက်ပြီး ဟိုဖက်ကိုတင်ပို့လိုက်ရတယ်
ကျွန်မတို့မြန်မာလူမျိုးတွေ ကိုယ်စွမ်းဥာဏ်စွမ်းရင်းပြီး ထုတ်လုပ်လိုက်တဲ့ ထုတ်ကုန်ဟာ
ကျွန်မတို့နိုင်ငံအတွက်မဟုတ်ဘူး
ကျွန်မတို့လူမျိုးတွေ အချိန်ကုန်၊ လူပန်းသက်သာအောင် အသုံးပြုဖို့မဟုတ်ဘူး
ပြီးတော့ ကျွန်မတို့ရလိုက်တဲ့ လုပ်အားခက ပရောဂျက်အတွက်ရတဲ့ငွေနဲ့ယှဉ်ရင် ပါမွှားပဲ
ကျွန်မတို့ စွမ်းအားတွေနဲ့ ကျွန်မတို့ဟာ သူများတိုးတက်ဖို့လုပ်ပေးနေရတယ်
ပြည်တွင်းမှာမဟုတ်ရင် ပြည်ပမှာ
တိုင်းတစ်ပါးကျွန်က ကျွန်ပဲ
ကျွန်မစိတ်ထဲ ခုပြီးကျန်ခဲ့တာတစ်ခုရှိတယ်
၂၀၁၁၊ ဖေဖော်ဝါရီ၊ ၁၄ရက်နေ့တုန်းက ၅သိန်းတန်ဂျီအက်အမ်ဖုန်းတွေ စပြီးချပေးတယ်
အဲဒီနေ့ ရုံးကခွင့်ယူပြီး ဖုန်းသွားလျှောက်တယ်
ဖောင်ထုတ်ဖို့တန်းစီရတယ်၊ နောက်တစ်ခါ ဘဏ်သွင့်ခွင့်အတွက်စာရွက်ရဖို့ စောင့်ရတိုးရတယ်
ပြီးတော့ ဘဏ်ကိုပြေး၊ ဘဏ်မှာထပ်တိုး ထပ်စောင့်
ဘဏ်မှာငွေသွင်းပြီးတော့ ကဒ်ထုတ်ပေးမယ့် ဆက်သွယ်ရေးရုံးကိုပြေး
ကဒ်ထုတ်ပေးမယ့် ဆက်သွယ်ရေးရုံးက စောစောက ဖောင်တင်တဲ့ရုံးမဟုတ်ပြန်ဘူး
ဖောင်တင်တာ ဗဟန်း၊ ဘဏ်က သင်္ဃန်းကျွန်း၊ ကဒ်ထုတ်ပေးမယ့် ဆက်သွယ်ရေးရုံးက ဘုရင့်နောင်
ကျွန်မတန်းစီရင်းတွေးမိတာက အွန်လိုင်းကနေ ဖုန်းလျှောက်ဖို့၊ ဒါမှမဟုတ် ဆက်သွယ်ရေးရုံးမှာပဲ
ငွေသွင်းလို့ရအောင် Banking System ရှိဖို့
ကျွန်မတို့လုပ်ခဲ့ရတဲ့ Applicationတွေ၊ Systemတွေ ဒီနိုင်ငံမှာဘာလို့ မသုံးရတာလဲ
ဒီမှာ လူစွမ်းအားတွေရှိပါတယ်
ကျွန်မတို့လူငယ်တွေ မညံ့ကြပါဘူး
ကျွန်မတို့ကို လူမှန်နေရာမှန် အသုံးချပေးကြပါ
ကျွန်မတို့ ဒီနိုင်ငံမှာမွေး၊ ဒီနိုင်ငံမှာ ပညာတွေသင်ပြီး ဒီနိုင်ငံအတွက် ဒီဦးနှောက်တွေ
အသုံးချနိုင်အောင်လုပ်ပေးကြပါ
ကျွန်မတို့ စွမ်းအားတွေနဲ့ သူများနိုင်ငံကို လုပ်မကျွေးပါရစေနဲ့
ကျွန်မတို့ကို နေရာပေးပါ၊ နိုင်ငံအတွက် အသုံးပြုပါ
နိုင်ငံကို ကျွန်မတို့ ဥာဏ်စွမ်းနဲ့ တည်ဆောက်ခွင့်ပေးပါ

ဆရာအော်ပီကျယ်ပြောတဲ့ သားအိမ်လိုနိုင်ငံ အဖြစ်မခံနိုင်ပါဘူး
မွေးထုတ်ပေးပြီး စွန့်ပစ်လိုက်ရတာမျိုး အဖြစ်မခံသင့်ပါဘူး

ကျွန်မတို့နိုင်ငံမှာ လူငယ်တွေဥာဏ်ကောင်းတယ်
ဒါပေမယ့် ဒါကိုအသုံးပြုဖို့ လုံလောက်တဲ့ အခွင့်အရေးမရှိဘူး
အသုံးပြုနိုင်သူ နည်းပါးတယ်၊ နေရာနည်းတယ်
ဒီတော့ နိုင်ငံခြားထွက်အလုပ်လုပ်ကြတယ်
ကိုယ့်တိုင်းပြည်မချစ်လို့လား၊ မဟုတ်ပါ၊ ချစ်တော့ ချစ်ကြမယ်ထင်ပါတယ်
ခုဆို ရုံးကနေပဲ ပြည်ပထွက်အလုပ်လုပ်သူတွေ တော်တော်များနေပြီ
ဟိုမှာအုပ်စုလိုက်ဖြစ်နေကြပြီ
ကျွန်မနဲ့ တစ်နှစ်တည်း အလုပ်ဝင်သူတွေ တ၀က်ကျော်လောက် စင်ကာပူရောက်ကုန်ပြီ
ဒီမှာလည်း လုပ်လို့မဖြစ်နိုင်ဘူးဆိုတော့ ဖြစ်နိုင်ပါတယ်
၁၀ယောက်ရှိရင် ၁၀ယောက်လုံးစာအတွက် မဖြစ်တာပဲရှိတယ်
၂ယောက်စာ၊ အလွန်ဆုံး၃ယောက်စာပဲပေါ့
ဒီတော့ ကျန်တဲ့လူတွေက ဘာလုပ်ကြမလဲ
ရတဲ့နေရာမှာ ရသလောက်လေးနဲ့ ဒီမှာလုပ်ကိုင်ကြမှာလား
ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့လည်း လုံလောက်တဲ့အရင်းအနှီးမရှိပြန်ဘူး
ဒီတော့ အရင်းအနှီးရှာဖို့သဘောနဲ့ ပြည်ပသွားသူတွေရှိလာတယ်
လုံလောက်တဲ့ငွေရရင် ပြန်လာမယ်ပေါ့
နောက်ပိုင်းတော့ ဟိုမှာနေရတဲ့ နေထိုင်စားသောက်မှုအခြေအနေတွေက ဒီမှာလိုမဟုတ်တော့
ဒီကိုပြန်မလာချင်တော့ဘူး (ပြည်ပမှာ နေရာကောင်းကောင်းနဲ့ အလုပ်ရသူတွေပါ)
ဒီလိုနဲ့ ဒီနိုင်ငံမှာ ရှာလို့မလွယ်တဲ့ငွေအတွက် ဟိုနိုင်ငံကပေးနိုင်တော့ ဟိုနိုင်ငံတိုးတက်ဖို့
သွားလုပ်ပေးရတယ်
ငွေကိုကြည့်တာ အပြစ်မပြောကြပါနဲ့
တစ်ဦးချင်းစီမှာ သူတနောက်ပိုင်းမှာ ဘာတွေရှိလဲ၊ မှီခိုသူတွေ၊ ဘ၀တွေ
ကျွန်မကတော့ ဒီနိုင်ငံမှာပဲနေပြီး အလုပ်လုပ်မယ်တွေးထားတာ
ပုံမှန်စားသောက်ဖို့လည်းမပူရ
အထက်တန်းလွှာတွေလို့ ငွေမသုံးနိုင်ပေမယ့် ကိုယ်လိုချင်တာ ကိုယ်သုံးချင်တာတွေလည်း ၀ယ်နိုင်သုံးနိုင်တယ်
နေစရာလည်း အသင့်အတင့်အဆင်ပြေတယ်
ကျန်းမာရေးအရ တစ်ခုခုဖြစ်ရင်လည်း ဆေးကုဖို့ လုံလောက်တဲ့ငွေက အရံသင့်ရှိတယ်
ဒါဆိုကျေနပ်စရာပါပဲ
ဒါပေမယ့် ဒီငွေတွေက ကျွန်မလုပ်အားငွေတွေမဟုတ်ဘူး၊ အဖေ့ငွေတွေ၊
ကျွန်မလုပ်အားခက ကျွန်မသုံးတာနဲ့ကုန်တယ်၊ တခါတလေ အဖေ့ဆီကတောင် ပြန်ယူသုံးတယ်
ကျွန်မအဖေကို ကျွန်မဘယ်လိုပြန်ကျွေးမလဲ
အဖေအလုပ်မလုပ်နိုင်တော့တဲ့အခါ ကျွန်မကိုယ့်အားကိုယ်ကိုးရတော့မယ်
ပြီးရင် အဖေ့အတွက် တာဝန်ယူပေးရမယ်
မောင်လေးက ခုဆေးတက္ကသိုလ်တက်တုန်း
သူ့ကို ပြုစုပျိုးထောင်ဖို့ နှစ်တော်တော်ကြာဦးမယ်
အဖေအလုပ်မလုပ်နိုင်တော့တဲ့အချိန်ထိ သူအတွက်ပျိုးထောင်လို့မပြီးနိုင်သေးရင်….
အမေလည်း ဆုံးသွားပါပြီ၊ ကျွန်မတို့ မိသားစု၃ယောကပဲကျန်တာပါ
ကျွန်မနိုင်ငံခြားမှာ အလုပ်သွားမလုပ်ချင်ဘူး
ဖြစ်နိုင်ရင် လပိုင်းလောက်ပဲလုပ်ချင်တာ
ကျွန်မတွေးမိတာက ဖြစ်စေချင်တာက စိတ်ကူယဉ်မိတာက

“မြန်မာနိုင်ငံမှာပဲ အလုပ်လုပ်ပြီး၊ ရတဲ့ငွေတွေနဲ့ နိုင်ငံခြားကို အလည်သွားနိုင်ရင် ကောင်းလေစွ”
“အဆင့်မြင့်ပညာတွေကို နိုင်ငံခြားမှာ ငွေအများကြီးအကုန်ခံသင်စရာမလို၊ မိသားစုနဲ့ခွဲစရာမလိုပဲ
ပြည်တွင်းမှာပဲ သင်ကြားနိုင်ရင် ကောင်းလေစွ”
“အဲဒီလိုပညာသင်ပြီး ထူးချွန်တဲ့ပညာရှင်တွေ ထိုက်သင့်တဲ့နေရာတွေရပြီး ကိုယ့်နိုင်ငံမှာ အဲဒီစွမ်းအားတွေ
အသုံးချနိုင်ရင် ကောင်းလေစွ”

About panpan

chit has written 61 post in this Website..