လူတိုင်း လူတိုင်းပေါ့လေ.ကျွန်တော်လည်းအပါအ၀င်ပါ..

အားလုံးသောသူကိုယ်စီတိုင်းက ကိုယ်အခုရရှိထားတဲ့.ဘ၀လေးကို ကိုယ်စွမ်းသလောက်

နိုင်သလောက်အင်အားတွေနဲ့.အလှဆုံး ခြယ်သနေကြသူချည်းပါပဲ။ တချို့တွေက ပြောင်ပြောင်လက်လက်..

တချို့ကျတော့ မ၀င်းတ၀င်း.အများစုကတော့.အရောင်မထွက်နိုင်ကြသေးပါဘူး..

ဒါပေမဲ့ ခုကျွန်တော်ပြောမဲ့.မိသားစုဘ၀က တော့ဘယ်သူကူလို့မှ လှပါတော့မနိုင်ဘ၀ မျိုးလို့ထင်တာပဲ..

ပြောရ ရင်တော့ဗျာ..တနေ့ကမြောက်ဒဂုံမှာနေတဲ့ အဒေါ်တယောက်အိမ်ကို

ကျွန်တော်ရောက်သွားတယ်..ဟို ဒီစကားလေးတွေပြောနေတုန်း..

အသက် ကြီးကြီးအဘွားအိုတယောက်အိမ်ထဲကိုဝင်လာတယ်.. သူ့ကြည့်ရတာနေပူကြီးထဲ

လျှောက်လာရတာဆိုတော့ မောပန်းနေပြီး တလှမ်းနဲ့တလှမ်းကို အတော်ကိုအားတင်းပြီးလျှောက်နေရတဲ့ပုံဗျ.

အိမ်ထဲ ၀င်လာပြီးဧည့်ခန်းမှာ ထိုင်နေတဲ့ကျွန်တော့ လဲ မြင်ရော ကြမ်းအောက်ခြေကော်ဇောပေါ်မှာ ထိုင်ဖို့လုပ်တယ်..

ဒါနဲ့ ကျွန်တော်က အတင်းပဲ အဘွားခုံပေါ်မှာပဲ ထိုင်ပါ ဆိုမှဝင်ထိုင်လိုက်တယ်..ကျွန်တော့် အဒေါ်က ရေတွေဘာတွေခပ်တိုက်တာပေါ့ဗျာ.

ပြီးတော့ ထမင်းစားပြီး ပြီလားမေးတော့ မစားရသေးဘူးပြောတာနဲ့ အဒေါ်က ကျွန်တော့ ညီမတွေကို ခူးကျွေးခိုင်းလိုက်တယ်..

ကျွန်တော် စိတ်ထဲမှာတော့ အဲဒီအဘွားဝင်လာတာတွေ့တည်းက ..

ဒီလောက်အသက်ကြီးကြီး အမေအိုကြီး.နေပူကြီးထဲ လျှောက်လာပြီး မောမောပန်းပန်း ဖြစ်နေပုံကို မြင်လိုက်ရတာတော့..

စိတ်ထဲ မကောင်းဘူး.သည့်အပြင် ဘယ်လိုသားသမီးမျိုးကများ.ဒီလိုအိုမင်းမစွမ်း အရွယ်အမေကြီးကို

တယောက်ထဲ လွှတ်ရက်တာလည်းပေါ့ဗျာ..စဉ်းစားကြည့်လေဗျာ..အခု အပူချိန်ရာသီဥတုက ဘာမဆိုဖြစ်နိုင်တဲ့ အနေအထားကိုး.

ကိုယ်တွေ လူငယ်တွေတောင် အပြင်သွားဖို့ ခပ်ခပ်ကြောက်ကြောက်လေ..

ဒါနဲ့ ညီမတွေ အမေကြီးကို ထမင်းကျွေးထားတုန်း အဒေါ့်ကိုသိချင်တာလေးတွေ မေးကြည့်မိလိုက်တယ်..

အဲဒီ အဘွားက နေတာက မြောက်ဒဂုံစည်ပင်ဝင်းထဲမှာနေပြီး အသက်က (၈၁)နှစ် ရှိနေပြီ..

သူသမီးတယောက်ရှိပြီး ကျန်ခဲ့တဲ့ လကမှ ဆုံးသွားတာတဲ့ ။ ရောဂါကတော့ ရှိပေမဲ့ အသက်ဆက်ဖို့ အာဟာရ ပြတ်တာနဲ့ဆုံးတာက အဓိကပါတာပေါ့ဗျာ..

ပြီးတော့ဆုံးသွားတဲ့ သမီးက မွေးတဲ့ မြေးမလေးနဲ့သူ့ယောင်္ကျား ရောအတူတူနေပါတယ်တဲ့..ဒါပေမဲ့

အဲဒီမြေးမလေးက လွန်ခဲ့တဲ့ ၅ လလောက်က အိမ်ကနေ ပျောက်သွားတာ သတင်းလုံးဝ မကြားရတော့ဘူး..

သူများလိမ်ခေါ်သွားပြီးနယ်စပ်မှာလိုလိုတော့ ထင်တယ်တဲ့.အသက်က ၂၂ ပတ်ဝန်းကျင် ပဲရှိသေးတာကိုး..

သူ့ကလေးနှစ်ယောက်ကအိမ်မှာ ကျန်နေခဲ့တော့ ကောင်မလေးရဲ့ယောင်္ကျားလည်း.

အဲဒီကလေးတွေကြောင့်ပဲ အိမ်ကနေ ထွက်မသွားတာပေါ့နော်..နေစရာအိမ်နဲ့ပက်သက်ပြီးလည်း.

အရင်ကသူတို့ မြေးသမက်လုပ်သူက  စည်ပင်လိုင်းခန်းဆိုတာရတော့ ကျဉ်းပေမဲ့လည်းနေဖြစ်သေးတယ် ဒါပေမဲ့ ကျန်ခဲ့တဲ့ နွေရာသီက

အထက်လူကြီးတွေ ဖယ်ခိုင်းလို့ဆိုပြီး သူတို့အပါအ၀င် တခြားမိသားစုတွေရောကို မောင်းချလို့  ဘေးနားမှာတဲထိုးပြီးနေကြရတယ်တဲ့။

ဒါက အဲဒီ အဘွားရဲ့ အကြောင်းလေးပေါ့ဗျာ..အခုတော့..အဘွားရဲ့ မြေးသမက်က စည်ပင် အမှိုက်ကား မှာလုပ်တာဆိုတော့

တနေ့ကို ၂၅၀၀.နီးပါးတော့ ရတယ်တဲ့..သူသုံးပြီးပိုတာတော့ စရိတ်ပေးတာပေါ့ဗျာ.

မြေးအကြီးကောင်လေးက.၁၁ နှစ်လောက်ဆိုတော့ အမှိုက်လိုက်ကောက်ပြီး  ရတဲ့ အတိုအစလေးတွေကို

ရောင်းပြီး အသုံးစရိတ်ရှာပေးပါတယ်တဲ့..အငယ်မလေးကတော့ ၅ နှစ်အရွယ်လောက်ပဲရှိသေးတယ်.

ဆိုတော့ တခါတလေ လိုအပ်တာလေးတွေရှိရင် အမေကြီးက ရင်းနှီးတဲ့ အိမ်တွေကို အလည်သွားပြီး ပေးကမ်းလိုက်တာလေးတွေနဲ့

အဆင်ပြေအောင်နေကြ တာပေါ့ဗျာ..သိနေတဲ့ လူတွေကတော့ ဒီလိုအိုမင်းမစွမ်းဖြစ်မှ ဒုကတွေ ကြုံရတယ်ဆိုပြီးတော့

သူသွား လာနေရင်ကူညီကြတာပေါ့ဗျာ..ဒါနဲ့ခန နေတော့ အဘွားလည်းထွက်လာရော.

အဒေါ်က လိုအပ်တာလေးတွေကို တတ်နိုင်လောက် အိတ်လေးနဲ့ ထုပ်ပေးလိုက်တယ်.. ဆန်လဲပါတာပေါ့..

ကျွန်တောလဲနိုင်သလောက်တော့လှူလိုက်သေးတယ်..အဘွားလဲဆုတွေဘာတွေ ပေးပြီးတော့

အဲဒီ အထုပ်လေးကို ဆွဲပြီးအိမ်ပေါ်ကနေ တုန်တုန် ချိချိနဲ့ ထွက်သွားတော့ကျွန်တော် တောင်ကြည့်ရင်း ရင်ထဲ မကောင်းဘူးဗျာ..

ရှစ်ဆယ်ကျော် အဘွားအိုက ကိုယ်တိုင်ရှာစားနေတာ မြင်ရတာကိုး…..

သူတို့ဘ၀တွေကို ဘယ်လိုစိတ်မျိုးတွေနဲ့ များအားတင်းပြီးရှင်သန်နေကြလဲ လို့တွေးမိတယ်..

မသေမချင်း စိတ်အားတင်းပြီး ကလေးတွေ အရေးအသာထားလို့.ထမင်းနပ်မှန်ဖို့ကိုရုန်းကန်နေရမှာလေ..

ဘယ်မှာလဲ ယူစရာကုသိုလ်..ဘယ်အချိန်လဲ ပွားစရာ ဘာဝနာ..ဘယ်လိုမှန်းမသိ ရင်မောပါ့ ဗျာ…

နောက်တခုလဲ ရှိသေးတယ်..ကျွန်တော့ အဒေါ်အိမ်နားမှာပဲ.အဒေါ်ကြီးတယောက်ဆုံးသွားတာ ဘယ်သူမှ မသိလိုက်ဘူး..

အရပ်ထဲက လူတွေ သွားဖွင့်ကြည့်လိုက်တော့ ၃၊၄ ရက်ကြာပြီး ပရွက်ဆိတ်တောင်တက်နေပါပြီ…

ဘေးနားကပ်ရက်က သူ့ယောက်ခမ ကြီးမိသားစုနေတာပါ..အဒေါ်ကြီး နေမကောင်းဖြစ်တာလဲ မြင်နေ သိနေ ပါတယ်..လုံးဝ သွားမကြည့်ဘူး..

အသုဘ စရိတ်ကို အရပ်ထဲ က၀ိုင်းကူလိုက်ကြတာပေါ့လေ။သူသည်လဲ ထိုနည်းလည်းကောင်း အဓိက က.ငတ်လို့ ဆုံးတာပါပဲ…

တွေးမိတာ ကတော့ဗျာ…ဘ၀တွေ ဘာကြောင့်များ ဒီလောက်ကွာခြားနေရတာလဲ…

သူတို့မြေးမ ကလေးနှစ်ယောက်ကို ထားပြီးထွက်သွားတာဟာ.ဆင်းရဲလွန်းလို့ အသိညဏ်နုံနဲ့.စိတ်ရူးပေါက်ပြီးလုပ်တာလား..

ကိုယ့်ဘ၀တွေကို အလှဆုံးတည်ဆောက်ချင်တာ လူတိုင်းရဲ့စိတ်ကူးဆိုရင်..

အဲဒီလို မိသားစုပေါင်းများစွာရဲ့ စိတ်ကူးတွေက ဘာတွေဖြစ်မလဲ..ကျွန်တော်ထင်တာတော့

ထမင်းလေး ၀အောင်စားနိုင်ပြီး နောက်တနေ့ တွေအတွက်ပူပင်စရာ မလိုပဲ စိတ်အေးချမ်း စွာအိပ်စက်နိုင်ဖို့ က သူတို့ အိမ်မက်တွေပဲ ဖြစ်မယ်…

အဲဒီလို သူတို့ရဲ့ ထမင်းမငတ်မဲ့.အိမ်မက်တွေရော..ဘယ်အချိန်မှပြည့်မှာလဲ….

(ကျွန်တော် မြင်တွေ့လိုက်ရသော မိသားစုလေးတခု မျှသာဖြစ်ပါသည်)

 

About amatmin

amatmin has written 27 post in this Website..