နဂါးလေးတို့ ပြည် သို့ (၃)

မောင်ဆန်းOctober 25, 20116min11110

ဒီပို့စ်ကို ခရီးသွားတွေ အရောက်အပေါက်နဲတဲ့ နေရာလေးတစ်ခုဖြစ်တဲ့ ဘူတန်ဆိုတာ ဘယ်လိုလို့ အကျဉ်းလောက်သိရုံ  ဓါတ်ပုံလေးတွေ ကို ကိုယ့် ရွာသားတွေအတွက် ဒေသန္တရ ဗဟုသုတအနေနဲ့ တင်ရုံလောက်လို့ တွေးထားခဲ့ပေမဲ့ တကယ်တင်မိတော့ ဓါတ်ပုံချည်းပဲဆို ပြည့်ပြည့်စုံစုံ မရှိနိုင်တာမို့ သက်ဆိုင်တဲ့အကြောင်းအရာလေးတွေ ထည့်ချင်သော်လည်း လွန်ခဲ့တဲ့ (၅)နှစ်က အကြောင်းအရာမို့ တော်တော်များများက ပြန်ဖော်လို့ မရတော့ဘူး ထုံးစံအတိုင်း အင်တာနက်ဆိုတာချည်းထဲ ဝင်မွှေရင်း ပြောရမှာမို့ သိပ်တော့ အားရ ပါးရ မရှိတာ အမှန်ပါ ဒါပေမဲ့ စာဖတ်သူတွေအတွက် အကျိုးအမြတ်မဖြစ်တောင် အကျိုးမဲ့တော့ မဖြစ်စေရဘူးဆိုတဲ့ စေတနာလေးနဲ့ ရေးဖြစ်တာအတွက်ကတော့ ကျေနပ်မိပါတယ်…..

ဘူတန်ငွေ ngultrum

ဦးပါလေရာ မေးတဲ့ ဘူတန်စီးပွားရေးအကြောင်း နဲနဲ ရွှီးရရင် (:D) တိုင်းပြည်ရဲ့ဝင်ငွေက စိုက်ပျိုးရေး၊သစ်တော နဲ့ ရေအားလျှပ်စစ်ကို အိန္ဒိယနိုင်ငံဆီရောင်းတာတွေကနေ အဓိကရနေပါတယ် ဘူတန်သုံးငွေက ngultrum ပါ ၊ သူ့ငွေကို အိန္ဒိယ ရှုပီး နဲ့ချိတ်ထားပါတယ် ဒီနေ့ပေါက်ဈေးက အမေရိကန်တစ်ဒေါ်လာကို ngultrum ၅ဝ    ရှိပါတယ် ၊တစ်ဒေါ်လာမှာ ရှုပီးလဲ ၅ဝ ပါပဲ၊ဘူတန် စီးပွားရေးဟာ ကမာ္ဘ့အသေးငယ်ဆုံးစီးပွားရေးလုပ်ငန်း တွေထဲ စာရင်းဝင်ပေမဲ့ ဒီနှစ်ပိုင်းတွေမှာ လျှင်လျှင်မြန်မြန်နဲ့ကို တိုးတက်လာနေပါတယ် ၂၀၀၅ မှာ ၈% ၊ ၂၀၀၆ မှာ ၁၄% ထိ တိုးတက်လာလို့ ကမာ္ဘမှာ စီးပွားရေး တိုးတက်မှု ဒုတိယ အလျှင်အမြန်ဆုံး နိုင်ငံ လို့ သတ်မှတ်ထားပါတယ် တိုးတက်ရတဲ့ အဓိကအကြောင်းရင်းက ရေအားလျှပ်စစ် စီမံကိန်းတွေကြောင့်ပါ ၊ ဘူတန်ရဲ့ ဂျီဒီပီက အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံ  ရှိပြီး တစ်ဦးချင်းဝင်ငွေက ၁၉၇၈ အမေရိကန်ဒေါ်လာ ရှိပါတယ် (မြန်မာက ၄၂.၉ ဘီလီယံဂျီဒီပီ ၊ တစ်ဦးချင်း ဝင်ငွေက ၇၀၂  ပါ ) ၊ အခုလို ဘူတန် စီးပွားရေးတိုးတက်လာတာ Singye ဘုရင် ကြောင့် ဆိုရင်လဲ မမှားပါဘူး ၊ Singye ဘုရင်က ၁၉၇၂ မှာ  Gross National Happiness ဆိုတာကိုထွင် တိုင်းပြည်ရဲ့ တိုးတက်မှုဆိုတာကို တိုင်းသူပြည်သားတွေရဲ့ ပျှော်ရွှင်မှုဆိုတာနဲ့ တိုင်းတာခဲ့ပါတယ် နောက်  ပြည်သူ လူထုရဲ့ ဆန့်ကျင်မှု ကန့်ကွက်မှု၊ တောင်းဆိုမှု တစ်စုံတစ်ရာ မရှိပဲ မိမိ ဆန္ဒအလျှောက် တိုင်းပြည်မှာ ကျင့်သုံးနေတဲ့ သက်ဦးဆံပိုင်ဘုရင်စနစ်ကနေ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ အုပ်ချုပ်တဲ့ စနစ်ကို ပြောင်းပေးခဲ့ပါတယ် တကယ်လေးစားဘို့ကောင်းတဲ့ ဘုရင်တစ်ပါးပါ ဒါကြောင့်လဲ အခုအချိန်ထိ တိုင်းသူပြည်သားအားလုံးရဲ့ ရိုသေချစ်ခင်မှုကို ရနေတာ ဖြစ်မှာပါ ၊ ၂၀၀၈ မှာ အသက် ၂၈ ပဲ ရှိသေးတဲ့ အောက်စဖို့ဆင်း သူ့သားတော်ကို အာဏာလွှဲပေးခဲ့ပါတယ် သူလဲလေ လောကီသားပဲရယ် လို့ ပြောရမှာ တစ်ခုက ပါရိုမှာ ရှိတဲ့ စားသောက်ဆိုင် တစ်ခုမှာ ညစာသွားစားကြတော့ နံရံမှာ ဘုရင်ပုံတွေ့တယ် အမျိုးသမီးပုံတွေတွေ့တယ် မေးကြည့်တော့ မိဘုရားတွေပါတဲ့ (၃)ယောက်လို့ထင်တယ် ကြာတော့ နဲနဲ ဝေဝါးဝါးတော့ ဖြစ်နေပေမဲ့ တစ်ယောက်ထက်ပိုတာတော့ သေချာတယ် အဲ သူ့သား အခုဘုရင်ကတော့ သူ့မိဘုရားကို တော်တော်ချစ်ပုံရတယ် လူကြားထဲ လက်လေးတွဲသွားရတာနဲ့ ကြင်နာယုယပြရတာနဲ့ ဆိုဒ်တစ်ခုမှာ တွေ့လိုက်မိတာ သူ့အနေနဲ့ မိဘုရားအများကြီး မယူဘူး ဒီတစ်ယောက်ပဲယူပါမယ် လို့ ပြောထားတာ တွေ့မိပါတယ် ဒီစကား ဘယ်နှနှစ်ခံမလဲ ဆိုတာတော့ ငွေရောင်ပိတ်ကားပေါ် ဆက်လက်ရှုစားကြည့်ရမှာပေါ့ (ကျုပ်တို့ ရွာထဲက ကိုကြောင်ကြီးနဲ့ သိပ်မကွာဘူးလို့ ပြောရမယ်ထင်တယ် ကိုကြောင်ကြီးကတော့ သူမစဘူးတဲ့ ရွာသူအပျိုချောဆိုလို့ ဒေါက်တာ့ချစ်ချစ် တစ်ယောက်ပဲရှိမယ် ထင်တယ် ) ဘာပဲ ဖြစ်ဖြစ်  ဘုရင် Singye က စိတ်ကောင်း နှလုံးကောင်းနဲ့ အခြေခံကောင်းတွေကို ပြောင်းလဲပေးခဲ့တာတော့ အမှန်ပဲ ၊ အဲ စီးပွားရေး အကြောင်းဆက်ရရင် ဘူတန်ရဲ့ ပြသနာက ကုန်းတွင်းပိတ် နိုင်ငံမို့ ရေလမ်းကမရှိ၊ ကားလမ်းကလဲ တောင်ကြိုတောင်ကြား ဖောက်ရတာမို့ နည်းပညာ ငွေကြေးကခက် ရထားလမ်းကလဲ အိန္ဒိယနဲ့ စာချုပ်ချုပ်ထားတာ ရှိပေမဲ့ အခုထိ မဆောက်ဖြစ်သေး အဲဒီတော့ သူ့ထွက်ကုန်ပစ္စည်းတွေ ပို့ဘို့ သွင်းဘို့ ကိစ္စတွေမှာ အခက်အခဲ ရှိပြီး ကုန်သွယ်ရေးလုပ်ငန်းတွေကို ဖွံ့ဖြိုးအောင်မလုပ်နိုင်ဘူး ဖြစ်နေတာပါ….

ဘူတန် နဲ့ အိန္ဒိယက နယ်စပ်ချင်း ဆက်စပ်နေသလို ဆက်ဆံရေးကလဲ တော်တော်ကောင်းပါတယ် စီးပွားရေး စစ်ရေး အကုန်ပါ   စီးပွားရေးမှာ ဘူတန်နဲ့ အိန္ဒိယက လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက် ကို ၂၀၀၈ မှာ လက်မှတ်ထိုးထားတယ် အိန္ဒိယကို ဖြတ်ပြီး တတိယနိုင်ငံတစ်ခုကို ဘူတန်က ပို့မဲ့ ဘူတန်ကိုသွင်းမဲ့ ကုန်တွေအတွက် အခွန်ကင်းလွတ်ခွင့် ပေးထားပါတယ် အိန္ဒိယနဲ့ ဘူတန်နှစ်နိုင်ငံသားတွေက တနိုင်ငံကနေ တနိုင်ငံသွားရင် ဗီဇာမလို ပတ်စ်ပို့မလို မှတ်ပုံတင်နဲ့ပဲ သွားလို့ရသလို ဘူတန်နိုင်ငံသားတွေ အိန္ဒိယ မှာ ဘာကန့်သတ်ချက်မှ မရှိပဲ လွတ်လပ်စွာ အလုပ်လုပ်နိုင်ပါတယ် ဘူတန်ငွေကြေးကို အိန္ဒိယရှုပီးနဲ့ ချိတ်ဆက်ထားသလို ဘူတန်မှာလုပ်တဲ့ တင်ဒါမှာ ရှုပီးနဲ့ပေးသွင်းတာကို လက်ခံထားပါတယ် ၊ စစ်တပ်မှာ စစ်သား ၁၆၀၀ဝ ပဲ ရှိတယ် အဲဒီစစ်သားတွေကို အိန္ဒိယကလေ့ကျင့်ပေးတယ် ဘူတန်မှာ ရေတပ်မရှိဘူး လေတပ်မရှိဘူး လိုအပ်တဲ့ လေကြောင်း အကူအညီကို အိန္ဒိယကပေးတယ် ဒါတွေက ဘူတန်ရဲ့ စီးပွားရေး နဲ့ အိန္ဒိယ ရဲ့ ဆက်ဆံရေး နိုင်ငံက တရုတ်နဲ့ အိန္ဒိယ ကြားရှိတယ်ဆိုပေမဲ့ တရုတ်ကြီးနဲ့က ဟုတ်တိပတ်တိ ဆက်ဆံရေး မရှိဘူး  ၂၁ နိုင်ငံနဲ့ သံအဆက်အသွယ်လုပ်ထားပေမဲ့ ဘူတန်မှာသံရုံးဖွင့်ထားတာ အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ်ပဲ ရှိတယ်  ၊ ဘူတန် မှာ ၁၉၉၉ မှ ရုပ်မြင်သံကြား အသုံးပြုနိုင်လို့ ကမာ္ဘပေါ်မှာ ရုပ်မြင်သံကြား အသုံးပြုတာ နောက်ဆုံးနိုင်ငံ လို့လဲ မှတ်တမ်းဝင်တယ် ၊ ဘူတန် အချိန်က မြန်မာထက် နာရီဝက်နောက်ကျတယ် ၊ အချိန် ကွာဟမှု သိပ်မရှိလို့  ရောက်ကာစ သိပ်မပင်ပန်းတော့ဘူးပေါ့…

သင်ဖူးကို သွားဖြစ်တဲ့ အကြောင်းလေး ဆက်ရအောင်  မပြန်ခင် တစ်ရက်က ဘူတန်ရဲ့ မြို့တော် သင်ဖူးကို သွားကြတယ် ပါရိုကနေ သင်ဖူးကို ၅၅ ကီလိုမီတာ ဝေးပါတယ် လမ်းကတော့ တော်ပေါ်တွေ တောင်ကြားတွေ မှာဖောက်ထားတဲ့ လမ်းပဲ မြေပြန့် မရှိဘူး လမ်းကတော့ ကောင်းတယ်  လမ်းတလျောက် မြို့တွေ ရွာတွေတော့ မရှိဘူး  တောင်စောင်းလေးတွေမှာ တအိမ်စ နှစ်အိမ်စလောက်ပဲ တွေ့မိတယ် ကားမောင်းတာက မြန်မာပြည်နဲ့ ဆန့်ကျင်ဘက် ဘယ်ကပ်မောင်း သွားနေတဲ့လမ်းနဲ့ အပြိုင် တောင်ခြေမှာ စမ်းချောင်းတွေ စီးနေတာတွေ့တယ် ရေအားတော့ကောင်းတယ် ရွာထဲက ပရိုဓါတ်ပုံဆရာတွေနဲ့သာ တွေ့လိုက်ရင် ပုံကောင်းတွေ ထွက်လာမှာ သွားတဲ့ လမ်းတဝက်လောက်မှာတော့ အိန္ဒိယ ကို သွားတဲ့ လမ်းခွဲရှိတယ် အတားအဆီးတွေ ဂိတ်တွေ အခိုင်အမာ မရှိဘူး မောင်းတံတစ်ခု တားထားတာပဲ ရှိတယ် သင်ဖူးအဝင်မှာတော့ တံတားကြီးတစင်း ဆောက်လက်စရှိတယ် အခုဆိုရင်တော့ သုံးနေပြီပေါ့ အရင်ဆုံး မြို့အဝင် က မြို့ဦးစေတီကို ဝင်ဖူးတယ် ဘူတန်က ဗုဒ်ဓဘာသာ နိုင်ငံ ဟိန္ဒူကိုးကွယ်မှုလဲ ရှိတယ် ရောက်ခဲ့တဲ့ နေရာတွေမှာတော့ ဗလီ ၊ ဘုရားကျောင်း လုံးဝ မတွေ့ဘူး ဘူတန်ရဲ့မြို့တော် ဆိုပေမဲ့ သင်ဖူးက ပဲခူးလောက်တောင် မစည်ဘူး ၊ ရောက်တာနဲ့ ပြတိုက် Textile Museum နဲ့ Folk Heritage Museum ဝင်ကြည့်တယ် သူတို့ရဲ့ ရိုးရာဝတ်စုံတွေ ရက်လုပ်ပုံတွေ ပြထားတယ် ၊ ရှေးဟောင်းပစ္စည်းတွေ လက်နက်တွေ ပြထားတယ် ခမ်းနားကြီးကျယ်အောင် လုပ်ထားတာမျိုး မဟုတ်ပဲ ရှေးမူမပျက် သပ်သပ်ယပ်ယပ် ပြတယ်ဆိုတဲ့ အနေအထားပဲ ပြတိုက်ထဲမှာ ဓါတ်ပုံ ရိုက်မရလို့ အပြင်ဘက်က ပုံတွေပဲ ရိုက်ခဲ့ရတယ် မြို့ကို ပတ်ကြည့်တယ် အမှတ်တရ ပစ္စည်းဝယ်တယ် စာတိုက်ကိုဝင် ပို့စ်ကဒ် ဝယ်တယ် ပြတိုက်တွေမှာ ရောင်းတဲ့ ပစ္စည်းတွေက မြန်မာ အမြင်နဲ့ဆိုရင် ဈေးကြီးတော့ မဝယ်ဖြစ်ပါဘူး  ဈေးဘေးက စာအုပ်ဆိုင် တစ်ဆိုင်ရောက်လို့ ဝင်ကြည့်တော့ စာအုပ်က အိန္ဒိယမှာပုံနှိပ်ပြီး ရောင်းတာမို့ မြန်မာမျက်စေ့နဲ့ကို တန်နေတာနဲ့ ရောင်းအကောင်းဆုံးစာရင်းဝင် စာအုပ်နှစ်အုပ် ဝယ်ဖြစ်တယ်  မြို့ထဲမှာ အစိုးရအဖွဲ့ ရုံးထိုင်တဲ့ နေရာတွေကိုတော့ အဝေးကပဲ မြင်ခဲ့ရတယ် ဘုရင့်နန်းတော်ကတော့ မြို့ထဲမှာ မဟုတ်ပဲ တောင်ပေါ်မှာရှိတယ် လေယာဉ်ပြေးလမ်းတိုလေး တစ်ခုရှိတယ်လို့ ဒေသခံတွေက ပြောကြတယ်၊ နေ့ခင်းပိုင်း ထမင်းစားသောက်ပြီး ပါရိုကိုပြန်တယ် ၊ ပါရိုရောက်မှ မြို့ထဲမှာ ခဏနား စတိုးဆိုင်လေးတွေ ကို ဗဟုသုတ လိုက်ကြည့်တယ် …

ပါရိုကနေ သင်ဖူးကို ၅၅ ကီလိုမီတာ ဝေးတယ်
မြို့ဦးစေတီ
အသက်ကလေး ရယ်တဲ့ ရှည်စေလို ဘုရား တရားရိပ်ကိုခို
ဘူတန် ဦးဇင်း
Textile Museum ရှေ့
အခွန် နဲ့ အကောက်ခွန်ရုံး
Folk Heritage Museum အဝင်
ပြတိုက်ထဲကို အသွား
အစိုးရအဖွဲ့ ရုံးထိုင်တဲ့ နေရာ ကို လှမ်းမြင်ရတာ
စာတိုက်ကြီး
ရုပ်ရှင်ရုံ
ဘူတန်ဘောလုံးကွင်း
သင်ဖူး မြို့လယ်
ခေါင်းလောင်း လှည့်ပြီး ဆုတောင်းနေတာ
အိန္ဒိယကို ခွဲသွားတဲ့ လမ်း နဲ့ ဂိတ်
တောင်တွေကြားက စမ်းချောင်းလေး
အပြန်လမ်းကနေ လှမ်းမြင်ရတဲ့ ပါရို
ပါရို မြို့လယ်
ထမီဆင်လေးတွေ
စတိုးဆိုင်ထဲမှာ

 

ဘူတန်က အပြန်ကတော့ မြန်မာပြည်ကို တိုက်ရိုက်ပျံတာမရှိတော့ မြန်မာပြည်ကို ကျော် ပြီးမှ ဘန်ကောက်ကိုသွား ရောက်မှ ရန်ကုန်ကိုနောက်ကြောင်းပြန်လှည့်ရတယ် ဘူတန်သူ ဘူတန်သားတွေကတော့ ကြားခဲ့ရ မြင်ခဲ့ရတာတွေအရ စိတ်ချမ်းသာမှု ရေချိန်မြင့်ကြတယ် ဘာကြောင့်လဲ အစိုးရရဲ့ စီမံအုပ်ချုပ်မှုကောင်းပြီး တရားမျှတစွာ အုပ်ချုပ်လို့လား ပြည်သူတွေကိုယ်တိုင်က ရောင့်ရဲတင်းတိမ်နိုင်ကြလို့လား လိုချင်စရာများများ မရှိတဲ့အတွက် လောဘတရား နဲနေတာလား လူမျိုးကိုက ပျော်ပျော်နေတတ်ကြလို့လား ဆိုတာတွေရဲ့ အဖြေက သူတို့တွေရဲ့ ရင်ထဲမှာ ရှိနေမှာပါ ၊ ကျွန်တော့်အနေနဲ့ အဖြေမှန်ကို မပေးတတ်ပေမဲ့ အာရှမှာ အပျော်ရွင်ဆုံး နိုင်ငံဆိုတာ အတွက် မှန်ကန်ကြောင်း အပြည့်အဝ ထောက်ခံမှာ ဖြစ်သလို ရုပ်ဝတ္ထု ပစ္စည်းတွေ ပြည့်စုံမှု မရှိပေမဲ့ အားလုံးသာ ညီရင်တော့ ပျော်စရာကောင်းတဲ့ တိုင်းပြည် တစ်ခု ဖြစ်နိုင်ပါလားလို့ လဲ စဉ်းစားမိပါတယ်…

 

 

 

10 comments

  • windtalker

    October 25, 2011 at 2:27 pm

    ဖတ်လို ့လွှတ်ကောင်းသဗျို ့။ ဘူတန်နိုင်ငံ အကြောင်းကို ဒေါင့်စေ့နေအောင် ရေးပြပေးတာကို ကျေးဇူးတင်ပါတယ် ။ ဘူတန် နဲ ့အိနိ္ဒယ တို ့လုပ်သလိုမျိုး ၊ ကျုပ်တို ့နဲ ့ယပလက် တို ့တရုတ် တို ့၊ လိုက်ပြီး ကျင့်သုံးရင် ကျုပ်တို ့နိုင်ငံသားတွေလည်း ခဏလေးနဲ ့တောထန်းလာမယ် လို ့ထင်မိတယ်ဗျို ့။

  • Diamond Key

    October 25, 2011 at 2:34 pm

    မြို့လေးကတော့ တစ်ကယ့် နှစ်သက်စရာလေးနော် nozomi
    အေးချမ်းလှပတယ်။

  • nozomi

    October 25, 2011 at 6:41 pm

    ကိုပေ အကြံ ကောင်းသဗျာ သမ္မတကြီးနဲ့ တွေ့တော့မှ ပြောပြရဦမယ်
    အေးချက်ကတော့ ဘာအေးသလဲ မမေးနဲ့ ကိုစိန်သော့ ရေ မြို့လဲအေး လူလဲအေး ရာသီဥတုကလဲအေးပဲ

  • padonmar

    October 25, 2011 at 7:25 pm

    ကျွန်မကတော့ ထမီဆင်ဆိုတာအကြိုက်ဆုံးဘဲ။
    ကချင်လုံချည်ဆင်လေးတွေနဲ့တူတယ်။
    ရိုးရာထည်ကို နှစ်သက်ကြပုံပေါ်တယ်။
    ကျွန်မတို့ဆီမှာလို ဖောရင်းကလာတာမှ ဖြစ်ပုံမရဘူး။

  • MaMa

    October 25, 2011 at 7:36 pm

    နိုင်ငံရပ်ခြားနဲ့ ဆက်သွယ်နေပေမယ့် သူတို့ရဲ့ ရိုးရားကို အလေးထား မြတ်နိုးတာ ဩချရလောက်တယ်။ စိတ်ချမ်းသာမှုရေချိန်မြင့်တယ်ဆိုတာကလည်း လူတွေကလည်း တင်းတိမ်နိုင်လို့ တရားမျှတမှုကိုလည်း ရရှိလို့ ဆိုတဲ့ နှစ်မျိုးလုုံးပြည့်စုံလို့ ဖြစ်မယ်ထင်တယ်နော်။

    • nozomi

      October 25, 2011 at 7:45 pm

      ဟုတ်တယ် မပဒုမ္မာရေ ရိုးရာထည်ကို နှစ်သက်ကျတယ် နိုင်ငံခြားက ဟာတွေ ဝတ်တာလဲ မတွေ့ ရောင်းတာလဲ မတွေ့မိဘူး

      မမ ရဲ့ သုံးသပ်ချက်က ကွက်တိပဲလို့ ပြောရမယ်
      ကျွန်တော် စဉ်းစားဘူတာလေး ရှိတယ် ကျွန်တော်တို့ ပိုက်ဆံရှာ ကြတာ ရလာတဲ့ ပိုက်ဆံနဲ့ လိုအပ်တာတွေ ဖြည့်ဆည်းရင်း စိတ်ချမ်းသာမှုတွေ ရကြဘို့ ၊ အဲဒါကိုမှ ရလာတဲ့ ပိုက်ဆံကြောင့် စိ်တ်ဆင်းရဲ နေရရင်တော့ တစ်ခုခု မှားနေပြီ ထင်တယ်

  • hmee

    October 25, 2011 at 9:13 pm

    တောင်တွေကြားက မြေပြန့်လေးတွေမှာပဲ အိမ်တွေ ဆောက်ထားတာနော်။ ကိုနိုဇိုမီရေ အစ္စရေးကတော့ ဘယ်လိုလဲမသိ အိမ်တွေကို တောင်စောင်းတွေမှာပဲ ဆောက်တယ်။ တောင်ကြောတလျှောက် ဘုံခုနှစ်ဆင့်လိုလို ဘာလိုလို။ မြေပြန့်နေရာတွေကိုတော့ အတတ်နိုင်ဆုံး စိုက်ခင်းတွေပဲ တွေ့တာများတယ်။ ဘူတန်ကတော့ အေးချမ်းတဲ့ နိုင်ငံဆိုတဲ့ အတိုင်း မြင်ကွင်းလေးတွေ စိမ်းစိုလို့။

  • pooch

    October 26, 2011 at 6:01 pm

    နေ့စဉ်နဲ့ အမျှ ကြားနေရတာတွေက ဘယ်နိုင်ငံသားဖြစ်ရမယ်ဆိုတဲ့ ကျဉ်းမြောင်းတဲ့ အမြင်မျိုး မထားသင့်ဘူး။ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ အရှေ့နိုင်ငံသား ၊ အနောက်နိုင်ငံသား၊ အရှေ့တိုင်း ယဉ်ကျေးမှု ဓလေ့ထုံးစံဆိုတာတွေ ဒေသစွဲ လူမျိုးစွဲတွေဟာ ခေတ်နဲ့ မညီတော့ဘူး ။ လူသားအားလုံးဟာ တတန်းတစားထဲပဲလို့ ကြည့်တတ်မြင်တတ်ရမယ်။ နွားခြေရာ ခွက်ထဲက ထွက်မှရမယ်လို့ ….
    စတဲ့ စတဲ့ စကားတွေ….. အနောက်တိုင်း စနစ်က စလို့ သူတို့ ဆီက အရာအားလုံးကို ……အတုယူရမယ် ပြောင်းလဲမှ ရမယ်လို့ …….အနောက်ကို ခေါင်းပေါ်ရွက်ထားကြတဲ့ အချိန်မှာ ……..

    ဘူတန် အကြောင်းလေးကို ဖတ်ရတာ စိတ်ချမ်းသာလိုက်တာ…

    ဒီမြို့လေးက ကျမတို့ ဆီက ကျိုင်းတုံမြို့လေးနဲ့ ဆင်တယ်..
    ကြည့်ရတာ ရော ကြားရတာရော စိတ်ချမ်းသာစရာပါပဲ…
    ရိုးရာကို မဖျက်ပဲ ဓလေ့ထုံးစံတွေ ကြားမှာ နေပြီး စီးပွားရေး တိုးတက်နိုင်တာရော .. စိတ်ချမ်းသာမှု ရေချိန်မြင့်တယ်ဆိုတာလေးက ပါ စိတ်ဝင်းစားစရာ ကောင်းပြီး အားကျစရာ ကောင်းပါတယ်..

    ကျေးဇူးတင်လိုက်တာ ကို နို်ဇိုမိ ရယ်…

  • kocho

    October 26, 2011 at 6:55 pm

    ပြည့်စုံသောစာသားများနှင့် လှပသောဓတ်ပုံများအတွက် ကျေးဇူးတင်မိပါကြောင်း

  • Foreign Resident

    October 30, 2011 at 1:04 pm

    တောင်တွေကြားက စမ်းချောင်းလေး ကလှတယ်
    ဓါတ်ပုံတွေ တထောကြီး ရိုက်လာရမှာ ။

Leave a Reply