တသက်မမေ့ခဲ့တဲ့ လက်ဖွဲ့ခုံ

“တစ်သက်မမေ့ခဲ့တဲ့ လက်ဖွဲ့ခုံ”

“လာမယ့်ဥပုဒ်နေ့ ကျနော်သား မင်္ဂလာဆောင်ကျရင် ကိုပေါက်တို့အဖွဲ့ က လက်ဖွဲ့ခုံ ထို်င်ပေးနော်”လို့
မိတ်ဆွေတစ်ယောက်က ဖိတ်စာလာပေးရင်းပြောပါတယ်။
လက်ဖွဲ့ခုံထိုင်ကြမယ့် ကျနော်တို့ အဖွဲ့အတွက်လည်း “အကူဖိတ်”
လုံချည်တွေယူလာပါတယ်။
မင်္ဂလာဆောင်မှာ သူ့ဘာသာသူ ဝိုင်းဝန်းပြီးကူကြမယ့် မိတ်ဆွေဖြစ်ဖြစ်၊
ကိုယ်ကအကူအညီသီးသန့်တောင်းလို့လိုက်ပြီးဆောင်ရွက်ပေးကြမယ့်သူကိုဘဲဖြစ်ဖြစ်
အခုလိုလက်ဆောင်လေးနဲ့ “အကူဖိတ်”တတ်တဲ့ချစ်စရာကောင်းတဲ့ အလေ့အထလေးက ကျနော်တို့မန်းလေးမှာရှိပါတယ်။
အကူဖိတ်အတွက်ပေးတဲ့လက်ဆောင်ကတော့ ကိုယ့်အနေအထားနဲ့ကိုယ် ချင့်ချိန်လို့ပေးတတ်ကြပါတယ်။
လက်ကိုင်ပုဝါ၊စီးကရက်ဘူး၊တစ်ဘက်၊လုံချည်၊အကျီ အဆင်ပြေသလိုပေါ့။
ကျနော်နဲ့သူ ဟိုရောက်ဒီရောက်စကားစမြည်ပြောပြီးခဏနေတေ့ာသူပြန်သွားပါတယ်။
မပြန်ခင် ကျနော်က မင်္ဂလာလက်ဖွဲ့ငွေနဲ့ ပါတ်သက်တဲ့ မေးခွန်းလေးတွေမေးတော့
“အေးဆေးပါ ကိုပေါက်ရဲ့ ဒီမင်္ဂလာဆောင်က ဘာရှော့မှ မရှိပါဘူး”လို့ရီကျဲကျဲနဲ့ပြောပါတယ်။
သူကတော့ လက်ဖွဲ့ခုံနဲ့ ပါတ်သက်လို့ ဖြစ်ခဲ့တာလေးတွေကို ကျနော်ပြောပြထားလို့ သိလဲသိနေတဲ့သူကိုးဗျ။
သူထားခဲ့တဲ့ ဖိတ်စာလေးရယ် သူပေးခဲ့တဲ့လုံချည်လေးရယ်ကိုကြည့်ရင်း မိတ်ဆွေသူငယ်ချင်းတွေရဲ့
မင်္ဂလာဆောင်တွေမှာ ကျနော် ဝိုင်းဝန်းလို့ကူညီခဲ့တဲ့ပွဲလေးတွေထဲက လက်ဖွဲ့ခုံ ထိုင်ပေးရတုံးက
ကြုံခဲ့ရတာလေးတွေကို ပြန်သတိရမိပါတယ်။

အများအားဖြင့်ကျနော်က မင်္ဂလာဆောင်တိုင်းနီးနီးလောက်မှာ “လက်ဖွဲ့ခုံ”မှာထိုင်ပေးရတတ်ပါတယ်။
“လက်ဖွဲ့ခုံ”ဆိုတာကလဲ မင်္ဂလာဆောင် တစ်ခုမှာအရေးအကြီးဆုံးသောနေရာတစ်ခုဖြစ်သလို၊
ပြဿနာအတက်တတ်ဆုံးသောနေရာလည်းဖြစ်ပါတယ်။
အခုအချိန်မှာတော့ ခံရပေါင်းများလို့နပ်သွားပြီလို့လဲဆိုနိုင်ပါတယ်။
မင်္ဂလာဆောင်မှာ လက်ဖွဲ့ခုံထိုင်ရမယ်ဆိုကတည်းက လိုအပ်တဲ့မေးခွန်းလေးတွေကို
ကြိုတင်လို့မေးထားတတ်ပါပြီ။
အဲလိုမမေးတတ်ခင်ကတော့ မင်္ဂလာဆောင်တစ်ခုပြီးတာနဲ့ ပြဿနာတစ်ခုတက်ခဲ့ရတာပေါ့။
အခုချိန်ပြန်တွေးမိရင်တော့ ရီစရာပြုံးစရာလေးတွေ အဲဒီတုန်းကတော့ စိတ်တွေလေခဲ့ရတာပေါ့။

ဒီလိုမင်္ဂလာဆောင်တွေထဲက စိတ်ဆိုးရအခက် ရီရအခက်နဲ့ ပြဿနာတက်ခဲ့တာလေးတစ်ခုကတော့
အမှတ်အရဆုံးပေါ့။
သူငယ်ချင်းတစ်ယောက်ရဲ့ညီမင်္ဂလာဆောင်တော့ ဈေးချိုနာရီစင်နားက မြို့တော်ခန်းမ(2)မှာပါ။
ထုံးစံအတိုင်းကျနော်တို့အဖွဲ့က လက်ဖွဲ့ခုံ တာဝန်ယူရတာပေါ့။
သူ့မင်္ဂလာဆောင်က အတော်လေးလဲစည်ကားပါတယ်။
အဲဒီအချိန်သူ့အဖေက လူတိုင်းနဲ့မကင်းနိုင်တဲ့နေရာတစ်ခုမှာတာဝန်ထမ်းဆောင်နေတော့
အဖိတ်ခံရတဲ့လူတိုင်းက လာချင်လဲလာ မလာချင်လဲလာပေါ့။
သူတို့အမေကလဲဈေးချိုထဲမှာဆိုင်ထွက်တာဆိုတော့ ဈေးမိတ်ကလဲရှိ။
ဧရာဝတီမြစ်အနောက်ဘက်ကမ်းမှနေကြတဲ့ကောင်မလေးဘက်ကအမျုးိတွေကလဲ
သူတို့ဆွေမျိုးစုထဲမှာ ပထမဆုံးမင်္ဂလာဆောင်ဆိုတော့ ရွာက အမျိုးအားလုံး တစ်ယောက်မကျန်လာ။
အဲတော့ စည်ကားတာမှဝက်ဝက်ကွဲပေါ့။
လက်ဖွဲ့ပစ္စည်းတွေကလဲ စားပွဲခုံပေါ်မှာတောင်မဆန့်လို့အောက်မှာ ထပ်ပြီးစီထားရပါတယ်။
လက်ဖွဲ့ခုံကို နှစ်ခုံခွဲ လက်ဖွဲ့ရေးတဲ့စာအုပ်ကိုလဲ တစ်ခုံမှာ နှစ်အုပ်ခွဲရေး။
ဒါတောင် ရေးတဲ့သူလက်မလည်ပါဘူး။
ပိုဆိုးတာက ရွာကလူတွေကို လက်ဖွဲ့လက်ခံရတဲ့သူတွေပါဘဲ။
မလာနိုင်သူက လူကြုံပေးလိုက်တဲ့ လက်ဖွဲ့ငွေကို ကြိုပြီးလဲရေးမလာ တစ်ယောက်ချင်းစီအတွက်လဲ
စာအိတ်ထဲထည့်မလာဘဲလက်ဖွဲ့ခုံရှေ့ရောက်မှ တစ်ယောက်ခြင်းစီပေးလိုက်တာကို ပြန်စဉ်းစားပြီး
“ မတောက ဘယ်လောက်” “ မိညက်က ဘယ်လောက်”
“ငကြွက်နီအတွက်တော့ ကြည့်ထဲ့လိုက် နောက်မှပြန်တောင်း”
ဆိုပြီး ဆွေးနွေးတိုင်ပင်နေကြတာက အကြာကြီး။
ပိုက်ဆံပေးပြန်တော့လဲ တစ်ရွက်ချင်းအထပ်ထပ်ပြန်ရေ တကယ့်ကို မပြီးနိုင်မစီးနိုင်ပါဘဲ။
အဲဒီနေ့ကလက်ဖွဲ့ရတဲ့ငွေကလဲများတော့ သူတို့ပေးထားတဲ့ ဖလားနှစ်လုံးနဲ့တောင်မလောက်လို့
ကျွတ်ကျွတ်အိတ်ထဲမှာ စုထည့် ထားရပါတယ်။
မင်္ဂလာဆောင် မပြီးခင်မှာ လက်ဖွဲ့ငွေ စာရင်းကိုပေါင်းတဲ့သူကပေါင်း၊
ငွေတွေကိုစီတဲ့သူကစီနဲ့ ကြိုတင်လို့လုပ်ကြပါတယ်။
အဲဒီအချိန်တုံး က သုံးနေတဲ့ပိုက်ဆံတွေက လေးဆယ့်ငါးကျပ်တန်၊ကိုးဆယ်တန်၊
နှစ်ရာကျပ်တန်က အကြီးဆုံးပါဘဲ။
မင်္ဂလာဆောင်ပြီးတဲ့ နေ့လည်ဆယ့်နှစ်နာရီကျော်တာတောင် ငွေစီလို့မပြီးသေး စာရင်းမအပ်နိုင်သေးပါဘူး။
မင်္ဂလာခန်းမကလဲ နောက်တစ်ပွဲအတွက်ပြင်ရမှာဆိုတော့ ကျနော်တို့ကိုထွက်ပေးဘို့လောနေပါပြီ။
အားလုံးလဲစာရင်းပေါင်းပြီးရော ငွေကိုးဆယ်တိတိကွာနေပါတယ်။
ပိုက်ဆံတွေပြန်ရေတော့လဲမတွေ့။
စာရင်းပြန်ပေါင်းတော့လဲထွက်မလာ။
သူတို့သားအမေက လဲကျနော်တို့နားကမခွာ။
“ငွေကိုးဆယ်က မများဘူး လက်ဖွဲ့ငွေမကွာကောင်းဘူး”လို့တတွတ်တွတ်ရွတ်နေပါတယ်။
နောက်ဆုံးတော့ ပိုက်ဆံနှစ်ရွက်ပူးနေတာကို ပြန်ရှာလို့တွေ့တဲ့ပုံစံနဲ့လိုနေတဲ့ပိုက်ဆံကို စိုက်ထည့်ပေးလိုက်တော့မှကျနော်တို့လဲပြန်ရပါတော့တယ်။
လက်ဖက်ရည်တစ်ခွက်သုံးကျပ်ခေတ်က ငွေကိုးဆယ် အခုခေတ်ငွေနဲ့တွက်ကြည်ရင်သိပ်တော့လည်းမနည်းလှပါဘူး။
ဒါတောင်ဇာတ်လမ်းကမပြီးသေးဘူးနောက်နေ့ကြတော့ သတို့သားအဖေက သူမိတ်ဆွေလက်ဖွဲ့တဲ့
တိုင်ကပ်နာရီတစ်လုံးပါမလာ ဘူးဆိုလာပြီး ရစ်သေးသဗျာ။

နောက်တစ်ခါ အမှတ်ရတဲ့ မင်္ဂလာဆောင်ကတော့ မင်္ဂလာဆောင်တဲ့ သတို့သားဘက်ရော သူတို့သမီးဘက်ပါ ငွေကြေးမချောင်လည်ကြတဲ့သူတွေပါ။
ကလေးတွေက ပူဆာတာရယ် ဟိုဘက်ဒီဘက်ဆွေမျိုးရယ်က ဇွတ်ဧည့်ခံပွဲလုပ်ချင်ကြတယ်ဆိုလို့သာ
မိဘဝတ္တရားမပျက်ချင်တာရယ်ကြောင့်ကျိတ်မှိတ်ပြီးလုပ်ပေးလိုက်ကြရတယ် ငွေရေးကြေးရေးက ရင်တမမ။
အဲတော့ အသင့်အတင့်ရှိတဲ့မင်္ဂလာခန်းမလေးမှာ ဧည့်ခံပွဲလေးလုပ်ဘို့စီစဉ်။
ဧည့်ခံမယ့်မုန့်ကို အများကြိးမမှာဘဲ လိုမှသာထပ်ဝယ် အလဟဿဖြစ်မှာစိုးတာလဲပါသပေ့ါ။
စကတည်းက ငွေကြေးမပြည့် စုံဘဲလုပ်ရတော့ သူတို့သားအမေက
“ကိုပေါက်ရေ လိုတာပြုတာရှိရင် လက်ဖွဲ့ငွေထဲကဘဲကြည့်ကျက်ဝယ်ပေးလိုက်ပါ”လို့အမှာတော်ပါးထားပါတယ်။
မင်္ဂလာဆောင် စစခြင်း အမျုးိတွေ မိတ်ဆွေတွေက စောစောစီးစီးဝို်င်းလက်ဖွဲ့ကြတော လက်ဖွဲ့ငွေက
မျက်နှာပန်းလှလှနဲ့ ့ ငွေဖလားထဲမှာပြည့်နေပါတယ်။
မင်္ဂလာဆောင်ကလူလဲစည်ပါတယ်။
လာသမျှကလဲအုပ်စုလိုက် ကလေးတွေရော လူကြီးတွေရော ဖိုးဖိုးရောဖွားဖွားရောအစုံလာကြတာပါ။
လက်ဖွဲ့ငွေကတော့ နည်းနည်းဖွဲ့ စားတာကတော့ များများ အားပေး ဆိုတော့
ဆယ်နာရီလောက်လဲရောက်ရော ကျနော်ဆီတစ်ယောက်ပြီးတစ်ယောက်လာလက်ဝါးဖြန့်ပါတော့တယ်။
“လေးပေါက် လက်ဖက်ပြတ်သွားပြီ “
“ကိုပေါက် မုန့်မရှိတော့ ဘူး “
“ဦးပေါက် စီးကရက်ကုန်ပြီတဲ့ “
“ဦးပေါက် ……..ကလိုနေပြန်ပြီ“
“ဆရာပေါက် သတို့သမီးအမေက ……………………. “
“ဆရာပေါက် သတို့သားယောက်ဖက……………………. “
“ဆရာပေါက် သတို့သားအဖေက ……………………. “
ဆိုတဲ့အကြောင်းပြချက်တွေနဲ့ တစ်ယောက်ပြီးတစ်ယောက်၊
လက်ဖွဲ့ငွေထဲက လာ လာ တောင်းပြီး သုံးကြတော့တာပါဘဲ။
သတို့သားအမေက ပေးပါလို့မှာထားတော့ ကျနော်ကလဲပေးတာပေါ့။
ဧည့်ခံနေရင်းတန်းလန်း မျက်နှာမပျက်ဘို့အရေးကြိးတယ်လို့
သတို့သားအဖေက ပြောထားတာကလဲရှိတာကိုး။
မင်္ဂလာဆောင်ပြီးတော့ ခဲဘိုး တွေ ရွှေကြိုးတားတာတွေကိုလဲ
လက်ဖွဲ့ငွေထဲကဘဲပေးလိုက်ပါလို့ သတို့သား သတိုးသမီးကပြော။
အဲတော့လဲ သွားပေါ ့ ငွေဖလားထဲကနေပြီးတော့။
နောက်ဆုံး မင်္ဂလာ ဧည့်ခံပွဲပြီးလို့ ခန်းမကြေးတို့ မုန့်ဘုးိတို့ ငွေရှင်းတဲ့အခါမလောက်တော့ပါဘူး။
အဲဒီအချိန်တစခန်းထလို့ပွဲကြမ်းတာက သူတို့သမီးရဲ့အကို (နည်းနည်းလေးတော့အရက်ကိုင်ထားပြီး ကောင်းနေတဲ့သူ)ပါဘဲ။
ဒီငွေတွေ တကယ်လာယူကြတာဟုတ်လို့လားတို့ ၊
ဒီလောက်ကြီးတောင်ကုန်သလားတို့၊
ငွေယူတဲ့သူကိုမှတ်ထားလားငွေရကြောင်းလက်မှတ်ထိုးထားလားတို့။
ဘယ်သူအမိန့်နဲ့ပေးတာလဲ တို့ ဆိုပြီးကွိုင်ဇယား နဲ့တိုင်ပတ်ပါတော့တယ်။
မင်္ဂလာဆောင်နေတုန်းကြီး ပစ္စည်းဝယ်ဘို့လာတောင်းတာ ဘယ်သူကလက်မှတ်ထိုးခိုင်းမလဲနော။

အဲဒီအခါမှကျနော်ဆီကို လာပြီးတောင်းတောင်းသုံးထားတဲ့ သူတွေကလဲ
ဘယ့်နှယ်ညာနှယ် ဆိုပြီး ဝိုင်းပြီးဗျောက်တွေရော ပေါက်ပေါက်တွေရော အားရပါးရဖောက်ကြပါတော့တယ်။
ကျနော်တို့လက်ဖွဲ့ခုံအဖွဲ့မှာ မျက်နှာလေးတွေဇီးရွက်လောက်ဘဲကျန်ပါတော့တယ်။
နောက်ဆုံးမတော့ အာဏာအရှိဆုံးသတို့သားအမေက အားလုံးကို ပါတ်ကြမ်းတုတ်တော့မှ
ကျနော်တို့မှာလဲ “ဟင်း”ချနိုင်ပါတော့တယ်။

နောက်ကိုယ်တောင်ဘယ်အပေါက်ကနေ ထွက်ပြေးရမှန်းမသိအောင်ကို ချောင်ပိတ်မိခဲ့တဲ့ မင်္ဂလာဆောင်လေးကလဲ အမှတ်တရပါဘဲ။
သတုို့သားနဲ့သတို့သမီးနှစ်ယောက်ကလွဲရင်နှစ်ဖက်ဆွေမျိုးတွေက မတည့်ကြပါဘူး။
နှစ်ဖက်လုံးကလဲ ငွေကြေးအတန်အသင့်တောင့်တင်းကြတော့ မာနအခံလေးတွေနဲ့ပေါ့။
မိဘတွေက သဘောမတူပါဘူးဆိုတဲ့ကြားထဲက ကလေးနှစ်ယောက်ကသူတို့သဘောနဲ့သူတို့ခိုးရာလိုက်ပြေးကြတာပါ။
အဲတော့ လာအပ်လို့လက်ခံကတည်းကအခြေအတင်တွေစကားများကြ။
မင်္ဂလာဆွမ်းကြွေးလုပ်တော့လဲ သူ့ကိုးကွယ်တဲ့ဘုန်းကြီး ကိုယ်ကိုးကွယ်တဲ့ဘုန်းကြီး ရွေးရင်းစကားတွေများကြ။
မင်္ဂလာဧည့်ခံပွဲလုပ်တော့လဲ ဟိုခန်းမလုပ်မယ် ဒီခန်းမလုပ်မယ်ဆိုပြီးနေရာရွေးရင်းစကားတွေများကြ။
မင်္ဂလာဆောင်မှာဝတ်မယ့် အဝတ်အစားတွေသူဘက်ကိုယ့်ဘက်အပြိုင်တွေဝယ်ခိုင်းကြ၊
သူတို့သားဘက်က “အသင့်အတင့်လောက်ဘဲလုပ်ပါ”လို့တောင်းပန်တော့
သူတို့သမီးဘက်က “ဟင်းရွက်ကန်စွန်း မဟုတ်ဘူး တစ်သက်မှတစ်ခါ ကောင်းကောင်းဖြစ်အောင်လုပ် “ဆိုပြီး
ဝိုင်းမြှောက်ပေးနဲ့ ပြဿနာပေါင်းကိုစုံလို့ပါဘဲ။
ဒါတင်မကဘူး လက်ထပ်ပြီးရင် ယောကျာ်လေးဘက်လိုက်နေ မိန်းကလေးဘက်လိုက်နေဆိုပြီး လုကြပြန်ရော။
ဒါနဲ့ဘဲ နောက်ဆုံးလူနည်းတဲ့မိန်းကလေးဘက်လိုက်နေဆိုပြီး ဆုံးဖြတ်ချက်ချလိုက်ပြန်တော့ ၊
မင်္ဂလာအိပ်ယာခန်းပြင်ရင်း ဇာတွေချဲ့တော့ စကားတွေများကြပြန်ရော။
ဒီမင်္ဂလာဆောင်မှာမှ ကျနော်က လက်ဖွဲ့ခုံ ထိုင်ရပြန်ပါတော့တယ်။
မင်္ဂလာဆောင်က တော့ လူစည်ကားပါတယ်။
ဒါပေမယ့် ဟိုဘက်ဒီဘက် မင်္ဂလာဆောင်ထဲမှာကို တစ်ဖက်နဲ့တစ်ဖက် ရန်စောင်နေကြပါတယ်။
မျက်နှာကြီးမင်္ဂလာပွဲဆိုတော့ လာတဲ့ဧည့်သည်တွေကလဲအများကြီး၊
လက်ဖွဲ့ပစ္စည်းတွေကလဲတစ်ပုံတစ်ပင်၊
လက်ဖွဲ့ငွေတွေကလဲ ဖွေးနေအောင်ရ။
အဲဒီအချိန်မှာတော့အားလုံးမျက်လုံးမှာအြ့ပုံးတွေနဲ့ဝေလို့ပေါ့။

မင်္ဂလာဧည့်ခံနေရင်းက သူ့မိတ်ဆွေကို မခေါ်ဘူး ငါ့မိတ်ဆွေတွေကို နေရာမပေးဘူး ဆိုပြီး ရန်တွေစောင်ကြ၊
သူမိတ်ဆွေကို မုန့်အမြန်လာမချလို့ ဆို ပြိး ပွစိပွစိလုပ်ကြ။
သတို့သားသတိုးသမီးနဲ့အမှတ်တရဓါတ်ပုံတွေရိုက်ကြပြန်တော့လဲ သူဘက်ကအရင်ရို်က်ငါ့ဘက်ကအရင်ရိုက်မယ်ဆိုပြီး ငြိကြပြန်ရော။

ဒါနဲ့ဘဲ မင်္ဂလာဧည့်ခံပွဲအချိန်ကုန်သွားတော့ ကျနော်တို့လဲ လက်ဖွဲ့ပစ္စည်းတွေကို
စံနစ်တကျနဲ့ နံပါတ်စဉ်တွေထိုး ပြီးပုံထား။
ငွေတွေပြန်တွက်တော့ နည်းနည်းလေးပိုနေပါတယ်။
နာမည်မရေးမိဘဲကျန်နေတာနေမှာပါ။
ကျနော်တို့ခေါင်းခြင်းဆိုင်ပြီးစာရင်းပြန်တွက်နေတုံး သတို့သားအမက “ဘာလဲဘာလဲ”နဲ့လာမေးပါတယ်။
“ပိုက်ဆံနည်းနည်းပိုနေလို့ပါ”ဆိုတော့မှ ပိုနေရင်မရှာနဲ့တော့ လို့ပြောပါတယ်။
လိုရင်တေ့ာ မတွေ့မချင်းရှာ ကွာရင်စိုက်ရမယ်ထင်ပါရဲ့။

အဲဒါနဲ့ကိစ္စဝိစ္စအားလုံးပြီးလို့ သတို့သားအမေကို ငွေတွေအပ်။
သူတို့ကလဲ ကျနော်တို့အဖွဲ့ကိုကျေးဇူးတင်ကြောင်းတွေပြောပြီးလို့လက်ဖွဲ့ပစ္စည်းတွေကို
သတို့သား ဘက်ကကားပေါ်တင်မယ်လဲလုပ်ရော ပြဿနာစတော့တာပါဘဲ။
သတို့သမီးဘက်မှာလိုက်နေမှာမို့လို့ သူတို့အိမ်ကိုဘဲလက်ဖွဲ့ပစ္စည်းတွေသယ်သွားမယ်ပေါ့။
သတို့သားဘက်ကလဲ “မင်္ဂလာမဆောင်ခင်မှာ ဟိုဘက်က ရစ်သမျှတောင်းဆိုသမျှလိုက်ရောခဲ့ပြီးပြီ ၊
ငွေလဲစိတ်တိုင်းကျအကုန်ခံပြီးလုပ်ပေးပြီးပြီ အဲတော့ မင်္ဂလာဆောင်ကရသမျှသူတို့ယူသွားမယ်၊
ပြီးမှကလေးနှစ်ယောက်လက်ထဲကိုအပ်မယ်၊
ဘယ်မှာဘဲနေနေ ဘယ်သူလက်ထဲမှ မထည့်နို်င်ဘူး သူတို့ဘဲသယ်သွားမယ်” ပေါ့၊
သတို့သမီးဖက်ကလဲ” လက်ဖွဲ့ငွေယူသွားရင်တော်လောက်ရောပေါ့ ၊
လောဘကြီးလွန်းတယ် လက်ဖွဲ့ပစ္စည်းကတော့ သူတို့ဖက်ပေးလိုက်ဘို့ကောင်းတာပေါ့”
ဆိုပြီး တစ်ဖက်နဲ့တစ်ဖက်စကားစစ်ထိုးကြပါတော့တယ်။
ပြောရင်းဇာတ်ရှိန်မြင့်လာတော့ ဟုတ်တာမဟုတ်တာအပထား ငယ်ကျိုးငယ်နာတွေဖော်ပြးီ
ရန်တွေဖြစ်ကြပါတော့တယ်။
သူတို့သမီးဘက်က အမျိုးတွေကလဲ အထုပ်တွေဆွဲ သတို့သားဘက်ကလဲပြန်လု၊
အစကတော့ မိန်းမတွေချည်းဘဲ ဖြစ်ကြ၊
နောက်တော့ ယောက်ျားတွေပါ ပါလာပြီး ထိုးကြကြိတ်ကြ ရိုက်ကြနှက်ကြနဲ့ရန်ပွဲကြီးဖြစ်ကုန်ပါတော့တယ်။
ကျနော်တို့လဲလွတ်ရာကျွတ်ရာရှောင်နေကြရတော့တာပေါ့။
အဆုံးသတ်မှာတော့ ကျနော့်အသိဓမ္မာရုံက ငှားလာတဲ့ မင်္ဂလာလက်ဖွဲ့ငွေဖလားတစ်လုံးအက်သွားပါတယ်။
အလျော်တောင်းတော့ နှစ်ဖက်လုံးကရူးချင်ယောင်ဆောင်နေကြပါတယ်။
ဈေးကြီးတော့ ကိုယ်ကလဲစိုက်မလျှော်နိုင်။
ဓမ္မာရုံက ပစ္စည်းထိန်းက တော့ ကျနော်ကိုအားပေးပါတယ်။
“ကိုပေါက်လာရင်ဘယ်တော့ မှပစ္စည်းမငှားနဲ့”ပါတဲ့။

အဲလိုကြုံပေမယ့်လည်း မိတ်ဆွေသင်္ဂဟများက မင်္ဂလာကိစ္စများရှိရင်စိတ်ချယုံကြည်စွာနဲ့
လက်ဖွဲ့ခုံ ထိုင်ပြီဆိုရင် မေးခွန်းလေးတွေကြိုမေးထားရပါတော့တယ်။

မင်္ဂလာလက်ဖွဲ့ငွေတွေ ပစ္စည်းတွေကို ဘယ်သူ့အပ်ရမှာလဲ?
မင်္ဂလာဆောင်နေတုံး လက်ဖွဲ့ငွေထဲက ဟိုဟာဒီဟာဝယ်ဘို့လာတောင်းရင်ပေးရမှာလား?
ပေးရမယ်ဆိုရင်ကော ဘယ်သူ့လာတောင်းမှပေးရမှာလဲ?
ဆိုတဲ့မေးခွန်းကို ကြိုတင်မေးထားရပါတော့တယ်။
ကဲ……………….ခင်ဗျားတို့ရော ဒါမျိုးကြူံဘူးပါသလား?

ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
www.kopaukmdy.info
(25-10-2011)

17 comments

  • ပေါက်ဖော်

    October 25, 2011 at 7:29 pm

    မင်္ဂလာ ပွဲပြီးတော့..လက်ဖွဲ ့လုရင်း..ရန်ဖြစ်ကြတာတော့တွေ ့ဖူးတယ် လေးပေါက်ရေ
    နှစ်ဘက် အမျိုးတွေ လက်ဖွဲ ့ကို..လုကြရင် အဝေမတဲ့..
    မတဲ့တော့..စကားများကြကော..
    မင်္ဂလာမောင်နှံလဲ..ငါ့အမျိုးထိရမလား..နင့်အမျိုးထိရမလားဆိုပြီး..စကားများ..
    မပေါင်းဘူးဆိုပြီး..ကိုယ့်အိမ်ကိုယ်ပြန်ကြရော
    ဪ..လင်မယား..ကွဲပါပြီဆိုပြီး.စိတ်မကောင်း..နေတာ
    မကြာပါဘူး..ပြန်ပေါင်းတွားကြတာပါဘဲ.. 😆 ဟီး.ဟီး..

    အင်း..
    လူပြိုဂျီးလုပ်တာပဲ ကောင်းပါဒယ်လေ…
    😆

  • windtalker

    October 25, 2011 at 7:47 pm

    ဟားဟား..
    လေးပေါက် ရဲ ့ပို ့စ်ကတော့ တစ်ကယ်ကို ရသ ပဲ ဗျို ့
    လေးပေါက် ထိုင်ခဲ့ရတဲ့ ထိုင်ခုံမှာ ကိုယ်တိုင်ရောက်သွားသလို ခံစားရတယ်ဗျို ့
    ခေါင်းစဉ်လေး ပြန်တပ်ပါဦးခဗျ… လေးပေါက်ရေ

  • padonmar

    October 25, 2011 at 10:47 pm

    လက်ဖွဲ့လုရင်း မင်္ဂလာပွဲမှာတင် ကွဲသွားတဲ့ တကယ့် အဖြစ်အပျက်ရှိတယ် ကိုပေါက်ရေ။

  • Mg Ni Tut

    October 26, 2011 at 1:41 am

    အောက်ဆုံးက မင်္ဂလာပွဲမျိုး ဝတ္ထုတွေထဲမှာပဲရှိမယ်ထင်တာ အပြင်မှာ ရှိတာ အခုမှ သိရတယ်။ ဖတ်လို့ကောင်းတယ်။

  • ဆူး

    October 26, 2011 at 10:14 am

    နောက်တခါ မင်္ဂလာဆောင် လက်ဖွဲ့ စားပွဲမှာ ထိုင်ခိုင်းရင် တခုသာ တောင်းဆိုလိုက်..
    သံသေတ္တာ အလှူခံပုံးလို အပေါက်လေး ဖောက်ပြီး သော့ခေတ်ထားပေးပါ။ လာသမျှ ပိုက်ဆံ အထုတ်က နာမည်လေး မှတ်ထားပြီး အထုတ်လိုက် အလှူခံပုံးထဲ ထည့်သလိုသာ ထည့်ခိုင်းလိုက်မယ် အထုတ်တိုင်း ထည့်မထည့် စောင့်ကြည့်ပေးမယ် ဘယ်သူမှလည်း ဖောက်မရေခိုင်းနဲ့ သတို့သား သတို့သမီး အိမ်ပြန်မှ သေတ္တာလိုက်သာ ထည့်ပေးလိုက် အလုပ်ရှပ်ခံပြီး အိမ်ကျမှသာ ရေကျပေတော့…
    ဒန် တန် တန်…..

    • windtalker

      October 26, 2011 at 7:08 pm

      ဆူးမမ မင်္ဂလာဆောင်ကြလျှင် ၊ ဆူးမမ ပြောသော သေတ္တာ တစ်လုံးကို မေတ္တာဖြင့် အခမဲ့ ငှားရမ်း ကူညီပေးမည် ဖြစ်ပါကြောင်း …
      ဟီဟိ

      • ဆူး

        October 29, 2011 at 10:02 am

        သေးသေးကွေးကွေးဆိုရင် စကားထဲ လာထည့်မပြောနဲ့နော်။

  • ကြောင်ကြီး

    October 26, 2011 at 12:36 pm

    ကြောင်ကြီး မင်္ဂလာဆောင်ကြရင်လည်း ဦးပေါက် လက်ဖွဲ့ခုံလာထိုင်ပေးပါအုံး။ မျက်နှာမပျက်ရအောင် ဦးပေါက်ထိုင်မဲ့စားပွဲ အရပ်ဆယ်မျက်နှာမှာ ဗီဒီယိုကင်မရာ ဆင်ထားပေးမယ်..။ ဦးပေါက်ကိုလည်း ပွဲမစခင်ထဲက တကိုယ်လုံးချွတ်ရှာခိုင်းမယ်။ လိုအပ်ရင် ထောင်ဝါဒါတွေရှာသလို နှိုက်နှိုက်ချွတ်ချွတ်ရှာမယ်။ ပွဲမပြီးခင်အထိ အပေါ့အလေး ဘယ်မှမသွားရဘူး။ ပွဲပီးသွားရင် အဲသလိုထပ်ရှာမယ်။ လူအလစ်မှာ မျိုချထားမှာစိုုးလို့ ဆရာဝန်ခေါ် အိပ်စ်စရေးဓာတ်မှန်ရိုက်မယ်။ ပွဲမှာဝတ်ဖို့ ပြည်တွင်းဖြစ်ချည်လုံချည်ကြမ်းနဲ့ စွပ်ကျယ်တထည် ပေးမယ်အပိုင်…။
    မင်္ဂလာပွဲကို ခွေးတွေမလာရ။ ကြောင်များနဲ့ ကြောင်ချစ်သူများသာ လာရမည်။ ဥပမာ – ကြောင်ချစ်တတ်တဲ့ မိုးစက်၊ မိုးပွင့်ဖြူ၊ လုံးကလေး (တယောက်ထဲလာနော်)၊ အီးဒုံးကတော့ ဘဲကြီးနဲ့ဆိုတော့ လက်ဖွဲ့ပဲပို့လိုက်။ အန်တီဝေနဲ့ အန်တီဆူးတို့ကိုလည်း ကြောင်ကြီးတို့ မင်္ဂလာမောင်နှံက သက်ကြီးဝါကြီးအဖြစ် အဘွားနေရာထား ကန်တော့ပါ့မယ်။ 😛

  • hmee

    October 26, 2011 at 1:41 pm

    မှီလည်း တခါကြုံဖူးတယ်။ သူငယ်ချင်း မင်္ဂလာဆောင်မှာ။ မင်္ဂလာဆောင်ပွဲပြီးတော့ သူတို့သားဖက်က ငွေရော စာအုပ်ရော ယူသွားတယ်။ သူငယ်ချင်းက စိတ်တွေဆိုးပြီး ပြသနာရှာမယ် တကဲကဲ။ ကျွန်မတို့မှာ ဝိုင်းပြီး ဖျောင်းဖျရတာပေါ့။ သတို့သားကို ပြသနာမရှာပါနဲ့ သူ့ခမျာ မိဘနဲ့ မိန်းမကြား သနားပါတယ်ပေါ့။ ခဏတော့ အခြေအနေစောင့်ကြည့်ပါဆိုပြီး ထိန်းနေရတယ်။ အမှန်တော့ သတို့သား မိဘတွေက ကောင်းရှာပါတယ်။ အလုံးစုံတာဝန်ယူတဲ့အပြင် တိုက်ခန်းတခန်း၊ ကားတစီး ပေးသေးတယ်လေ။ တကယ်လို့သာ ဒီငွေမရလည်း သူ့ဘက်က ဒီလောက်ရထားပြီမို့ ကျေနပ်သင့်တယ်လည်း ထင်လို့ ဝိုင်းပြောကြတာ။ ညစာစားပွဲ ရောက်တော့ သူ့ယောက်ခမက အထုတ်လိုက် တပြားမကျန် ပြန်ပေးပါတယ်။ သူတို့ဘက်က ဘယ်သူတွေ ဘယ်လောက်ဖွဲ့လည်း သိချင်လို့ ခဏပဲယူတာတဲ့လေ။ အခြေအနေကို အတိအကျမသိပဲ မစောင့်ပဲ ပြသနာဖြစ်လို့ကတော့ လောဘကြီးတဲ့သူဆိုပြီး တသက်လုံး ယောက်ခမက ငြိုင်ငြင်တာ ခံရမှာ မလွဲဘူး။ ရုပ်ရှင်ထဲကလို မင်္ဂလာဆောင်ပြီး ပြီးတာမှ မဟုတ်တာ ရှေ့ဆက်ရမဲ့ ဘဝက အရှည်ကြီးဆိုတာကို မတွေးကြလို့ ဒီလိုဘာမဟုတ်တဲ့ ပြသနာတွေ ဖြစ်ကြတာ။

  • blackchaw

    October 26, 2011 at 1:55 pm

    MaMa က လက်ဖွဲ့တွက်နည်း သင်ပေးတယ်။
    ကိုပေါက် က လက်ဖွဲ့ လက်ခံတဲ့ သင်ခန်းစာတွေ ပြောပြတယ်။
    ကျန်နေတာက သတို့သားနဲ့ သတို့သမီး မင်္ဂလာဆောင် အတွေ့အကြုံလေးတွေပေါ့။
    ပြောနိုင်သူများရှိရင်၊
    ဒါမှမဟုတ် မရှိသေးရင်လည်း မြန်မြန်သာ မင်္ဂလာဆောင်ကြပြီး
    မင်္ဂလာဆောင်အတွေ့အကြုံလေး ပြန်ရေးပေးပါဗျို့။

  • naywoonni

    October 26, 2011 at 3:50 pm

    အဲဒါတွေ ရှောင်ချင်လို့ မင်္ဂလာမဆောင်ပဲ လူပျိုကြီးလုပ်နေတာ…။ အဲဒိအစဉ်အလာပျက်တဲ့နေ့ မိန်းမယူမယ်…။ဒါပဲ…။ ဘယ်သူ့ကိုမှမရည်ရွယ်ပါ…။ အားလုံးကိုပြောတာ ဒါပဲ…။ 😛 😛

  • pooch

    October 26, 2011 at 6:57 pm

    လေးပေါက်ရဲ့ စာကို ဖတ်ပြီး အနော်လည်း တယောက်ထဲပဲနေတာ အကောင်းဆုံးလို့ ယူဆလိုက်ပြီ …. 😛

  • MaMa

    October 29, 2011 at 8:29 am

    ကိုပေါက်ရဲ့ လက်ဖွဲ့ခုံထိုင်ပုံကို မျက်စိထဲတောင် မြင်ယောင်မိသွားတယ်။ (သရုပ်ဖော်စာ အရေးကောင်းတော့)
    ဖြစ်ဖြစ်ချင်းတော့ ဘယ်လိုနေကြမလဲ မသိဘူး။ ခု ဖတ်ကြည့်ပြီးတော့ တော်တော်ရီရတယ်။ 😆

  • အဲဒီတုန်းကေ နေရာတင်ပျောက်သွားချင်လောက်အောင်စိတ်တွေလေခဲ့သပေါ့။
    အခုတော့ အဲဒီအကြောင်းတွေလူစုံလို့ပြန်ပြောကြရင်တဟားဟား။
    နာမယ်ပြောင်ရသွားတဲ့သူငယ်ချင်းတောင်ရှိသေး
    ခုံကြားထဲဝင်ပုန်းနေတဲ့ကောင်မလေးကို
    တရုပ်နာမယ်ပေးလိုက်ကြတာ.

    ခုံကြားမေ တဲ့

  • နွယ်ပင်

    October 29, 2011 at 10:21 am

    လေးပေါက်ရဲ့ လက်ဖွဲ့ထိုင်ခုံက အမိုက်စားပဲ
    မင်္ဂလာဆောင်ကို အမြဲတမ်းသတိရနေအောင်လုပ်ပေးတာပါ
    ဘယ်တော့မှ မမေ့တော့ဘူးပေါ့ …

  • စုံ စုံ

    October 29, 2011 at 10:52 am

    လေးပေါက်ရေ ကျမလဲလက်ဖွဲ့ခုံကိုခြောက်ကြိမ်ထက်မနည်းထိုင်ဖူးတယ်
    လေးပေါက်လိုဘဲ ပြသနာပေါင်းစုံလဲတွေ့ဖူးတယ် ပြသနာမဖြစ်ဘဲအေးအေးချမ်းချမ်းပြီးသွားတဲ့ပွဲလဲ
    ရှိပါရဲ့ မှတ်မှတ်ရရဆိုရင်သူငယ်ချင်းရဲ့အမပွဲမှာထိုင်ဖူးတာပြောချင်တယ်
    ကျမတို့ကတော့ဘယ်သူလာလာလက်ခံပြီးမှတ်တမ်းရေးတာဘဲလေ
    ဒါပေမယ့် ဟိုဘက်သတို့သားဘက်ကကျတော့အဲ့လိုမဟုတ်ဘဲ သူတို့သူတို့သားဘက်က
    လူတွေလာရင် ကျမတို့လက်ထဲကလက်ဖွဲ့တွေကိုအတင်းကိုလိုုက်လုတာ ပထမတော့ကြောင်သွားတာပေါ့
    နောက်မှသိတယ် သူတို့ကဟိုဘက်ဒီဘက်ခွဲထားတယ်ဆိုတာ အဲ့ဒိတော့ပွဲလာတဲ့လူတွေဆိုကိုယ်တွေက
    ဟိုဘက်လူဒီဘက်လူမသိတော့ သူတို့မယူတဲ့လက်ဖွဲ့မျိုးကိုဘဲအလိုလိုဒါငါတို့သတို့သမီးဘက်ကပါလား
    ဆိုတာ understood သိပြီးယူလိုက်ရတယ် အဲ့ဒိပွဲကတော့မှတ်မှတ်ရရစိတ်ပျက်ဖို့ကောင်းတယ်

Leave a Reply