သိုက်အကြောင်း သိကောင်းစရာ

အရှင်ဘုရား ကျန်းမာပါရဲ့လားဘုရား။ တပည့်တော်အား မရှင်းလင်းတဲ့မေးခွန်းများ၊ ပြဿနာများအား မေးလျှောက်ခွင့်ပြုပါဘုရား။ သိုက်နှင့်ပတ်သတ်ပြီး တပည့်တော် သိချင်ပါတယ်ဘုရား။ များသောအားဖြင့်လူတွေက သိုက်မှာနေတယ်တို့၊ သိုက်ကလာတယ်တို့၊ သိုက်ကစောင့်ရှောက်တယ်လို့ ယုံကြည်နေကြတာတွေရှိပါတယ်ဘုရား။ တကယ်တော့ သိုက်ဆိုတာ အစွဲတွေကြောင့် မကျွတ်မလွတ်ဘဲဖြစ်နေတဲ့ ဝေမာနိကပြိတ္တတွေပဲလို့ တပည့်တော် နားလည်ထားပါတယ်ဘုရား။ အဲဒါကို လူတွေဘာကြောင့် ပူဇော်ပသကိုးကွယ် နေကြတာလဲဘုရား။

(တပည့်တော်နဲ့ညီမလေးတစ်ယောက်လိုခင်တဲ့ သူငယ်ချင်းတစ်ယောက်ကဆိုရင်) သူ့အမလိုခင်တဲ့သူတစ်ယောက်က သိုက်ကလာတယ်၊ သူမွေးတော့လည်း စီးပွားတွေတတ်လာတယ်။ အစစအရာရာအဆင်ပြေလာတယ်လို့ပြောပါတယ်ဘုရား။ နောက်ပြီး သူသေသွားတော့ သိုက်မှာပြန်သွားဖြစ်တယ်။ သူ့ကိုလည်း စောင့်ရှောက်တယ်လို့ပြောပါတယ်ဘုရား။
သူ့မွေးနေ့ရောက်ရင် အမွှေးနံတွေပေးလေ့ရှိတယ်၊ အိပ်မက်ပေးလေ့ရှိတယ်လို့ပြောပါတယ်ဘုရား။
အဲဒီအတွက် တပည့်တော်တို့ နားလည်သိရှိအောင် ရှင်းပြပေးပါဘုရား။

နေမင်းဝေ၊ ဂျပန်၊ အပြုံးပန်းဈေးခင်းဆိုဒ်

သိုက်နဲ့ပတ်သတ်ပြီး ဦးဇင်းသိသလောက် ပြောပြပေးရမယ်ဆိုရင် သိုက်ကလာတယ်ဆိုတဲ့လူတွေဟာ ဝေမာနိကပြိတ္တာဘဝကနေ လာတဲ့လူတွေလို့ ယူဆရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝေမာနိကပြိတ္တာဆိုတာက နေ့စံညခံ၊ ညခံနေ့စံဘဝတွေမို့ပါ။ သူတို့ဟာ ကောင်းကျိုးနဲ့ဆိုးကျိုးကို တလှည့်စီခံရပါတယ်။ တချို့ကျတော့လည်း နေ့မှာနတ်ပြည်လို နတ်ချမ်းသာတွေကို ခံစားရပြီး ညမှာငရဲသားတွေလို ခံရတာရှိသလို ညမှာနတ်ပြည်လိုခံစားရပြီး နေ့မှာ ငရဲလိုခံစားရကြပါတယ်။ ဝိတ္တမိန္ဒကအကြောင်းကို ဖတ်ဖူးတဲ့လူတိုင်း သိပါလိမ့်မယ်။ မိတ္တဝိန္ဒကဟာ တစ်ခုသောဘဝမှာ သူများရဲ့လာဘ်လာဘရမဲ့ဟာကို မနာလိုဝန်တိုဖြစ်ခဲ့တဲ့ မကောင်းမှုကြောင့် နေ့စံညခံပြိတ္တာဘဝကို ရောက်ခဲ့ရတာပါ။ သူ့ကျောင်းလာတည်းတဲ့ အာဂန္တုကရဟန်းကို သူ့ဒကာအိမ်မှာ ဆွမ်းစားမလိုက်စေချင်တဲ့ မကောင်းမှုမစ္ဆရိယကံကြောင့်ပါ။ အဲဒါကြောင့် မိမိတို့လည်း မစ္ဆရိယစိတ်များ မနာလိုမှုများ မထားရှိကြဖို့ အရေးကြီးပါတယ်။

အဲဒီတော့ သိုက်ကလာတယ်ဆိုတဲ့လူတွေဟာ ဝေမာနိကပြိတ္တာဘဝကနေ အချိန်ကန့်သတ်ချက်နဲ့ လူ့ချမ်းသာကို ခံစားရဖို့လာတဲ့လူတွေ ဖြစ်မှာပါ။ အဲဒီလိုလာတဲ့လူတွေထဲမှာလည်း ဝေမာနိကပြိတ္တာကနေ ကျွတ်လွတ်လာတဲ့ပုဂ္ဂိုလ်ရှိသလို ပြိတ္တာဒုက္ခကို မခံစားရသေးဘဲ လူ့ချမ်းသာကို အရင်ခံစားရအောင် လာရောက်နေရတဲ့ပုဂ္ဂိုလ်များလည်း ရှိနိုင်ပါတယ်။ ပြိတ္တာကနေ လွတ်လာတဲ့လူတွေကတော့ သူတို့ကောင်းမှုရှိရင် သူတို့ကောင်းမှုအလျှောက် နောက်ဘဝမှာ ခံစားကြမှာဖြစ်ပါတယ်။ ပြိတ္တာဒုက္ခကို မခံစားရသေးဘဲ လူ့ချမ်းသာကို အရင်ခံစားရန်ရောက်လာတဲ့လူတွေကတော့ လူ့ချမ်းသာကိုခံစားရန် သူတို့သတ်မှတ်ချက် ကံတရားကုန်ရင် ပြိတ္တာကိုပြန်ရောက်ပြီး ပြိတ္တာရဲ့ဒုက္ခတွေကို ဝဋ်ကြွေးကြောင့် ပြန်ဆပ်ရပါဦးမယ်။ ဒီလို ပြိတ္တာကိုပြန်ရောက်ပြီး ခံစားရဦးမဲ့လူတွေကတော့ လူ့ဘဝရောက်ရှိချိန်လေးမှာ ကောင်းမှုများများလုပ်ပေးမယ်ဆိုရင် သူတို့ဝဋ်ကြွေးကုန်လို့ ပြိတ္တာကနေ လွတ်တဲ့အခါ ကောင်းတဲ့ဘုံမှာ ကောင်းကျိုးတွေ ခံစားရမှာပါ။ အဲဒီလိုမဟုတ်ဘဲ ရရှိလာတဲ့လူ့ဘဝလေးကို မကောင်းမှုလုပ်ပြီး အချိန်ကုန်လွန်သွားမယ်ဆိုရင်တော့ ပြိတ္တာကနေလွတ်လည်း မကောင်းတဲ့အပါယ်လေးဘုံထဲမှာပဲ ပြန်လည်ခံစားရပါလိမ့်မယ်။

ပြိတ္တာကနေလာတဲ့သိုက်တွေကို ပူဇော်ခြင်းတွေလုပ်တာကိုတော့ ဘာအကျိုးမှမရသလို ဘယ်လိုဆိုးကျိုးမျှကိုလည်း မိမိတို့ကို မပေးနိုင်တဲ့အတွက် မလုပ်သင့်ဘူးလို့ ထင်ပါတယ်။ သိုက်ကလာတဲ့လူကို သူတို့သူငယ်ချင်းများဖြစ်တဲ့ပြိတ္တာများက သူလူ့ဘဝခံစားနေရတုန်းမှာ သတိမေ့လျော့ပြီး ကောင်းမှုမလုပ်ဘဲ မကောင်းမှုများနဲ့ အချိန်ကုန်လွန်နေမှာစိုးလို့ သတိပေးတာဖြစ်နိုင်သလို ကောင်းမှုလုပ်လို့ ကောင်းချီးပေးတာလည်း ဖြစ်နိုင်ပါတယ်။

နိဂုံးချုပ်အနေနဲ့ပြောချင်တာကတော့ မိမိတို့မှာ ဘယ်ဘဝကနေ ဘယ်လိုအခြေအနေမျိုးမှာပဲ လူ့ဘဝကိုရရှိလာပါစေ လက်ရှိရရှိလာတဲ့လူ့ဘဝလေးမှာ ကောင်းမှုများနဲ့ အချိန်ကုန်လွန်ကြဖို့ပါပဲ။

အရှင်ကောမလ(ခ)ဆန်နီနေမင်း

sanninaymin@gmail.com

http://www.sanninaymin.com

Colombo, Sri lanka

One comment

  • windtalker

    October 25, 2011 at 8:59 pm

    မှန်လှပါ ဘုရား
    “လက်ရှိရရှိလာတဲ့လူ့ဘဝလေးမှာ ကောင်းမှုများနဲ့ အချိန်ကုန်လွန်ကြဖို့ပါပဲ။” ဆိုတာ ကို
    လေးလေးနက်နက် ကြိုက်နှစ်သက်မိပါတယ် ဘုရား ။

Leave a Reply