အတွေးထဲ ရောက်နေတဲ့ အကြောင်းအရာလေးတွေ ရွာထဲမှာ လာလာတွေ့နေရတော့ တစ်ဖြေးဖြေးနဲ့တော့ ဇာတ်ရည်လည်လာပါပြီ….။ ကိုယ်တိုင် ဘယ်ကပြန်ပြီး စပြောရမှန်းမသိတာ သူတို့လေးတွေက အစဖော်ဖော် ပေးနေသလိုဖြစ်လာလို့ ကျေးဇူးလည်းတင်ပါတယ်…။ ဟုတ်ပါတယ်…။ ခေတ်အလွဲ ပါ…။

အဲဒါနဲ့ ပါတ်သက်ပြီးပြောရရင် မျိုးဆက် အကြောင်းပါ ပြောရလိမ့်မယ်…။ ကနေ့ လူကြီးနဲ့ လူငယ် မျိုးဆက်ကွာဟမှုဟာ အပိုင်းအခြားကျဉ်းမြောင်းသွားတာပါ…။ ယခင်ကတော့ မျိုးဆက်တစ်ဆက်နဲ့ တစ်ဆက် နှစ်သုံးဆယ်လောက် ကွာမှ အတွေးအခေါ် အယူအဆ ကွာဟ ပေမဲ့ ကနေ့ ဆယ့်ငါးနှစ်လောက် အသက်ကွာရင်ကို မျိုးဆက်တစ်ဆက် ကွာဟသွားပါပြီ…။ ဆိုလိုတာက နေ၀န်းနီ တို့ အသက် 40-45 ကြားရှိတဲ့သူတွေနဲ့ အသက် 25-30 ကြားရှိတဲ့လူငယ်တွေ ဟာ မျိုးဆက်တစ်ဆက်ကွာဟသွားပါပြီ…။ အတွေးအခေါ်ချင်း ခံယူချက်ချင်း ဖြတ်သန်းလာခဲ့ရတဲ့ ပတ်ဝန်းကျင်ချင်း လုံးဝ ကွာခြားနေပါပြီ…။

သမိုင်းပေးတာဝန်အရ…… မျိုးဆက်တစ်ဆက်ကနေ နောက်တစ်ဆက်ကို လက်ဆင့်ကမ်းပေးရမဲ့ လူနေမှု စနစ် အတွေးအခေါ် အယူအဆ တွေ လိုအပ်ချက်တွေ ရှိပါတယ်…။ ဒီစနစ်ဟာ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်း စဉ်လာမှာ သိပ်ထင်ထင်ရှားရှား မတွေ့ရပါဘူး…။ ဒီလိုပဲ ဖာသိဖာသာ နေလိုက်ကြတာပဲ…။ နောက်မျိုးဆက်ကလည်း ကိုယ်ရောက်နေတဲ့ အချိန်နဲ့ ပတ်ဝန်းကျင်ကို လိုက်ပြီး သူနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ပြုပြင်ပြောင်းလဲပြီး အရင်ကိုယ့်ရှေ့က မျိုးဆက်ကို သိပ်အရောတစ်ဝင်လုပ်မနေပါဘူး…။ အားမကိုးဘူးပေါ့လေ….။ သူတို့ ဒီအချိန် တို့အရွယ်မှာ ဖြစ်ခဲ့ ခေတ်က တို့လက်ရှိဖြစ်နေတာနဲ့ တစ်ခြားစီ ဒိတ်အောက်နေပြီဆိုတဲ့ အတွေးနဲ့ ကိုယ်နဲ့ လက်လှမ်းမီသလောက် ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်အောင်ပဲ ကြိုးစားခဲ့ကြတာပါပဲ…။ နေ၀န်းနီတို့ အသက် 20 ကျော်လောက်ကလည်း ဒီလိုပဲ…။ ဒါပေမဲ့ အနှစ် နှစ်ဆယ်လောက် အတွင်းမှာ အဆမတန် ပြောင်းလဲမှုတွေနဲ့ ကြုံလိုက်ရတော့…….။
အစက ပြန်ပြောပါရစေ…။ နေ၀န်းနီ အသက် 18 လောက်မှာ ဒုတိယနှစ် အရေးအခင်းနဲ့ ကျောင်းတွေပိတ်…။ ပညာတစ်ပိုင်းတစ်စနဲ့ လုပ်ငန်းခွင်ရောက်ကုန်တော့တာပဲ…။ များသောအားဖြင့်တော့ လွယ်လွယ်ကူကူ လက်သင့်ခံသေးတဲ့ ကျောင်းဆရာ ဆရာမတွေ ဖြစ်ကုန်တာများပါတယ်…။ တစ်ခြားဌာနဆိုင်ရာတွေထဲမှာလညူ် ကျောင်းတစ်ပိုင်းတစ်တွေ အများကြီးရောက်သွားတာပါပဲ…။ ဒါအခြေအနေ အချိန်အခါအရ ဖြစ်သွားကြတာပါ…။ အဲဒိအချိန် တံခါးဖွင့် စီးပွားရေး ကစခါစ….။ စနစ်တစ်ခုက ပြိုကျသွားပြီး နောက်တစ်ခု တည်ဆောက် ဖို့ အားယူနေတဲ့ အချိန်…။ ပညာတစ်ပိုင်းတစ်စနဲ့ ကျောင်းသားတွေ အလုပ်ခွင်ထဲ အုံလိုက်ကျင်းလိုက် တိုးဝင်နေတဲ့ အအြေနေ …။ စဉ်းစားသာကြည့်လိုက်ပေရော့…။

အဲဒိအချိန် အခြေအနေက ဒီကနေ့ လောက်မဆိုးတာတော့ အမှန်ပဲ…။ မဆိုးဘူးဆိုတာက အလုပ်အကိုင် နေရာ တွေက သူနဲ့ တန်ရာတန်ရာ ဆိုသလို ရသွားကုန်တာပဲ…။ မိရိုးဖလာ အလုပ် လုပ်သူတွေလည်းရှိပေါ့…။ တောင်သူလုပ်ငန်း တို့ ကုန်သည်ပွဲစား ဈေးသည်တို့…။ အဲဒိလိုပြောလိုက်လို့ လုပ်ငန်းခွင် ၀င်ဖို့ ငွေကုန်ကြေးကျ များလားဆိုတော့လည်း များပါဘူးပြောရမှာပဲ…။ ကျောင်းအုပ်ကြီး တိုက်ပုံ တစ်ဝတ်စာလောက် ကန့်တော့လိုက်ရင် ကျောင်းဆရာမ ဖြစ်သွားတာ…။ မြို့နဲ့ ဝေးတာနီးတာတော့ ကိုယ့်ဖာသာကိုယ် ဆက်လုပ်ပေါ့…..။

နိုင်ငံခြားဆိုတာ…. တံခါးပိတ်ထားတဲ့ စနစ်ထဲမှာ ကြီးပြင်းလာခဲ့ကြတာ…။ စကားတောင် မစပ်မိသေးပါဘူး…။ အဲ..အရေးအခင်းမှာ ပါတဲ့သူတွေ ရောက်ကုန်တာ ဘာညာ တော့ ရှိတာပေါ့…။ အလုပ်အကိုင်အတွက် သွားတဲ့သူဆိုလို့ မရှိသေးပါဘူး…။ တော်တော် အဆက်အသွယကောင်းတဲ့သူတွေမှ သင်္ဘောသားနဲ့ ထွက်တာမျိုးတွေရှိခဲ့တာပါ…။ လူသုံးကုန်ပစ္စည်း ဇိမ်ခံ ပစ္စည်းဆိုတာကလည်း ခုလို အိမ်တိုင်း TV ရှိဖို့ မပြောနဲ့ လ္ဘက်ရည်ဆိုင်တွေ စားသောက်ဆိုင်တွေမှာတောင် တစ်ဆိုင်တစ်လုံးမတပ်နိုင်သေးဘူး…။ ကက်ဆက်လေးတစ်လုံးရှိနေရင် အဆင်ကိုပြေလို့….။ မိဘတွေကလည်း သူတို့မျက်စေ့ရှေ့မှာပဲ ထားချင်ကြတယ်…။ သားသမီးတွေက အလုပ်လုပ်ချင်လွန်းလို့သာ …။သူတို့ သဘောကတော့ ကျောင်းဖွင့်တဲ့ အချိန်ကျောင်းပြန်တက် ဘွဲ့ယူပြီးမှ အလုပ်လုပ်ဖို့ စဉ်းစားဆိုတာတွေက ခပ်များများ….။ 1991 ကျောင်းတွေ ပြန်ဖွင့်လိုက်တော့ အတော်များများက အလုပ်က ထွက်ပြီး ကျောင်းပြန်တက်ကုန်တာ…။
စပ်ကူးမတ်ကူးကာလ လစာတွေက လည်း တိုးထားခါစ (အဲဒါ ပထမဆုံးအကြိမ်) ၀န်ထမ်းလုပ်နေတဲ့သူတွေ မျက်နှာပွင့်နေတဲ့ အချိန်ပဲ…။ နှစ်ပိုင်းလောက်ပါ…။ လ္ဘက်ရည် တစ်ခွက် တစ်ကျပ်ခွဲ လောက်ရှိတဲ့ အချိန်မှာ အောက်တန်းစာရေးလစာက 750 …။ ဆန်ဆယ်နှစ်ပြည် လည်း ကုန်သွယလယ်ယာဈေးနဲ့ရသေးတယ်..။ နေလို့ကောင်းသေးတယ်ဆိုရမှာပေါ့…။ အဲ နောက်ပိုင်းရောက်တော့ ကုန်ဈေးနှုန်းတွေ တက်လာ ကုန်ပစ္စည်းအမယ်တွေများလာ အားလုံးကို ၀ယ်မကိုင်နိုင် ….။ ဒီတော့ ဘာတွေဖြစ်ကုန်လဲ…။

ဝန်ထမ်းတစ်ယောက်ခန့်ဖို့အတွက် ဘယ်လောက်ရမှ…။ ဆိုတာမျိုးတွေဖြစ်ကုန်တယ်..။ ထောင်ဂဏန်းကစမတောင်းဘူး..။ လေးငါးသောင်းက စတောင်းတော့တာပဲ…။ ဒီတော့ အလုပ်ဝင်မဲ့သူက ဘာကိုပြန်တွက်လာလဲဆိုတော့ အခု ၀င်မဲ့ ကိုယ့်ကို ခန့်ပေးတဲ့ ဌာနက အောက်ဆိုဒ် ဘယ်လောက်ရမလဲ..။ သူအလုပ်ဝင်ဖို့ ပေးလိုက်ရတဲ့ ပိုက်ဆံ ဘယ်နှစ်လနဲ့ ကျေမလဲ …။ ဒါတွေ တွက်လာတော့တာပဲ..။ အဲဒိမှာအတောင်းအရမ်း ပွဲတော် စတော့တာပဲ…။ အောက်ခြေကနေ အထက်အဆင့် ဆင့် ဖြစ်တာလား …။ အထက်ကနေ အောက်ခြေကို ကူးစက်တာလားတော့ မသိဘူး …။။ 1990 နောက်ပိုင်း ခြစာမှုဟာ ခုထိမရပ်တန့်နိုင်သေးတာပဲကြည့်တော့…။
အဲဒိတော့ နေ၀န်းနီတို့ခေတ်ဟာ ကိုယ့်ကိုကိုယ် ရပ်တည်နိုင်ဖို့ ကြိုးစားရင်း လုံးပမ်းရင်းနဲ့ နောက်လာမဲ့ မျိုးဆက်အတွက် ဘာမှ ချန်မထားနိုင်သလိုဖြစ်သွားရတဲ့ အတွက် စိတ်မကောင်းပါဘူး…။ စနစ်တစ်ခုနဲ့ တစ်ခု အကူးအပြောင်းမှာ ထားခဲ့နိုင်တာကတော့ နှုတ်ထွက်ရဲရဲ အတောင်းအရမ်းကဲ တဲ့ အစဉ်အလာ ချမှတ်ပေးခဲ့ပါတယ်…။ ဒီတော့ နေ၀န်းနီတို့ မျိုးဆက်က ညံ့ခဲ့တာလား ..။ နေ၀န်းနီတို့ဆီရောက်လာတဲ့ ခေတ်က လွဲနေတာလား …။ ဝေဖန်ပေးကြပါတော့…။

နေ၀န်းနီတို့ မျိုးဆက်က ညံ့တယ်ဆိုရင်တော့ နေ၀န်းနီတို့ ရှေ့က မျိုးဆက် အခု အသက် 55-60 လောက်ရှိတဲ့ သူတွေ နေရာမရှိ ဖြစ်ကုန်မှာစိုးရပါတယ်…။ မျိုးဆက်ဆိုတာက တစ်ဆင့်ပြီး တစ်ဆင့်မြင့်တက်လာမှသာ လူ့ဘောင် ဘ၀က မနိမ့်ကျမှာမဟုတ်လား..။ အဲဒိတော့ ကိုယ့်ရှေ့ ရောက်နေတဲ့ ခေတ် ကိုယ်ကိုယ်တိုင် ပါဝင်လှုပ်ရှားနေတဲ့ ခေတ် လွဲမှားမနေဖို့ ကိုယ့်နောက် ကိုယ်နေရာဝင်ယူလာမဲ့ မျိုးဆက်သစ် တွေ ဘာတွေ ချန်ထားရစ်ခဲ့မလဲ ဆိုတာ…….. ခုအချိန်မှာ ဘာတွေ ပြင်ဆင် / လုပ်ကိုင်ကြမလဲ ပြောကြည့်ကြရအောင်……….။

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010