ထစ်နေသော စီဒီတစ်ချပ်၏ ပတ္တလားသံ (၂)

koyin sithuOctober 26, 20111min1055

သတ်မှတ်ချက် တစ်ခုပေါ်မှာ ဒွိဟဖြစ်နေတာမျိုးကို သင်တို့ သဘောတူမည်ဆိုပါက ကျွန်တော် မကန့်ကွက်လိုပါ။ ကျွန်တော်က ဘဝဆိုတာကို အမြင့်ခုန်ပြိုင်ပွဲတစ်ခုမှ စံချိန်တစ်ခုလို တိုင်းတာပြောဆိုပြချင်ပေမယ့် မည်သူကမှ လိုလိုလားလား လက်မခံကြ။ ဒီလိုနဲ့ ဝိရောဓိ ညနေခွက်တွေလည်း တစ်ခွက်ပြီး တစ်ခွက် မှောက်ကုန်ကြရတာ။ ဘာမှ မယုံတော့လို့ ဘာမှ မလုပ်ဖြစ်တာလို့ ပြောလိုက်တော့ ဝိုင်းစက်ပြူးကျယ်နေတဲ့ မျက်နှာပေးလေးများကို ကျွန်တော် အလွတ်ကျက်နေမိသည်။

ဈေးဝယ်ထွက်သွားကြတဲ့ အိပ်မက်တို့၏ ပျော်ရွှင်မှုသည် တကယ့်ကို စစ်မှန်သော ပျော်ရွှင်မှုမှ ဟုတ်ရဲ့လား။ စဉ်းစားကြစေလိုသည်။ ဘဝမှာ ရိုက်ချက်ပျော့ပျောင်းမှုများကြောင့် ကျွန်တော် ညံ့ဖျင်းခဲ့ပါကြောင်း အမြဲလိုလို ဝန်ခံခဲ့ဖူးပါသည်။ ဒါဟာ ရိုးသားမှုလား… ဒါမှမဟုတ် ညံ့ဖျင်းမှုကို သိပ်မပေါ်လွင်စေတဲ့ ကာကွယ်မှုတစ်ခုလား…

 

တိုက်ပုံကောင်းကောင်းတစ်ထည်ဖြင့် ထမင်းဝနေကြသော အနုပညာရှင် ဆိုသူများ ခင်ဗျား… ဇာတ်ညွှန်းမှားနေတဲ့ လုပ်ဇာတ်တစ်ခုကို ကြည့်ဖူးကြပါသလား။ ဓနိ၊ သက်ကယ်၊ တဲ ဆိုပေမယ့် အနုပညာ ဝါကျအကောင်းစားတွေတော့ အမှန်ပဲရှိပါသည်။ ဖျော်ဖြေရေးဆို အနုပညာ အစစ်မဟုတ်ဘူး။ ဟိုးမှာ ကြည့်ကြပါဦး … အကယ်ဒမီရတဲ့ အနုပညာရှင်တွေ အလွမ်းတွေဟာ စကားပြောနေပါလား။ အမှန်တော့ အလွမ်းစစ်စစ်ဆိုတာ စကားမပြောတတ်ပါဘူး။  အဲ့ဒီအတွင်းထဲကို ရောက်ဖူး၊ မြင်ဖူးလိုက်မှ အဲ့ဒါတွေဟာ အတွင်းသားဆိုရင် ကျွန်တော်ဟာ အပြင်သားသက်သက် တစ်ယောက်ဖြစ်ပါသည်။

 

လမ်းဘေးတစ်နေရာ၌ တကယ့်ဘဝစစ်စစ်များ ပြောင်ပြောင်မြောက်မြောက် ရှိခဲ့ဖူးကြောင်း မည်သူ့ထံတွင် သက်သေထူရမည်နည်း။ သူများပြောတိုင်း လိုက်ပြော၊ သူများဟုတ်တိုင်း လိုက်ဟုတ်နေကြတဲ့ ရေပေါ်ဆီ ခေတ်ပညာတတ် မျောက်တွေဆိုတာလည်း လူပြောများစပြုနေပြီဖြစ်၍ ကြားဖူးနားဝ ရှိသူတွေပင် များများ ရှိကုန်ကြပြီ။ ကဲ.. ကဲ.. ဘဝသမားဆိုသူများ ခုန်လိုက်.. ခုန်လိုက်… ဟိုဘက်ကမ်းကို ရောက်အောင်သာ ခုန်လိုက်ပါ။ ဘဝဆိုတာ မတူညီမှုတွေကို ဝတ်ဆင်ထားတဲ့နေရာမှာ အသေအချာဆုံးပါပဲ။ ငွေဆိုတာ လူတိုင်းကတော့ သည်းခြေကြိုက်ပါပဲ။ မြွေမှာလည်း အဲ့ဒီသည်းခြေပါကြောင်း သိကြမှာပါ။ ငွေတွင်းတွေကို လိုက်နှိုက်ရင်း မြွေတွင်းနဲ့ မှားတာကတော့ ညံ့ဖျင်းလွန်းအားကြီးပေကြရဲ့..။

 

မမျှော်လင့်ထားသော်လည်း မျှော်လင့်သကဲ့သို့ ဖြစ်လာကြသော ကိစ္စများမှာလည်း နောက်ဆုံးတွင် ပျက်စီးခြင်းတို့ ရောက်ကြ၏။ အချိန်မလပ် Hello… Hi နှုတ်ဆက်သံများ၊ ယဉ်ယဉ်ကျေးကျေး ပြုံးရွှင်တတ်ဖို့ ဆိုရာ၌ ဟန်ဆောင်မှုပါရမီ များစွာလိုအပ်မှန်း ကျွန်တော် သိသည်။ စကားနည်းရန်စဲတဲ့။ စကားဆိုတာ များသင့်တဲ့ အရာမဟုတ်လား။ သာယာမှုအတုနဲ့ ရင်ကို တစ်ဆုံး ဆန့်ထုတ်ပစ်လိုက်။ နားလည်သဘောပေါက် သွားတာတွေ သိပ်များသွားရင် လူဟာ ထုံထုံထိုင်းထိုင်း နုံနုံအအဖြစ်သွားပြန်ရော…။ အသိပညာအရာ၌ ညံ့ဖျင်း နိမ့်ကျသူများတွင် မာနတွေ ဝယ်ယူသောက်သုံးသည့် ဓလေ့ရှိကြောင်း ကျွန်တော် ကြားသိလေရသောအခါ မြန်မာဘီယာတစ်ခွက်ကို ကြော်ငြာမင်းသမီးလေးကြောင့် ဝယ်သောက်ဖြစ်ခဲ့သည်။

 

မြစ်၌ရေချိုးပါ။ ငါးဖမ်းပါ။ သိုသိုသိပ်သိပ်တော့ ပြီးပါစေ။ မေမေရေ… သားဘဝက တံငါသည် လောက်ပဲရှိတာ။ ဒါပေမဲ့ ငါးဖမ်းကိရိယာ တစ်စုံတစ်ရာမရှိတဲ့ ငါးကို  လက်နှစ်ဖက်နဲ့ ဖမ်းနေတဲ့ တံငါသည်တစ်မျိုးသာဖြစ်၏။ အားလုံးဟာ ဖြစ်ခွင့်ရှိတယ်ဆိုပေမယ့် အချို့ဖြစ်ခွင့်တွေဟာ မဖြစ်သင့်ဘူး။ စိတ်စီးကြောင်းထဲ မျောပါသွားတာက လှလှပပ ရာသီပန်းတွေ။ ရုပ်နာမ် အပါအဝင် မတည်မြဲတဲ့ ကိစ္စတော်တော်များများကြောင့် လူ့အဖြစ်မှာ တည်မြဲတဲ့ အဖြစ်တစ်ခုခုတော့ ကြိုးစား ရှာဖွေရမှာပဲ။ ပြောရင်းကြည့် … ဟောဟိုမှာ.. မုန်တိုင်း..

5 comments

  • blackchaw

    October 26, 2011 at 7:22 pm

    လက်ခုတ်တီးခြင်းသည် ကြိုက်နှစ်သက်ခြင်းနှင့် တိုက်ရိုက်သက်ဆိုင်သည်ဆိုပါက
    ကိတ်ဝင်းဆလက် ကို ကျွန်တော်လက်ခုတ်တီးပြီး အားမပေးဘူးပါ။
    သို့သော် အမှန်တကယ် ကြိုက်နှစ်သက်မိပါသည်။
    ကိုရင်စည်သူ ရဲ့ မော်ဒန်အရေးအသားကို ကျွန်တော် အမှန်တကယ်
    ကြိုက်နှစ်သက်ပါသည်။ သို့သော် လက်ခုတ်တီးပြီး အားပေးမိပါသည်။
    ကိုရင်စည်သူရေ။ လက်ခုတ်တီးပြီး အားပေးပါတယ်ဗျာ။

  • ပေါက်ဖော်

    October 26, 2011 at 7:46 pm

    ကိုရင်စည်သူရေ…
    လူ ့ဘဝမှာ ဘာမှမတည်မြဲပါဘူး.ဒါပေမဲ့…
    မုန်တိုင်းတော့ ထပ်မကြည့်ပါရစေနဲ ့တော့လားဗျာ.. 😆

  • windtalker

    October 26, 2011 at 8:54 pm

    “ဘဝမှာ ရိုက်ချက်ပျော့ပျောင်းမှုများကြောင့် ကျွန်တော် ညံ့ဖျင်းခဲ့ပါကြောင်း အမြဲလိုလို ဝန်ခံခဲ့ဖူးပါသည်။
    ငွေတွင်းတွေကို လိုက်နှိုက်ရင်း မြွေတွင်းနဲ့ မှားတာကတော့ ညံ့ဖျင်းလွန်းအားကြီးပေကြရဲ့..။
    နားလည်သဘောပေါက် သွားတာတွေ သိပ်များသွားရင် လူဟာ ထုံထုံထိုင်းထိုင်း နုံနုံအအဖြစ် သွားပြန်ရော…။”
    ကိုရင့်စာထဲမှာ အသော့အထေ့လေးတွေပါ ခံစားရသဗျို ့

  • nikita

    October 27, 2011 at 10:02 am

    ” မမျှော်လင့်ထားသော်လည်း မျှော်လင့်သကဲ့သို့ ဖြစ်လာကြသော ကိစ္စများမှာလည်း နောက်ဆုံးတွင် ပျက်စီးခြင်းတို့ ရောက်ကြ၏။ ” တဲ့………………….

  • thit min

    October 31, 2011 at 6:31 pm

    စဉ်းစားပြီးဖတ်ရတယ်ဆိုတော့ ဒီစာမျိုးဟာ
    တော်တော်စဉ်းစားနိုင်တဲ့သူတွေရေးတဲ့စာလို့ဘဲ ကျနော်သတ်မှတ်ပြီး
    အဲဒီလိုရေးနိုင်တဲ့ဆရာများကိုလေးစားတယ်။
    ကျနော် ဆရာဇော်ဇော်အောင်ရဲ့ ယူဇန မခင်ပျို ကိုတော်တော်သဘောကျစွာဖတ်ခဲ့ပါတယ်။
    ကိုရင်စည်သူရေလေးစားပါသည်ခင်ဗျာ။

Leave a Reply