“အကြောက်တရားရှိပေမယ့် ငတ်တာတော့ မခံနိုင်ဘူး၊ လယ်လုပ်ခွင့်ပဲ ပြန်လိုချင်တယ်” လို့ပြောလာကြတဲ့လယ်သိမ်းခံလယ်သမားတွေ ဒီကနေ့ ဆန္ဒုပြနေကြတယ်ဆိုပြီး သတင်းတွေထဲပါလာပါတယ်။
ဆက်မိရာလေးတွေ မေးကြည့်တော့ တောင်ဒဂုံစက်မှုဇုန်နဲ့ ဒဂုံဆိပ်ကမ်း စက်မှုဇုန် အတွက်လယ်တွေ အသိမ်းခံရတဲ့ လယ်သမားတွေလို့ ပြောကြပါတယ်။

ရဲက သိတဲ့သူတစ်ယောက်ကို ဆက်မေးကြည့်ရင်း ဘယ်သူတွေလုပ်တာလဲမေးတော့ ပြောပြတာကတော့ “ဟို ဖိုးဖြူတို့ အုပ်စုပါဗျာ၊ အလကား အလုပ်ရှုပ်အောင်လုပ်နေကြတဲ့ကောင်တွေ” တဲ့။
အင်း သူ့အဖြေမှာ သူ့အမြင်ပါနေတာကတော့ အမှန်အမှား လုပ်သင့်တာ မလုပ်သင့်တာထက် ဖိုးဖြူတို့ လုပ်နေတာတွေက သူတို့အတွက် အလုပ်ရှုပ် အာရုံနောက်စေတယ်။ မှန်တာမှားတာ လယ်သမားတွေ လယ်ဆုံးတာတွေ သူတို့တွက်ကြည့်ပုံမရဘူးထင်ပါတယ်။ သူ့စိတ်ထဲမှာတော့ သူ့အလုပ်က အထက်က လူတွေ ဖြစ်စေချင်သလို အေးအေးဆေးဆေးဖြစ်စေဖို့။ နည်းနည်းရှုပ်လာရင် သူပြဿနာအရှာခံရနိုင်တယ်။ သတင်း ဘာလို့ ကြိုမသိသလဲ အဟောက်ခံရနိုင်တယ်၊ ကြိုမတားနိုင်ကောင်းလားလို့ အထောင်းခံရနိုင်တယ်။ ဒီလိုပဲတွေးမိပုံရပါတယ်။ အင်းလေ သူတို့လည်း ပုံစံခွက်တွေထဲ နေလာရတာ ကြာပြီ ဆိုတော့။ နောက်တစ်ခါ သူတို့ ဘဝကလည်း ကိုယ့်ဘဝ သာယာဖြောင့်ဖြူးရေးအတွက် အထက် အရာရှိ( အရာမရှိတဲ့သူက အရာရှိကိုကြောက်၊ အရာသေးသေးရှိတဲ့သူက အရာကြီးရှိတဲ့သူကိုကြောက်၊ အရာရှိကြီးတွေက အရာ့အရာကြီးကြီး ဝန်ထုပ်ကြီးကြီး ရှိတဲ့သူတွေကို ကြောက်ရနဲ့ ဆိုတော့လည်း ဖြစ်သင့်၊ဖြစ်ထိုက်တာထက် ကိုယ့်အလုပ်မှာ ခေါင်းအေးအေးလုပ်ရဖို့၊ ဘေးဥပါဒ်အန္တရာယ် ကင်းဖို့ လောက်သာ ပုထုဇဉ်ပီပီ ရှေ့တန်းတင်မိကြတာပေါ့လေ။) ။ တကယ်တော့ သူတို့ ရဲတွေနဲ့ တာဝန်ရှိသူတွေ အလုပ်ရှုပ်အောင် ဒီလို ပြဿနာဖြစ်အောင် လုပ်တဲ့ အိုးအိမ်ဝန်ထမ်းတွေနဲ့ ပေါင်းစား၊မွေးစား သူများကို အပြစ်တင်သင့်၊ အရေးယူသင့်တာပါ။

အခုဟာကတော့ လယ်အသိမ်းခံရတဲ့ လယ်သမားတွေ အသံနည်းနည်းထွက်ခွင့်ရလာလို့ မဟုတ်တာလုပ်ထားတာတွေ ပေါ်လာနေတဲ့ အချိန်ဖြစ်နေပါတယ်။
စိုက်ပျိုးရေးအခြေခံတိုင်းပြည်၊ ဆင်းရဲသားများအတွက် ဦးစားပေးကြည့်မယ့် အစိုးရရဲ့ မူဝါဒ အရဆိုရင်တော့ ဒီကိစ္စတွေကို ဖိဖိစီးစီး ကိုင်တွယ်သင့်ပါတယ်။

ဥပမာ… အရင် လုပ်လို့ကိုင်လို့ချောင်တုန်းက အိုးအိမ်နဲ့ ပေါင်းပြီး လယ်တွေကို အိုးအိမ်အသိမ်းပြလို့ အကွက်ရိုက်ရောင်းစားတဲ့ ဇေကမ္ဘာကိုလည်း မင်္ဂလာဒုံဘက်မှာ အသံတွေထွက်လာပါပြီ။
လယ်သမားတွေဆီက ဆန္ဒသဘောထား ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ လယ်တစ်ဧကကို သုံးသိန်းလောက်နဲ့သိမ်းပြီး ကွန်ကရစ်လမ်း အဖေါက်ပြလို့ စက်မှုဇုံထောင်တယ်ဆိုပြီး တစ်ဧကကို သိန်း၆၅၀နဲ့ ဇေကမ္ဘာက ပြန်ရောင်းစားတာပါ။ ဝယ်တဲ့သူတွေများလွန်းလို့ တစ်ဧက သိန်း၉၀၀ အထိ တက်ရောင်းနေတုန်း အခုလို ကိစ္စတွေပေါ်လာလို့ အရောင်းရပ်ထားပါတယ်တဲ့။
ဝယ်တဲ့သူတွေကလည်း ဝယ်လိုက်တာမှ စူပါကော်ဖီမစ်၊လေဆာသွားတိုက်ဆေး၊နောင်ရှည်ဆန်၊ဝမ်းတီး စတာတွေထုတ်တဲ့ ကုမ္ပဏီကတောင် ဧက၁၀၀လောက်ဝယ်ထားလိုက်ပါသေးသတဲ့။
ကဲ ဘယ်လောက်ကောင်းတဲ့စီးပွားရေးလည်း။ ကိုယ်က ချမ်းသာဖို့ကို သူများဘဝကို ဖျက်ရက်သလိုဖြစ်မနေဘူးလား။ လယ်သမားဆိုတာ လယ်မြေ က သူတို့ဘဝပါ။ သူတို့မြေကြီးက သူတို့ဘဝပါပဲ။
သူတို့ ရပ်တည်ဖို့ စားသောက်နေထိုင် အသက်ရှင်ဖို့အတွက် သူတို့ဘဝမှာ ရှိတာက မြေကြီးပါပဲ။ အဲဒါကို ဦးဏှောက်ပြေးပေမယ့် စိတ်ထားရက်စက်နိုင်သူတို့က ကိုယ်ဇိမ်ခံဖို့ အချမ်းသာကြီးချမ်းသာဖို့အတွက် အဲဒီ ကျောမွဲတွေရဲ့ ဘဝပေါင်းများစွာကို နင်းချေရက်ကြပါပေရဲ့။(အိမ်ထောင်စုပေါင်းများစွာရဲ့ လယ်မြေဧကများစွာ ကို ၃သိန်းနဲ့ သိမ်းပြီး သိန်း၆၅၀လောက်နဲ့ ပြန်ရောင်းတာ တစ်ဧက သိန်း၆၀၀လောက်တော့ အနည်းလေးမြတ်မှာပဲလေ။)

ကဲ အောက်မှာ ဧရာဝတီက သတင်းလေးကို သတင်းအပြည့်အစုံဖတ်ချင်သူများ ဖတ်နိုင်ဖို့ မျှပေးလိုက်ပါတယ်။

ရန်ကုန်မြို့ ဗိုလ်ချုပ် အောင်ဆန်းလမ်းပေါ်ရှိ အိုးအိမ်ဦးစီးဌာနအရှေ့တွင် ယနေ့ နံနက် ၉ နာရီ ၃၀ ခန့်က လယ်သမား ၅၀ ခန့်သည် သိမ်းဆည်းခံထားရသည့် ၎င်းတို့လယ်ယာမြေများ ပြန်လည်လုပ်ကိုင်ခွင့်ရရန် ဆန္ဒပြ တောင်းဆိုကြသည်။

“လျော်ကြေးမလို လယ်လုပ်ခွင့်သာလို”နှင့် “လယ်စိုက်ဧက မလျော့ပါးရေး လန ၃၉ အမိန့် ဖျက်သိမ်းပေး၊ လယ်ယာမြေပြန်လည် ခွဲဝေပေး” စသည့် စာတန်းပါ ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး လယ်သမားများက အိုးအိမ်ဦးစီးဌာနရှေ့တွင် ၁၅မိနစ်ခန့် ဆန္ဒပြခဲ့ကြ သည်ဟု ဆန္ဒပြပွဲ ဦးဆောင်သူ လယ်သမားများအရေး ကူညီပေးနေသည့် ရှေ့နေ ကိုဖိုးဖြူ က ပြောပြသည်။

ယင်း ဆန္ဒပြပွဲကို မြင်တွေ့ခဲ့သူ တဦးက“လုံထိန်းကားတွေ ရဲတွေရောက်လာပြီး မင်းတို့အခု လူစုခွဲပြီး ထွက်သွားကြ၊ နားမလည် ဘူးလား ဒါ တရားမ၀င်တဲ့ အလုပ်လို့ အော်ဟစ်ပြီး လူစုခွဲခိုင်းတယ်”ဟု ပြောသည်။

အာဏာပိုင်များက ဆန္ဒပြသူများကို မိနစ်ပိုင်းအတွင်း လူစုခွဲခိုင်းပြီး အိုးအိမ်ရုံးရှေ့တွင် လုံခြုံရေးအပြည့်ချထားကြောင်း သိရသည်။

“ဆန္ဒပြတဲ့ လူတွေနောက် မလှမ်းမကမ်းက လုံထိန်းကား ၅ စီး လိုက်နေတာတွေ့တယ်”ဟုလည်း မျက်မြင် ရန်ကုန်မြို့ခံတဦးက ဆို သည်။

ဆန္ဒပြသော လယ်သမားများသည် တောင်ဒဂုံ ဆိပ်ကမ်းမြို့နယ်နှင့် သန်လျင်မြို့နယ်မှ လယ်သမားများဖြစ်ပြီး ၎င်းတို့ လယ်မြေများကို သိမ်းယူလိုက်ခံရ၍ လယ်လုပ်ခွင့်များ ဆုံးရုံးနေသောကြောင့် ယခုကဲ့သို့ ဆန္ဒပြရခြင်းဖြစ်ကြောင်း တောင်ဒဂုံ ဆိပ်ကမ်း မြို့နယ် မှ လယ်သမားတဦးက ပြောသည်။

“အကြောက်တရားရှိပေမယ့် ငတ်တာတော့ မခံနိုင်ဘူး၊ လယ်လုပ်ခွင့်ပဲ ပြန်လိုချင်တယ်” ဟု ၎င်းက ဆိုသည်။

တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံ ဆိပ်ကမ်း စသည့် မြို့နယ်များမှ လယ်သမား ၁၀၀၀ ကျော်၏ လယ်ဧက၂၀၀၀၀ နီးပါးကို ၂၀၀၉ ခုနှစ်မှ စ၍ အာဏာပိုင်များက သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း လယ်သမားများက ပြောဆိုကြသည်။

ဖတ်ကြည့်ကြပါ။ ဧက ၂၀,၀၀၀ ကျော်ဆိုတော့ မနည်းမနောပါလားဗျို့။

About လင်းဝေ

LIN KYAW has written 154 post in this Website..

Man in the middle of nowhere…. But in the heart full of hope with pragmatic view in optimism