လောကမှာသာမန်မျက်စိနဲ့ကြည့်လို့မရ မမြင်နိုင်တဲ့အရာတွေများစွာရှိပါတယ်။ ကိုယ်မမြင်ရဘူးဆိုပေမယ့် မရှိဘူးလို့ငြင်းလို့လည်းမရဘူး။ မိုးစက်သိတဲ့ ဖိလစ်ပိုင်မလေးတစ်ယောက်ဆိုရင် ပရလောကသားတွေကိုမြင်နိုင်တဲ့ Third Eye  ရှိတယ်။ သူငယ်ငယ်လေးကတည်းက ပုံစံမျိုးစုံတွေ့ဖူးတယ်တဲ့။ တစ်ချို့က တိမ်တွေလိုအဖြူရောင် မီးခိုးရောင်အရိပ်တွေပိုများတယ်ဆိုပဲ။ တစ်ခါတစ်လေများမိုးစက်အခန်းထဲသူဝင်လာပြီး တစ်နေရာကိုစိုက်ကြည့်လိုက်ရင် လန့်လန့်သွားတယ် ဘာများတွေ့လို့လဲဆိုပြီး။ တကယ်တော့မိုးစက်ကသူရဲဘောကြောင်တဲ့အထဲမပါဘူး (ကိုယ့်ဟာကိုယ်သတ်မှတ်ထားတာ :) ) ကိုယ်တိုင်မကြုံဖူးရင် သူများပြောတိုင်းလဲသိပ်လက်မခံတတ်ဘူး။ အခုပြောပြမှာ မိုးစက်ကိုယ်တိုင်ကြုံခဲ့တာ ယုံတာမယုံတာတော့ စာဖတ်သူများသဘောပါ။ ကြိုက်သလို ထင်မြင်ယူဆနိုင်ပါကြောင်း …..

၁၁နှစ်သမီးမိုးစက် ၆တန်းကျောင်းသူအရွယ်ကပါ။ မေမေ့ဘက်ကအမျိုးတွေရှိတဲ့ နယ်မြို့လေးတစ်မြို့ကို မေမေနဲ့မိုးစက် ၂ယောက်တည်းသွားလည်ကြတယ်။ အမျိုးထဲကပဲ ဘုန်းကြီးဝတ်နေတဲ့အဖိုးတစ်ယောက်က မျက်လုံးခွဲဖို့ဆေးရုံတက်ရတယ်။ ငယ်ဖြူဆိုတော့ သားသမီးမရှိတော့ နီးစပ်ရာအမျိုးတွေကပဲသွားပြုစုရတာပေါ့။ မိုးစက်အဒေါ်ဝမ်းကွဲတစ်ယောက်နဲ့ အဲဒီဆေးရုံကသူနာပြုဆရာမလေးနဲ့က သူငယ်ချင်းတွေ။ အမျိုးသားလူနာဆောင်မှာ အမျိုးသမီးတွေညအိပ်စောင့်လို့မရဘူး။ နေ့ဘက်ပဲစောင့်ရတယ်  အဲဒီဆရာမလေးက မျက်လုံးစခွဲထားတဲ့နေ့ကျတော့ ညအိပ်စောင့်ချင်ရင် သူတို့ဆရာမတွေညဂျူတီကျရင် အိပ်တဲ့အခန်းမှာအိပ်လို့ရတယ်ပြောလို့ စောင့်ချင်တယ်ပေါ့နော် ဒါပေမယ့် အဲဒီအဒေါ်ကကြောက်တတ်တယ်။ ဆေးရုံမှာလည်းလူနာကများတော့ ဆရာမတွေတစ်ညလုံးမအိပ်ရဘူး တစ်ညလုံးလူနာတွေလိုက်ကြည့်နေရတာ။ အခန်းထဲမှာသူတစ်ယောက်တည်းမအိပ်ရဲဘူးတဲ့။ မိုးစက်ကငယ်ငယ် ဆရာဝန်အရမ်းဖြစ်ချင်ခဲ့တာ ဆေးရုံတွေဆေးခန်းတွေဆိုသိပ်စိတ်ဝင်စားတယ်။ အဲဒါနဲ့မေမေ့ကို မိုးစက်အဖော်လိုက်သွားမယ် ဆိုပြီးခွင့်တောင်းတယ်။ မေမေ့ဆီကခွင့်ပြုချက်ရတော့ မိုးစက်တို့နှစ်ယောက်ဆေးရုံကိုချီတက်ကြပါတယ်။ ဟိုရောက်တော့ညနေ ၅နာရီ ဧည့်တွေ့ချိန်မို့လို့ ဆေးရုံတောင်စည်ကားနေပါတယ်။ ၆ နာရီထိုးတော့ အမျိုးသားဆောင်မှာ ဆရာဝန်နဲ့သူနာပြုတွေကလွဲလို့ အမျိုးသမီးတစ်ယောက်မှမရှိတော့ဘူး။ ၆နာရီမတိုင်ခင် အဖိုးဘုန်းကြီးကိုလိုအပ်တာလေး တွေလုပ်ပေးပြီး ဆရာမတွေအခန်းကိုသွားကြပါတယ်။ တာဝန်ကျဆရာမအခန်းနဲ့ အဖိုးဘုန်းကြီးရှိတဲ့အခန်းက L ပုံစံကပ်ရပ်ထောင့်ချိုးအခန်းပါ။ ပြတင်းပေါက်ကကြည့်ရင် အခန်းထဲကိုအကုန်မမြင်ရပေမယ့် ကော်ရစ်ဒါကိုတော့ ရှင်းရှင်းလင်းလင်းမြင်ရပါတယ်။ အဒေါ်လုပ်သူကတော့ ရသမျှဘုရားစာတွေအကုန်ထိုင်ရွတ်နေတုန်း မိုးစက်ကတော့ အပြင်မထွက်ရလို့ ပြတင်းပေါက်ကနေ မြင်ရသမျှအဆောင်တွေကို လှမ်းကြည့်စပ်စုနေပါတယ်။ အဖိုးဘုန်းကြီးအခန်းဘက်ကို ပြန်ကြည့်လိုက်တော့ ကော်ရစ်ဒါမှာမှီရပ်ပြီး လူနာခန်းကိုရပ်ကြည့်နေတဲ့ ဆရာဝန်မလို့ထင်ရတဲ့ မမလှလှလေးတစ်ယောက် ကိုတွေ့လိုက်တယ်။ ကော်ရစ်ဒါမှာမီးမထွန်းထားပေမယ့် သူရပ်နေတာက အပေါက်ဝတည့်တည့်ဆိုတော့ အခန်းထဲက မီးရောင်နဲ့လင်းလင်းချင်းချင်းကို တွေ့နေရတာပါ။ အဲဒီတုန်းကခေတ်စားတဲ့ ဆံပင်ကုတ်ဝဲလေးနဲ့ အင်္ကျီလက်ပြတ်လေးနဲ့ အသားကတော်တော်ဖြူတယ်။ အချိန်က ရ နာရီဆိုတော့ လူနာစောင့်မဖြစ်နိုင်ဘူး၊ သူနာပြုဆိုရင် ယူနီဖောင်းဝတ်ရမယ်။ ဒီတော့ဆရာဝန်ပဲဖြစ်ရမယ်လို့ ဦးစံရှားလိုကောက်ချက်ချလိုက်တာပေါ့။ မိုးစက်လည်းဆရာဝန်မချောချောလေးကို အဒေါ့်ကိုခေါ်ပြတယ် သူနဲ့ဆိုရွယ်တူလောက်ပဲရှိမယ်။ အဒေါ်ကမိုးစက်ပြတဲ့နေရာကို လှမ်းကြည့်ပြီး ဘုရားစာရွတ်နေတုန်းမနောက်ရဘူးလေတဲ့။ မိုးစက်လည်းနည်းနည်းကြောင် သွားတာပေါ့။ ဆရာဝန်မလေးလှလို့ပြတာကို နောက်တယ်ဆိုတော့။ အဲဒီအချိန်မှာပဲ အဒေါ့်ရဲ့သူငယ်ချင်းဆရာမလေးအခန်းထဲ ဝင်လာပါတယ်။ စပ်စုချင်တဲ့မိုးစက်က ဒီညဂျူတီကျတဲ့ဆရာဝန်မလေးက ချောတယ်နော်လို့ပြောလိုက်တော့ သမီးကဘယ်သူ့ကိုပြောတာလဲ ဒီညဂျူတီကျတာ ဒေါက်တာဦးXXX ပါတဲ့ ဆရာဝန်မမဟုတ်ဘူးတဲ့။ ဒါဆိုအဲဒီမမကဘယ်သူလဲ.. မိုးစက်လက်ညှိုးထိုးပြီးမေးလိုက်တဲ့ဘက်ကို ကြည့်လိုက်တဲ့ဆရာမလေးက ဘယ်မှာလဲသမီးရဲ့ အပြင်မှာဘယ်သူမှာမရှိပါဘူးတဲ့လေ။ ခက်ပြီ အဲဒီမမရပ်နေတာ ၁၅မိနစ်လောက်ရှိပြီ သူ့ပုံစံကိုမိုးစက်လည်းအသေးစိတ်ပြောပြလိုက်တော့ ဆရာမလေးက မျက်နှာပျက်သွားပြီး ပြတင်းပေါက်ကိုပိတ်လိုက်ပါတယ်။ ပြီးတော့မိုးစက်ကိုလည်း ဘုရားရှိခိုးပြီးအိပ်တော့တဲ့။ နောက်နေ့ကျတော့ မေမေကမိုးစက်ကိုဆေးရုံပေးမသွားတော့ဘူး။ နောက်မှသိရတာက လွန်ခဲ့တဲ့တစ်လလောက်က အိမ်ထောင်ကျကာစ စုံတွဲတစ်တွဲကားမှောက်ပြီးဆုံးသွားတယ်၊ အမျိုးသမီးကနေရာမှာပဲ ပွဲချင်းပြီးဆုံးသွားပေမယ့် အမျိုးသားကဆေးရုံရောက်မှ ဆုံးသွားတာ၊ အဖိုးဘုန်းကြီးတက်ခဲ့တဲ့ ကုတင်ပေါ်မှာထားခဲ့တယ် ပြီးတော့အဲဒီအမျိုးသမီးကိုတွေ့တဲ့သူ သုံးလေးယောက် လောက်ရှိတယ်ဆိုပဲ။ မိုးစက်ပြောတာနဲ့တစ်ပုံစံတည်းပဲတဲ့။ အဲဒီတုန်းကငယ်သေးတော့ သိပ်မစဉ်းစာမိခဲ့ဘူး အခုနေဆိုရင်တော့ အမှုလိုက်သလို လိုက်စုံစမ်းပြီးဓာတ်ပုံတွေဘာတွေလိုက်ရှာပြီးမှအတည်ပြုမှာ။ တစ်ခုမှတ်မိတာက အဲဒီတုန်းက ဒီဇင်ဘာကျောင်းပိတ်ရက်ကြီး မိုးစက်တောင်ဆွယ်တာအထူကြီးဝတ်ထားတာ မမလှလှက အင်္ကျီလက်ပြတ်နဲ့။ အခုထိအဲဒီမမပုံစံကို အသေးစိတ်မှတ်မိသေးတယ် ဒါပေမယ့် လုံးဝမကြောက်ဘူး။ တကယ်ကြောက်ခဲ့တဲ့အကြောင်းကို နောက်မှပြောပြမယ် …. :)

 

About Moe Z

has written 32 post in this Website..

Biography is nothing special but I'm special :P