ကင်မရာကိုင်တဲ့ မှော်ဆရာ ( ရိုက်မယ် မျက်တောင်မခတ်နဲ့ ငြိမ်ငြိမ်နေ)

ေမွာ္ဆရာOctober 27, 20111min23020

ကျွန်တော်က ရွာထဲမှာသာ ဟိုယောင်ယောင် ဒီယောင်ယောင် မှော်ဆရာ လုပ်နေရတာပါ ။ တကယ်တော့ မှော်ဆရာဆိုတာ ဓါတ်ပုံ ဗီဒီယို ရိုက်ကူးရေး လုပ်ငန်းကို အသက်မွေးဝမ်းကြောင်းအနေနဲ့ ယခုအချိန်ထိ လုပ်ကိုင်ဆောင်ရွက်နေရတဲ့ သူတစ်ယောက်ပါ ။
အခုဆိုရင် ကျွန်တော် ကင်မရာကိုင်ခဲ့တဲ့သက်တမ်းက ၁ဝ နှစ် နီးပါး ဖြစ်လာပြီပေါ့။ကင်မရာဆရာအနေနဲ့ မြို့ရော ၊တောပါ မကျန် ခြေရာခြင်းထပ်အောင် သွားလာ လှုပ်ရှားရင်း အမှတ်ရစရာ အဖြစ်တွေလဲ အများကြီး ရှိခဲ့ပါတယ် ။
ဒါကြောင့် ဗဟုသုတ အနေနဲ့ မဟုတ်တောင် ရွာသူ ရွာသားအပေါင်း အပျင်းတော်ပြေရုံလောက် အခန်းဆက် တင်ဆက်သွားပါမယ် ။
ဓါတ်ပုံပညာကို စတင်သင်ယူချိန်က ဆရာ့ ဆရာများက မှာကြားခဲ့ ပါတယ် ။ ဓါတ်ပုံရိုက်မယ်ဆိုတိုင်း အရိုက်ခံသူကို အသိပေးပြီးမှ ရိုက်ပါတဲ့ ။ ဘာလို့ဆိုတော့ တော်ရုံတန်ရုံက ကင်မရာနဲ့ ချိန်လိုက်ပြီဆိုရင် နဲနဲပါးပါးတော့ အိုးတိုး အန်းတန်းတော့ ဖြစ်သွားတာကိုး ။ ဒါကြောင့် အသိလေးပြန်ဝင်သွားအောင် ဓါတ်ပုံဆရာအနေနဲ့ စကားလေး ဘာလေးပြောပေးရပါတယ် ။အကောင်းဆုံးစကားက ရိုက်မယ် … မျက်တောင်မခတ်နဲ့ ….ငြိမ်ငြိမ်လေးနေ ဖြစ်ပါတယ် ။ ဓါတ်ပုံရိုက်စဉ်မှာ အမှတ်တမဲ့ မျက်တောင် ခတ်မိတတ်တာကိုလဲ ကာကွယ်ပြီးသား ဖြစ်သွားတာပေါ့လေ …
စကားမစပ် …. ကျွန်တော်က မှော်ဆရာ ဆိုပေမယ့် သူရဲတော့ ကြောက်တတ်တယ်ဗျ … ဒါကြောင့် အသုဘတို့ သေမှုသေခင်းဓါတ်ပုံတို့ ဆိုရင် ပိုက်ပိုက် ဘယ်လောက်ရရ ဝေးဝေးက ရှောင်ပါတယ်။ အသုဘ ဆိုရင်လဲ ငို၏ ယိုဟယ်နဲ့ စိတ်ညစ်ရလွန်းလို့ ၊ သေမှုသေခင်း ဓါတ်ပုံဆိုရင်လဲ သွေးထွက်သံယို ရုပ်ပျက်ဆင်းပျက်တွေကို သေသေချာချာ ပြူးပြဲနေအောင် ရိုက်ရတာ ထမင်းစားပျက်လွန်းလို့ပါ ။ ယုံကြမလားမသိဘူး အဲဒီ့သေမှုသေခင်း ဓါတ်ပုံက တစ်ပုံကို ငါးထောင်လောက် ဈေးပေါက်ပါတယ် ။ဒါကြောင့် မှုခင်းမသာတစ်လောင်း ရိုက်ရရင် ဓါတ်ပုံခတင် ၃ သောင်း မှ ငါးသောင်းအတွင်း မသာရှင်က ရှင်းရပါလိမ့်မယ် ။ ကျွန်တော်ကတော့ ဘာရယ်ညာရယ် မတွက်ပါဘူး ။ ရှင်းရှင်းပြောရရင် ကြောက်လို့ကို ပိုက်ဆံ ဘယ်လောက်ရရ ၊ မရိုက်တာပါ ။
ကဲ ဒီလောက်ဆို မှော်ဆရာ သတ္တိ ကောင်းတာကို သိလောက်ရောပေါ့ ။
အဲဒီလောက် ဝေးဝေးရှောင်တဲ့ မှော်ဆရာ တစ်ယောက် မလွဲမရှောင်သာ ရိုက်ရမယ့် အသုဘနဲ့ တည့်တည့်ကြီး ကို တိုးမိပါပြီ။
ကျွန်တော့ ကွန်ပျူတာ သင်တန်းမှာ တက်ခဲ့တဲ့ ယောကျင်္ားလေးတစ်ယောက် မိန်းကလေးကိစ္စနဲ့ ပိုးသတ်ဆေး သောက်သေသွားတာမှာ သူ့မိဘကိုယ်တိုင်က ဆရာရယ် ဆရာ့တပြည့်မိုက်ပါတယ်.. ဆိုပြီးငိုလိုက် ။ ဆရာသင်ပေးလိုက်တဲ့ ပညာတွေ ဘယ်နား သူ သွားသုံးတော့မှာလဲ ဆရာရဲ့ဆိုပြီး ငိုရင်းက သားလေးက ဓါတ်ပုံရိုက်နဲတယ်ဆရာ.။ သူရှင်တုန်းက ပါတ်စ်စပို့ကလွဲလို့ ဘာမှ မရိုက်တော့ အခုအလွမ်းပြေကြည့်စရာလေး သားအလောင်းကိုပဲ မှတ်တမ်းတင် ရိုက်ပေးပါဆိုတော့ ကျွန်တော်မှာ ဒုက္ခနဲ့ လှလှ နဲ့ကို တိုးရတာပါပဲ ..
ကျွန်တော်လဲ အရင်တုန်းကတော့ အကြောင်းအမျိုးမျိုးပြပြီး ငြင်းနေကြပါ ။ အခုတော့ ငြင်းလို့ မကောင်းတဲ့ သူတွေ ဆိုတော့ အယောင်ယောင် အမှားမှားနဲ့ ကင်မရာ လေးလွယ်ပြီး လိုက်ခဲ့ရပါတယ် ။ လမ်းတလျှောက်တော့ ကိုယ့်ကိုကိုယ် အားပေးရင်းပေါ့ ။ ““ ငါယောကျင်္ားပဲ ၊ ဘာကြောက်စရာရှိလဲ ၊ အလောင်းဆိုတာ ကိုယ့်ကို ဘာမှ လုပ်နှိုင်တာ မဟုတ်ဘူး ၊ မြန်မြန်ရိုက် မြန်မြန်ပြန်ရုံပဲ““ ဆိုပြီးတော့ပေါ့လေ …။
ဒီလိုနဲ့ အသုဘအိမ်ရောက်ပါပြီ . အိမ်ပေါ်ကို မရဲတရဲနဲ့ တက်လိုက်ရုံရှိသေးတယ် ““ အမလေး သားရဲ့ သားဆရာ ရောက်လာပြီလေ .. ဆရာကို အိမ်အလည်ခေါ်ချင်တယ်ဆို .. ထခေါ်ပါဦးလား သားရဲ့ဆိုပြီး ““ သူအမေရဲ့ ငိုသံက လမ်းတစ်လျှောက်တင်းလာတဲ့ ကျွန်တော့စိတ်တွေကို အရေဖျော်လိုက်ပါပြီ …။အဆိပ်သောက်သေတာမို့လို့ ရုပ်ပျက်ဆင်းပျက် မဲပြာနေတဲ့ အလောင်းကလဲ ကို့ရှေ့မှာ ၊ အသုဘအိမ်ကလူတွေကလဲ သူ အမေငိုသံကြောင့် ကျွန်တော်ကို ဝိုင်းကြည့်နဲ့ ကျွန်တော် ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိတော့ပါဘူး ။
ဒါပေမယ့် စိတ်လေးတွေကို ပြန်စုစည်းရင်း လုပ်စရာ အလုပ်ကို ခပ်သွက်သွက် လုပ်ရပါတော့တယ် ။ အလောင်းကို ဘေးက နှစ်ပုံ အပေါ်က တစ်ပုံ မျက်နှာအကြိးတစ်ပုံလောက် ရိုက်ပေးပေမယ့် သူ့အမေက စိတ်မကျေနပ်သေးပါဘူး ။ သားနဲက ကျွန်မနဲ့ အတူတူရိုက်ပေးပါဆရာတဲ့ ။ ဟယ် ခက်ရပါပြီ ။ ပြန်ချင်ပါတယ်ဆိုမှ . ပြီးတော့ အလောင်းကလဲ ရုပ်ပျက်ဆင်းပျက် ပက်လက်ကြီး ၊ သူ့အမေကို သူ့သားအလောင်းဘေးမှာ အိပ်ခိုင်းပြီး ယှဉ်ရိုက်လို့ကလဲ မကောင်း ။ သူ့အမေကလဲ တစ်ဦးတည်းသောသားက ဒီလို ပိုးစိုးပက်စက် ဖြစ်သွားတာဆိုတော့ ဘယ်လို တရားချချ ရိုက်မယ်ပါပဲ ။ဘေးကလူတွေကလဲ ဝိုင်း အချွန်နဲ့ မ ကြပါတယ် ။ရိုက်ပေးလိုက်ပါ ဆရာရယ်တဲ့ ။ သူတို့ မရိုက်ရတိုင်း …။ ရှိစေ ဘယ်လိုရိုက်ပေးရမလဲဆိုတော့ သားလေးကို ထူပေးပါ ။ ဖက်ရိုက်မယ်ဆိုပဲ။အလောင်းကြီးကို ဝိုင်းထူပြီးတော့ ထိုင်လျှက်ဖြစ်အောင် အတင်းလုပ် ၊ပြန်လဲမကျအောင် နောက်က တစ်ယောက်က တွန်းထား ၊ သူအမေက ဘေးကနေ သားပခုံးလေး ဖက်ထားပေါ့ ။
အဲဒီလို စိတ်ညစ်ညစ်နဲ့ ရိုက်နေရတုန်းမှာတင် ဆရာစကားကို မြေဝယ်မကျ နားထောင်တတ်တဲ့ ကျွန်တော့ စရိုက် ပေါ်လာတာပါပဲ ။ လှုပ်တောင် မလှုပ်နှိုင်တော့တဲ့ မသာကြီးကို ကင်မရာနဲ့ချိန်ပြီး ကျွန်တော် ဘာပြောလိုက်တယ် မှတ်သလဲ ။““ ရိုက်တော့မယ် ၊ မျက်တောင်မခတ်နဲ့ ၊ ငြိမ်ငြိမ်နေ““တဲ့လေ
မသာတစ်အိမ်လုံး အသံလုံးဝ တိတ်သွားပြီး ကျွန်တော့်ကို အံ့ဩတကြီး ဝိုင်းကြည့်နေကြပါတယ် ။ သူ့အမေဆိုတာ အငိုတောင်ရပ်သွားပြီး ကျွန်တော့်ကို ပြူးတူးကြောင်တောင်လေးနဲ့ ကြည့်လို့ပေါ့ ၊ ကျွန်တော်လဲ ကိုယ်စကားမှားသွားတာကို သိပြီး ဘယ်လို ပြန်ပြောရမယ်တောင် မသိတော့ပဲ ကင်မရာချိန်ရက်သား ငုတ်တုတ်ကို မေ့နေပါပြီ ။
အဲဒီ့အချိန်မှာ ကယ်တင်ရှင် ပေါ်လာပါတော့တယ် ။ တခြားသူ ဟုတ်ပါရိုးလား ။ အလောင်းကို နောက်က တွန်းထားရတဲ့သူပေါ့ ။ သူက အလောင်းကို နောက်က တွန်းရင်း သူ့ပုံမပါအောင် ကွယ်နေရတာဆိုတော့ သူ့ကို ပြောတယ် ထင်ပြီး ““ ဟုတ်ကဲ့ပါဆရာတဲ့ ““ ။
အမယ်ငီး ၊ တော်ပါသေးရဲ့ ၊ အဲဒီ့ဆရာသာ မကယ်ရင် ဘယ်လို ပြောရမယ်မသိ ။ ကျွန်တော်လဲ အင်း နောက်တစ်ပုံ ရိုက်ရင်တော့ ဟုတ်ကဲ့ပါဆရာ ပြောမယ့်သူ ရှိမှာ မဟုတ်တော့ဘူး ဆိုပြီး အရှက်မကွဲခင် ကင်မရာဆွဲပြီး အသုဘအိမ်မှ အမြန်ပြန်ပြေးလာခဲ့ရပါကြောင်း ။

20 comments

  • kocho

    October 27, 2011 at 6:31 pm

    ဂွဒ်တယ်ဗျိုး စာဖတ်ရတာ ကျနော်ဒို့ဆီမှာတော့ အသုဘ ကိုဓတ်ပုံရိုက်လေ့မရှိဘူး(အကဲရွေ နာမည်ကြီး များသေရင်တော့ဗီဒီရိုပါရိုက်ကြတယ်)ကျနောယောက်ခမကြီးဆုံးပါးသွားတော့ ကျနော်က(ကျေးဇူးရှင်မို့လို့)မှတ်တန်းတင်တာ သူများနဲ့အမြင်မတူတော့ ကိုယ်ဘာသာကိုယ်ရိုက်တာတောင်အူကြောင်ကြောင်ဂျီး တမျိုးစီပေါ့ဗျာ

    • မှော်ဆရာ

      October 27, 2011 at 10:27 pm

      အင်း နောက်တစ်ခါ မှတ်မှတ်ရရ အသုဘကို ဗီဒီယို ရိုက်ခဲ့တဲ့ အကြောင်းလေးကို ရေးပြဦးမယ်ဗျာ …
      ဟုတ်တယ် …
      နယ်ဘက်တွေက သာရေးဆိုရင်သာ ဗီဒီယို ဓါတ်ပုံ ရိုက်တာဗျ …. နာရေးကြတော့ မရိုက်ကြဘူး …ကျွန်တော်ကတော့ ရှားရှားပါးပါး ရိုက်ဖူးလိုက်တာပါ
      နောက်မှ အကြောင်းစုံရေးပြဦးမယ်ဗျာ ….

  • ပေါက်ဖော်

    October 27, 2011 at 8:20 pm

    ငိုရအခက်..ရီရ အခက်ဘဲ မှော်ဆရာရေ..
    ရီရတယ် ဗျဲ… 😆
    နောက် အတွေ ့အကြုံလေးတွေလဲလုပ်ပါဦး..

  • MaMa

    October 27, 2011 at 9:40 pm

    မော်ဒယ်က ပြောစကားနားထောင်တယ်နော်။ 😉
    ဓာတ်ပုံဆရာက သူ့ဆရာမို့လားမသိဘူး။ 😛

    • မှော်ဆရာ

      October 27, 2011 at 10:24 pm

      မော်ဒယ်ကတော့ ပြောမနေနဲ့ မမရေ …
      ကျွန်တော့ရှေ့မှာ တုတ်တုတ်တောင် မလှုတ်ဘူး .. ဟီး ဟီး အသက်မှမရှိတာ ဘယ်လှုပ်မလဲ
      ကိုပေါက်ဖော်ရေ
      နောက်တစ်ခါဆိုရင် ပထမဆုံးအကြီမ် ဆက်ဆီပုံ ရိုက်တုန်းက အကြောင်းလေးကို ရေးပြပါဦးမယ် …
      စိတ်ဝင်စားတယ်မလား ……..

      • “ဘီလူးကြီး”ogre

        October 28, 2011 at 10:39 am

        ဒီလိုပဲလုပ်နေကျ အလုပ် ပြောနေကျအပြောကို
        မလိုအပ်တဲ့နေရာမှာ ယောင်ပြီး ပြောတတ်တယ်ဗျ
        အရင်က ကျုပ် ဆိုအမျိုးသမီးတစ်ယောက်ယောက်နဲ့ စကားပြောရင် အမေ..အမေနဲ့ ယောင်ခေါ်မိတတ်တာ
        ဟီး…. 🙂 😛

  • pooch

    October 27, 2011 at 10:50 pm

    အမလေး… အလောင်းကို ဖက်ရိုက်ရတယ်လို့ .. … အီး…အမေဆိုတော့လည်း ဝမ်းနည်းလွန်းတော့ … စိတ်ထဲဖြေသာအောင် လုပ်ရှာတာနေမှာ …… ငိုအားထက် ရီအားသန်ဆိုသလိုပဲ ….
    သနားလည်း သနားပါတယ်….

  • inz@ghi

    October 28, 2011 at 6:33 am

    ဆြာ ….
    အဲ့လိုရိုက်ပြီး မထုတ်ခင် skin tone ကော ပြန်ကိုင်ပေးလိုက်ရသေးလားဗျ …
    ကျနော် ဆိုရင်တော့ ကိုင်ရဲမှာ မဟုတ်ဝူး..
    ပြောရင်း အသည်း ယား ထှာ ….
    😀

    ခင်တဲ့
    inz@ghi

    • မှော်ဆရာ

      October 28, 2011 at 10:28 am

      စကင်းတုန်း ကိုင်ဖို့နေနေသာသာဗျာ …
      ခရောပင်း တောင် မချနှိုင်တော့ပါဘူး ….
      ကူးတဲ့ဆိုင်ကို အလင်းအမှောင် ကြည့်ကူးလိုက်ပါဗျာ ဆိုပြီး
      တန်းကို အပ်လိုက်ရတာပါပဲ …
      တော်ပါသေးတယ် ။
      ““ သားလေးက မျက်လုံးမှိတ်နေတယ် ၊ ဖွင့်ပေးပါဦး ဆရာလို့ ““ လာမပြောလို့ …

      • inz@ghi

        October 28, 2011 at 10:51 am

        ဘာတဲ့ ရှင်တုန်းက ဒါ့ပုံအရိုက်နည်းခဲ့လို့ ဆိုလား …
        ရွာသူရွာသားအပေါင်းလည်း ဒါမျိုး မဖစ်ရအောင် မသေခင် ဒါ့ပုံများများ ရိုက်သွားကြပါလို့
        (ဒါ့ပုံဆြာ) ပီပီ တိုက်တွန်းနှိုးဆော်လိုက်ရပါသည်ခင်ည …

        ရွာထဲက ဒါ့ပုံဆြာတွေနဲ့ ရိုက်မယ်ဆိုရင်တော့ ယောက်ျားလေးများကို ကျားကျားယားယားရှိတဲ့ ကိုစိန်သော့ကြီးမှ
        တာဝန်ယူမှာဖစ်ပီး …
        ရှောပီးသွားမှ ရိုက်ချင်ရင်တော့ အတွေ့အကြုံရင့် မှော်ဆြာ မှ လက်ခံဆောင်ရွက်ပေးမှာဖစ်ပါတယ်ဗျ…

        တားကတော့ အသက် ၁၈နှင့် ၂၅ကြား စကီလေးတွေပဲ သီးသန့် ကန့်သတ် ပီး …ကိုယ်ဖိ ရင်ဖိ နှင့် အသွေးထဲ အသားထဲ မှ စိတ်ပါလက်ပါ အားပါးတရ မဟားဒယား ရိုက်နှက်ပေးမှာ ဖစ်ကြောင်း. …မောင်းခတ်လိုက်ရပါသည် ခင်ဗျား
        သွပ်သွပ်သွပ်….

        Guy Inz@ghi for GIRL only fotografy
        😀

        • မှော်ဆရာ

          October 28, 2011 at 11:19 am

          အောင်မလေး နစ်နာနေပါဦးမယ် …. အင်ဇာဂီရယ် …

  • Diamond Key

    October 28, 2011 at 9:23 am

    ဒါမှ တစ်ကယ်လက်တွေ့ကျတဲ့ cameraman ဘဝပဲဗျို့။ နောက်အတွေ့အကြုံတွေလည်းစောင့်ဖတ်နေပါတယ်။

  • နွယ်ပင်

    October 28, 2011 at 9:59 am

    ကိုမှော်ဆရာ ဇာတ်လမ်းက တကယ့်ကို ငိုအားထက် ရီအားသန်
    ဆိုသလို ဖြစ်နေတာပေါ့။ နောက်ထပ် အတွေ့အကြုံတွေလဲ ရှိသေးမယ်
    ထင်ပါတယ် .. ဆက်ရေးပါဦး ….

  • nikita

    October 28, 2011 at 10:25 am

    တော်သေး
    မသာ က မျက်လုံးထမဖွင့်လို့ 😀

  • etone

    October 28, 2011 at 10:32 am

    ဟား ဟား ဟား ကိုမှော်ဆရာရဲ့ အဖြစ်ကလည်း … တကယ့်ကို အမှတ်တရပါပဲနော် … ။ အတွေ့ကြုံဆန်းလေးကို ရယ်စရာလေး နှောထားတာ … ရွာသားတွေ ဖတ်ပြီး ပျော်ကြရပါတယ် … ။
    သူ့အမေနဲ့တွဲရိုက်တုန်း ပြောမိတာမို့လား … ဒါဆိုလည်း အန်တီ မျက်တောင်မခတ်နဲ့လို့ ထပ်ပြောလိုက်ပေါ့ ဟီးဟီး … ။

    အဲ့ဒီလို ရုပ်ပျက်ဆင်းပျက်တွေမြင်ရလျှင် ကျွန်မကတော့ မကြောက်ပေမယ့် အန်ချင်ပါတယ် …. ။
    ဘဲဖုန်းထဲကို ကြည့်လိုက်လျှင် အဲ့ဒီလို ရုပ်ပျက်ဆင်းပျက်ပုံတွေချည်းပဲ …. ။ သူ့အလုပ်နဲ့ ဆက်စပ်နေတော့ ရိုက်ထားပေမယ့် … ကျွန်မကတော့ မြင်ရတာနဲ့ အန်ချင်လွန်းလို့ …. တစ်ခါတစ်ခါ သူ့ဖုန်း ယူ စစ်ရမှာတောင် တွန့်နေမိတယ် … ။ တစ်ခါတစ်လေ .. ဓါတ်ပုံတင်မကဘူး… ဗီဒီယိုဖိုင်တောင် ရိုက်ထားလိုက်သေးတယ် … ။ သူတို့ကတော့ … လူသေဆိုတာ ရိုးနေပြီတဲ့လေ 🙁

  • ဆူး

    October 28, 2011 at 11:50 am

    ရိုက်တော့မယ် ၊ မျက်တောင်မခတ်နဲ့ ၊ ငြိမ်ငြိမ်နေ… ဆိုတော့ လူသေကောင်က မျက်တောင် တဖျက်ဖျက် ထ ခတ်နေသလိုပဲ.. ဟိဟိ အပမှီတာတော့ မဖြစ်နိုင်ဘူး အမိမှီထားလို့ ဖြစ်မယ်။

  • စုံ စုံ

    October 28, 2011 at 12:39 pm

    ဖတ်ပြီးရီရတယ်မှော်ဆရာရေ
    သူများအကြပ်အတည်းဖြစ်ခဲ့တာကိုရီရတယ်လို့ပြောတာလဲမကောင်းပါဘူး
    ဒါပေမယ့်ရီရတယ် 😀
    နောက်ထပ်အတွေ့အကြုံတွေလဲစောင့်ဖတ်နေမယ်လေ

  • မှော်ဆရာ

    October 28, 2011 at 1:32 pm

    အားပေးသူများလို့ ရေးရတဲ့သူ အားရှိပါတယ် …
    နောက်နောင်လဲ ဆက်လက်အားပေးကြပါကုန် ….

  • windtalker

    October 28, 2011 at 1:46 pm

    မှော်ဆရာ ကောင်းမှု နဲ ့ဈေးနှုန်းလေးတွေပါ စုံနေအောင် သိပြီး ပြုံးရယ်ရတယ်ဗျို ့။

  • nozomi

    October 28, 2011 at 2:28 pm

    ကိုကုလားကြီး ဖတ်ပြီးမှ ဒီဟာပြန်လာဖတ်ဖြစ်တယ်
    မှော်ဆရာမှာ ဒီလိုအတွေ့အကြုံသစ်တွေ အများကြီး ကျန်လောက်သေးတယ်
    စောင့်မျှော်နေပါတယ်

Leave a Reply