ထစ်နေသော စီဒီတစ်ချစ်ရဲ့ ပတ္တလားသံသည် ပို၍ချိုမြသည်။ (၃)

koyin sithuOctober 27, 20111min982

ဘဝ၏ ပထမဆုံးဝါကျတစ်ကြောင်းကို ဝါကျဟု မသိမီကပင် ကျွန်တော်ဖတ်နှင့်ပြီးသား ဖြစ်နေလေသည်။ လူတို့သည် အလကားရနေလျှင် (သို့) ပေါများစွာရလျှင် သိပ်တန်ဖိုးမထားတတ်။ တိုတောင်းလှသော တန်ဖိုးယူနစ်များနှင့် တွက်ချက်ထားသော နေ့စွဲများအကြောင်းကို ထိုဉာဏ်တိမ်သော သူတို့နှင့်

ဆက်လက်ဆွေးနွေးငြင်းခုန်ရန် ဆန္ဒမရှိတော့သောအခါ ကျွန်တော်သည် ကိုယ့်မွေးရပ်မြေ ရွှေပြည်ကြီးသို့ လှည့်ထွက်လာခဲ့ပါသည်။ ကျွန်တော်လမ်းလျှောက်ပါသည်။ ကျွန်တော်လမ်းလျှောက်လာပါသည်။ နောက်… ကျွန်တော် လမ်းဆက်လျှောက်လာပါသည်။

နောင်အချိန်ကာလရွေ့လျားလာသောအခါ ကျွန်တော့် ဆုံးဖြတ်ချက်တွေကို ကာလတရားကသာ အမှားအမှန်ဝင်ရိုးစွန်းကြား တစ်နေရာတွင် ရပ်တည်ပေးပါလိမ့်မည်။ ရှေ့ဆက်လျှောက်ရန် လမ်းတို့၌ ဘယ်သူဖြစ်ဖြစ် ဖိနပ်တော့ စီးသင့်ပါသည်။

လမ်းလျှောက်နေရာမှ ကျွန်တော်ရပ်လိုက်ပါသည်။ လမ်းလျှောက်ခြင်းဖြင့် လိုသည့်ပန်းတိုင် ရောက်ရန်မသေချာသောကြောင့် ဖြစ်ပါသည်။ ရပ်နေသည့် နေရာကလည်း ပန်းတိုင်မဟုတ်သည်ကတော့ သေချာပါသည်။ ဘဝတွင် ပန်းတိုင်ရှိသည်ဆိုသော အချက်ကို ကျွန်တော်သံသယဖြစ်ခဲ့သည်မှာ ကြာခဲ့လေပြီ။ ဒီလိုနှင့် ကျွန်တော်ဖန်တီးထားသော ကဗျာနှင့် စာပေအချို့တို့တွင် ဘဝပန်းတိုင်များ အကြောင်းမပါအောင် ဂရုစိုက်တတ်လာသည်။ ယခုလက်ရှိ ကျွန်တော် စာရေးနေခြင်းကပင် လှောင်အိမ်ထဲမှ တေလေငှက်တစ်ကောင်သည် သူ၏ ပျံသန်းခြင်းကို မမေ့လျော့အောင် ဆောင်ရွက်ခြင်းမျိုးနှင့် ခပ်ဆင်ဆင်တူပါသည်။

ဈေးကွက်စီးပွားရေးဆိုတာကို အမှားခပ်နည်းနည်းဖြင့် ခန့်မှန်းတတ်သော်လည်း ကိုယ်တိုင်တော့ ငွေကိုအလုံးအရင်းဖြင့် တစ်ပြားမှ မရှာတတ်သူပါ။ သို့သော်လည်း ကျွန်တော်တို့ နေထိုင်နေကြသော

လူ့လောကတွင် ဘာပဲလုပ်လုပ် အရမ်းဆင်းရဲနေလို့လည်းမရပါ။ လောကမှာ လိမ်ညာပြောဆို၊ ရေးသားထားတာကို ကျွန်တော့် အလွန်မုန်းပေမယ့် ကိုယ့်ဖြစ်ရပ်အချို့ကို ကိုယ်ပြန်မရေးရဲလို့ ဒိုင်ယာရီစာအုပ်ကို ဖွက်ထားခဲ့တာ တစ်လကျော်ကြာခဲ့ပြီ။

ကျွန်တော်ရေးခဲ့သော မျဉ်းဖြောင့်တွေလည်း ပူလွန်းလို့ တွန့်ကွေးလာကုန်ကြပြီ။ ကျွန်တော်သည် လမ်းဖောက်နေတုန်း လမ်းပါပြင်နေရသူတစ်ယောက်သာဖြစ်၏။

နေရောင်ကမှောင်သွားသည်။ မီးကပျက်နေသည်။ ခြင်တွေက ကျွန်တော့်ကို အပြင်းအထန်တိုက်စစ်ဆင်နေကြ၏။ ဒီခြင်တွေကိုသာ အိတ်စပို့စ်လုပ်ပြီး နိုင်ငံတကာသို့ တင်ပို့ရောင်းချမည်ဆိုပါက ကျွန်တော်တို့ ရွှေပြည်တော်သည် တော်တော်ချမ်းသာနေလောက်ပြီ။ နွေနေ့လည်ခင်း၏ ကြွင်းကျန်ရစ်သော အပူချိန်ခပ်များများကလည်း ကျွန်တော့်ကို ပူလောင်စေသည်။

ယခုလက်ရှိပင် ဂေဇက်ရွာတွင် ပို့စ်တင်ချင်ဇောကြောင့် ဘယ်ဘက်လက်က ယပ်တောင်ခပ်ရင်း ညာဘက်လက်က စာရေးရင်းနဲ့ ချွေးများ တပြိုက်ပြိုက်ကျနေလေသည်။ ကျွန်တော်က ခပ်မှိန်မှိန် အလင်းရောင်အောက်၌ ထိုင်နေရင်း …. လူတွေကို ဘာလုပ်ဖို့ ဘုရားသခင်က စေလွှတ်လိုက်တာလဲ။ ကျွန်တော်ကတော့ သေချာမသိလို့ ဆက်မပြောချင်တော့ဘူး။

ကျွန်တော်တို့သည် အခြေခံအားဖြင့်တော့ ရိုုးသားကြသူများဖြစ်ပါသည်။

အချို့တွေကတော့ ငွေကြေးဓနအတွက် အသွေးအသားနှင့် စာရိတ္တကိုပင် ရောင်းချခဲ့ကြ၏။ ထိုသူတု့ိမသိသေးသော အချက် တစ်ခုတော့ရှိနေသေးပါ၏။ မွေးဖွားခြင်း၏ ဆန့်ကျင်ဘက်တွင်ရှိသော သေခြင်းတရားကတော့ အေးတိအေးစက် ဆက်ဆံရေးမျိုး ရှိပေမယ့် တစ်ကြိမ်တစ်ခါတွင်တော့ နွေးထွေးစွာဆက်ဆံတတ်သည်ကို မိတ်ဆွေတို့ကော ကျွန်တော်ပါ အလိုမရှိမှန်း ကျွန်တော်သိပါသည်။ နောက်ဆုံးတော့လည်း ကျွန်တော့်တို့အားလုံးသွားကြရမှာ ဒီတစ်လမ်းထဲပါပဲလား။

လူအဖြစ်၏ တန်ဖိုးတစ်စုံတစ်ရာအတွင်းမှာ ကျွန်တော်တို့သည် အောက်တန်းကျမိသော စိန်ခေါ်မှုများနှင့် ကြုံတွေ့ရသည်ရှိသော် လျော်ကြေးသည် ကျွန်တော်တို့ရေးခဲ့သော သမိုင်းစာမျက်နှာများသာဖြစ်သည်။

ချစ်ခင်စွာဖြင့်

ကိုရင်စည်သူ

 

2 comments

  • nikita

    October 28, 2011 at 10:03 am

    လက်ရှိကျရှုံးခြင်းဆိုတာ အနာဂတ်အတွက် အခြေခံအုတ်မြစ်တဲ့
    ဖတ်ဖူးတဲ့ စာလေးတစ်ကြောင်းပါ
    ကိုရင့် စာတွေကြည့်ရတာ
    ကိုရင်က လောကဓံတွေ တော်တော်များများကြုံးဖူးနေပြီထင်တယ်

  • windtalker

    October 28, 2011 at 11:29 am

    ပန်းတိုင်ရှိရှိ မရှိရှိ လမ်းလျှောက်နေရပါဦးမည်
    လူသားတို ့၏ ဝတ္တရား အရ မွေးကတဲက သေသည်အထိ ခရီးများစွာ လျှောက်နေရပါဦးမည်
    ကိုရင်ရေ ၊ ကိုရင့်စာဖတ်ပြီး တွေးမိတာလေး ကို ကွန်မင့်ခဲ့ပါတယ်နော်

Leave a Reply