အသုဘ မရိုက်ဘူးလို့သာ ပြောရတာပါ … တကယ်ကို ပိုက်ဆံရမယ့် ပွဲမျိုးကိုတော့ ရိုက်ပေးရတာပါပဲ …..
ပြောရရင် မြန်မာလူမျိုးက သာရေးကိုသာ မှတ်တမ်းတင်ကြတာပါ . နာရေးဆိုရင်တော့ တတ်နှိုင်သမျှ မေ့ပျောက်အောင် ကြိုးစားပြီး မှတ်တမ်းမတင်ကြတာ များပါတယ် ။ ကျွန်တော်တို့အရပ်မှာ အသုဘကို ဗီဒီယို ရိုက်တာ မရှိသလောက်ရှားပါတယ် . ။ဘုန်းကြီးပျံ ကတော့ တစ်မျိုးပေါ့နော် …။ ဒါပေမယ့် ကျွန်တော်ကတော့ ရှားရှားပါးပါး တစ်ပွဲ ရိုက်ဖူးပါတယ်။တစ်ခါတလေ အဖြစ်မှန် ဆိုတာ ပုံပြင်ထက်တောင် ထူးဆန်း တတ်ပါသေးတယ်နော် …။
တစ်နေ့ ကျွန်တော် ပျင်းပျင်းနဲ့ဆိုင်မှာ အိပ်နေတုန်း ကျွန်တော့ ဆိုင်ထဲကို ရှမ်းကြီးတစ်ယောက် ၀င်လာပါတယ် . ။ ၀တ်စားထားတာတော့ ရိုးရိုးပေမယ့် လေသံကတော့ ရှမ်းတိုင်းရင်းသားမှန်း သိသာနေပါတယ်.။ဝါကလဲ ကျွတ်ခါစဆိုတော့ အလှူတွေ မင်္ဂလာဆောင်တွေ ပေါတဲ့ ရာသီဆိုတော့ အင်း အတွေးထဲမှာ …အတွေးထဲမှာ … ဒီရှမ်းကြီး တို့မြို့က ဘယ်အပျိုကြီးနဲ့ စွံပြီလဲ ၊ဘယ်သူနဲ့ စွံစွံ ငါ ဗီဒီယို ရိုက်ရဖို့သာ အဓိက ၊ငါတော့ တစ်သိန်းလောက်တော့ ရပြီ … ဆိုပြီး မှော်ဆရာ ကျိတ်ပြီး အူမြူးနေတာလေ
= ကဲ ဦးလေးပြော … ကျွန်တော် ဘာကူညီပေးရမလဲ ..
x အင်း ဗီဒီယိုလေး ရိုက်ချင်လို့ပါဗျာ …
= ရိုက်ပေးမှာပေါ့ ဦးလေးရာ … ပြော အလှူလား ၊ မင်္ဂလာဆောင်လား … ဘယ်နေ့လဲ ..
x ဒီနေ့ပဲ ရိုက်မှာ ငါ့တူရဲ့ .. အခုချက်ချင်းကိုလိုက်ခဲ့ပါကွာ
ဟယ် ခက်တောင်ခက်ရချည်ရဲ့ ၊ တကယ်ဆို ဗီဒီယို ဓါတ်ပုံငှားတယ်ဆိုတာ ကိုယ်ကြိုက်တဲ့ဆိုင်နဲ့ မရလိုက်မှာစိုးလို့ အနဲဆုံး တစ်လ လောက် ကြိုငှားတတ်ကြတာမျိုးပါ . ။ ပြီးတော့ အလှူအတန်း ၊ မင်္ဂလာဆောင်ဆိုတာ ရက်ရာဇာ တို့ ရက်ကောင်းတို့မှာပဲ လုပ်တတ်ကြတော့ များသောအားဖြင့် တစ်ပွဲနဲ့ တစ်ပွဲ ထပ်နေတတ်ကြပါတယ် ။ဒါပေမယ့် ဒီလူကြီးကတော့ ဒီနေ့ငှား ဒီနေ့ ရိုက်ချင်တယ် ဆိုပါလား …။မှော်ဆရာ ခေါင်းထဲ နဲနဲတော့ အရိပ်အယောင် မြင်လိုက်သလိုပါပဲ။ အချက်ပေးခေါင်းလောင်းသံ မြည်စ ပြုလာပါပြီ ။
= ဟယ် ဦးလေးရယ် ပွဲငှားတယ်ဆိုတာ အနဲဆုံး အနဲဆုံး တစ်ပတ်တော့ ကြိုပြောကြတာပါ . ဘယ့်နယ့် ဦးလေးကြတော့ ချက်ချင်းကြီးပါလား ..
x ငါ့တူရယ် သူက ဒီနေ့မနက်မှ ဆုံးတာကွ ၊ ဆုံးပြီးပြီးချင်း ခေါင်းရိုက်တဲ့ သူကို သွားပြော ၊ ဆွေမျိုးတွေကို အကြောင်းကြား ၊ နောက် မင်းဆီ လာငှားတာပါကွာ … လုပ်ပါ ငါ့တူုရယ် ..ငါလဲ ကြိုပြောရတယ်ဆိုတာတော့ သိပါတယ်ကွ .. ဒါပေမယ့် သူက သေမလို သေမလိုနဲ့ အရက်ကလေး ပါးစပ်ထဲ နဲနဲ ထည့်ပေးလိုက်ရင် ပြန်ကောင်းကောင်းနေတာကွ .. အခုတော့ အိမ်မှာ မနက်အစောကြီး အရက်ကုန်နေတုန်း ဗြုန်းစားကြီး ဖြစ်သွားတာ ငါဆို ထင်တောင်မထင်ဘူး ။လာပါကွာ .. လိုက်ခဲ့ပါကွာ နဲ့ အတင်းကြီးကို ခေါ်တော့တာပါပဲ ..
အင်း မှော်ဆရာတို့တော့ ထီပေါက်ပြန်ပါပြီ ။ လာငှားကြပါလားဗျာ .. ဆယ်ကျော်သက်မလေး မွေးနေ့ပွဲတို့ ၊ မော်ဒယ်ရှိုးပွဲတို့ ။ ကျွန်တော့်အကို ဆို ကံကောင်းတယ်ဗျ … ပွဲလာငှားပြီဆို သူအရင်ထွက်တယ် ၊ နှစ်ပွဲ လာထပ်ရင် ကျွန်တော်ပါ လိုက်ထွက်ရတယ် ၊ သူကတော့ မနက်အစောကြီးထဲက သူဌေးသမီး မွေးနေ့ပွဲ ဗီဒီယိုရိုက် ကျော့ကျော့လေး ထွက်သွားပြီ ။ ကျွန်တော်သာ အသုဘနဲ့ နှစ်ပါးသွားရတော့မယ် ..။ အင်း ဘ၀ ဘ၀ ..။
အဖေကတော့ ပြောပါတယ် ။ သားရယ် မင်းမလိုက်ချင်လဲ ငြင်းလိုက်ပါ . ဒါပေမယ့် မင်းလိုက်သွားရင်တော့ ရသမျှပိုက်ဆံ မင်းယူတဲ့ ။ အရင်ပွဲတွေတုန်းကတော့ ကျွန်တော်တို့ ညီအကို ရသမျှ ပိုက်ဆံ အိမ်ပြန်အပ် ။ ပြီးမှ မုန့်ဖိုး ပြန်တောင်းသုံးနေကြတာ။ အခုကြတော့ အဖေက မသာပွဲရိုက် အထူးအခွင့်အရေး ပေးနေတာဆိုတော့ ငွေတစ်သိန်းကလဲ မျက်စိထဲ ပေါ်လာ …ကဲ ရိုက်မယ်ဗျာ ..။
= နာမည်ပြော ဦးလေး ဘောင်ချာ ဖြတ်ရအောင်
x ဦးလေးနာမည်လား ၊ သေတဲ့သူ နာမည်လားကွယ်။ ဦးလေးကတော့ စိုင်းထွန်းအောင်ပါ ။ သေတဲ့သူကတော့ ဦးကုလား ပါ ။ဦးလေး အကိုတော်တယ်လေ ..ဦးလေးတားတယ် ဦးလေးတားသေးတယ် ။ အကိုရယ် မသောက်ပါနဲ့တော့ ဆိုတော့ သူက ငါအရက်မသောက်ရင် တသက်လုံး မသေပဲနေမှာလားတဲ့၊
သေတော့ သေမှာပေါ့အကို လူပဲ ဆိုတော့……
သောက်လဲ သေမယ်။ မသောက်လဲ သေမယ်ဆိုရင် သောက်ပြီးမှ ငါပျော်ပျော်ကြီးသေမယ်ဆိုပြီး အရက်ပုလင်းဖက် ပြုံးပြုံးကြီးကို သေတာကွယ့် …
အင်း သူ့ဆန္ဒတော့ ပြည့်သွားတာပေါ့ကွယ် ။
= နေတဲ့နေရာ ပြောဦးလေး …
x နေတာတော့ ဗလီနားမှာပါ . ။ ဦးလေးကတော့ ရှမ်းပြည်တောင်ပိုင်းကပါ ။ အကို မကျမ်းမာလို့ ကိုယ်ဖိရင်ဖိ လာပြုစုရင်း ဦးလေး လက်ပေါ်တင် ဆုံး၇ှာတာပါ ။
= နေပါဦး ဦးလေး . ဦးလေးက ရှမ်း ၊ သေသူက ဦးကုလား ။ ဦးကုလားက ဗလီနားမှာနေတယ် ။ ဦးလေးက ရှမ်းပြည်မှာ ။ ဒါတောင် ဘယ်လို ညီအကို တော်ပြန်တာတုန်း ။
x အဖေပေါ့ကွယ် ။ အဖေပေါ့ …။ အဖေက တရုတ်လူမျိုး ၊ ရှမ်းပြည်မှာ နေတယ် ။ ဦးလေးက အဖေရဲ့ ပထမဇနီး ရှမ်းအမျိုးသမီးနဲ့ မွေးတာ ။ ကုလားကတော့ အဖေရဲ့ ဒုတိယ ဇနီး ဒီမြို့သူ ဒေါ်အရှောင်နဲ့ မွေးတာလေ ။ အဖေ ဒီမြို့ကို လဖက်ခြောက် ကုန်ကူးရင်း ညားတာပေါ့ကွာ ။ တကယ်တော့ ဦးကုလားဆိုတာ အသားမဲလို့သာ ဦးကုလားခေါ်တာ တကယ်တော့ တရုတ်စစ်စစ်ကွဲ့ ။ ဦးလေးနဲ့ ဦးကုလားနဲ့က အဖတူ အမေကွဲပေါ့ကွာ ..
= အင်း အင်း သဘောပေါက်ပါပြီ ဦးလေးရယ် …။
x နောက် ဦးကုလားက ခရစ်ယန်နော် … ခရစ်ယန် ထုံးစံနဲ့ သဂြိုလ်မှာနော် … ခဏနေ သင်းအုပ်ဆရာ လာတော့မယ် ။ တူကြီး အခုပဲ လိုက်ခဲ့တော့နော် ….။
စဉ်းစားကြည့်ကြပါဦးဗျာ ..။ ကျွန်တော် ကွန့်ပြီးရေးတယ်တောင် ထင်ကြဦးမယ် ။ သေတဲ့သူနာမည်က ဦးကုလား ။ ဒါပေမယ့် တရုတ်စစ်စစ် ၊ နေတာတော့ ဗလီနားမှာတဲ့ . ကိုးကွယ်တာတော့ ခရစ်ယာန်ဘာသာ .လာငှားတာကတော့ ရှမ်းကြီး စိုင်းထွန်းအောင် ။ ကုလားနဲ့ စိုင်းထွန်းအောင်နဲ့က ညီအကို ။ အဲ စိုင်းထွန်းအောင်က တော့ ဗုဒ္ဓဘာသာပါတဲ့ ..။ မှော်ဆရာ ဘာမှကို မပြောနှိုင်တော့ပါ ။
ဒီလိုနဲ့ အသုဘအိမ်ကို ကင်မရာ ကိုင်ပြီး ရောက်ခဲ့ပါပြီ ။ ဟုတ်ပါတယ်ဗျာ .. ဦးကုလားက အသားသာမဲတာ . မျက်ခွက်ကတော့ တကယ်ကို တရုတ်ကြီး မျက်ခွက်။ အမယ် ပြုံးပြုံးကြီးဗျနော် … သေတာတောင် ။ ဒီတစ်ခါတော့ မှော်ဆရာ နပ်သွားပြီ ။ ရိုက်မယ် ငြိမ်ငြိမ်နေ မလုပ်တော့ဘူး ။ တစ်ခါခံပြီးပြီကိုး …။
အလောင်းကို လှတပတ ဖြစ်အောင် ဗီဒီယို သေချာရိုက် ၊ ခေါင်းစပ်တာ သွားရိုက် ။ လက်ဝါးကပ်တိုင်မှာ နာမည်ထွင်းတာ သွားရိုက် ၊ နောက် ဘာထပ်ရိုက်ရမှန်းမသိတော့ ခေါင်းထဲ အိုင်ဒီယာ လေးတစ်ခု ၀င်လာတယ် ။ အင်တာဗျူးလေး ရိုက်ရင်ကောင်းမယ်လို့ ။ဒါနဲ့ ရှမ်းကြီး စိုင်းထွန်းအောင်ကို ခေါ်၊ အလောင်းဘေးမှာ ကျွန်တော်ရယ် သူရယ်ထိုင် ၊ ကင်မရာကို ဒေါက်နဲ့တင် ၊ ခလုတ်နှိပ်ထားပြိး အင်တာဗျူးခန်းလေး စလိုက်ပါတယ် ။
ကျွန်တော်ကတော့ ဦးကုလားဆုံးကြောင်းကြားလို့ လာတဲ့လူပေါ့. ရှမ်းကြီးကတော့ မသာရှင်လုပ်ပြီး ကျွန်တော်က ဦးကုလား မသေမှီက အကြောင်းတွေမေး ၊ ဘယ်သူတွေက ကုသလဲ ၊ ဘယ်နှစ်နာရီမှာ ဆုံးတာလဲ ။ ဘယ်မှာသြ၈ိုလ်မလဲ စသည်ဖြင့် အလာပ သလာပ မေးတဲ့ပုံပေါ့ဗျာ ..။
ပထမတော့ ရှမ်းကြီးကတော့ ကင်မရာချိန်ထားတော့ တမျိုးဖြစ်နေပေမယ့် နောက်တော့ တော်တော့ကို အရှိန်ရလာပြီး အကုန်ကို ပြောပါတော့တယ် ။ သူအကို ကုလား စိတ်ကြီးတဲ့အကြောင်း ၊ သေကောင်ပေါင်းလဲ ဖြစ်နေတာတောင် အရက်ဝယ်မတိုက်ရင် သူ့ကို ငါနဲ့ကို ကော်ကော်တုတ်တဲ့အကြောင်း ၊ သေဖို့အသက်ငင်နေတာတောင် ပါးစပ်ထဲ အရက် အစက်ချပေးလိုက်မှ ပြုံးပြုံးကြီး အသက်ထွက်သွားတဲ့အကြောင်း ၊ အရက်အရမ်းသောက်လို့ ယူမယ့်မိန်းမ မရှိပဲ လူပျိုကြီး ဖြစ်နေရကြောင်း ၊ မိန်းမရှိခဲ့ရင်လဲ အဲဒီ့မိန်းမ ဦးကုလားလက်ချက်နဲ့ အရင်သေမှာဖြစ်ကြောင်း ၊သူ့မှာတော့ မိန်းမရှိကြောင်း ၊ ရှမ်းပြည်မှာ ကျန်ခဲ့ပါကြောင်း ၊ အကို ဖြစ်နေလို့သာ လာပြုစုတာ.. ရှမ်းပြည်မှာ ကျန်ခဲ့တဲ့ မိန်းမနဲ့ ကလေး နှစ်ယောက်ကို လွမ်းလှပြီ ဖြစ်ကြောင်း ၊ ရက်လည်ပြီးတာနဲ့ ရှမ်းပြည်ကို ပြန်တော့မည်ဖြစ်ကြောင်း အကုန်ကို စုံသွားပါတော့တယ်။ ကျွန်တော်တော့ စိတ်ထဲ စဉ်းစားပါတယ် ။ ဆင်ဆာ ဖြတ်စရာတော့ များပြီပေါ့နော် ။ အမယ် ဒါပေမယ့် ရိုက်ပြီးသွားလို့ ကင်မရာလေးနဲ့ ပြန်ပြတော့ ရှမ်းကြီးက အကုန်ကြိုက်တယ်တဲ့ . ဘာမှ ဖြတ်မနေပါနဲ့တဲ့ ။ အင်း …. သူ့ငွေနဲ့ သူရိုက်တာပဲလေ …၊ သူကြိုက်ရင်ပြီးတာပဲ ။ ဦးကုလားကတော့ ထုံးစံအတိုင်း ပြုံးပြုံးကြီးပေါ့ ….။
နောက် နောက်ခံသီချင်းထည့်မယ်ဆိုရင်လဲ တခြားသီချင်း မထည့်နဲ့တဲ့ သူပေးမယ်တဲ့ …။ cd တစ်ခွေ လက်ရွေးစင်ထည့်ထားတာ ပေးပါတယ် ။ အိမ်ကျမှ ကျွန်တော်ဖွင့်ကြည့်ပါတယ် ။ ဘာသီချင်းတွေ ပါတယ် ထင်လဲ ..။ ဖြေးဖြေးလေးနဲ့ ငြိမ့်ငြိမ့်လေး ပါတယ် ။ လွှမ်းမိုးရဲ့ တကိုယ်တော် သုံးရာသီ ပါတယ် ။ စိုင်းထီးဆိုင်ရဲ့ ခွဲစိတ်ခန်းက ဆရာမလေးသို့ နဲ့ သံလွင်ချောင်းခြား ပါတယ် ။ အဲ ခင်မောင်တိုးရဲ့ ၀ိုင်းရဲ့ ဆည်းဆာတောင် ပါသေးတယ်နော် …။ သူ့အကိုမသေခင်က အရက်မှုးရင် ဖွင့်နေကြသီချင်းခွေဆိုပဲ ။ မသာကြိုက်တာလား သူကြိုက်တာလားတော့မသိ … ။ လုပ်ဆိုတော့လဲ လုပ်ပေါ့ဗျာ … အသုဘခွေနဲ့ ခွဲစိတ်ခန်းက ဆရာမလေးသို့ နဲ့ လမိုင်း မကပ်လိုက်ပုံများ …..တော်သေးရဲ့ ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေးသီချင်း ပါပေလို့ ၊ ဒီသီချင်းလေးနဲ့ပဲ မြေချတာတို့ ပန်းခွေချခန်းတို့ ရိုက်ရတယ် ။ အသုဘချရာလမ်းတစ်လျှောက် ဘက်ဂရောင်း မြူးဇစ်က သံလွင်ချောင်းခြားနဲ့ပါခင်ဗျား ….
ထုံးစံအတိုင်း ဦးကုလားကတော့ ပြုံးပြုံးကြီးပေါ့ …..

About မှော်ဆရာ

has written 58 post in this Website..

အပြုသဘောဆောင်တဲ့ ရေးသားချက်များကိုသာ ရေးသားနှိုင်အောင် ကြိုးစားနေပါတယ်. နိုင်ငံတကာ ဆက်ဆံရေးပညာနဲ့ ကျောင်းပြီးပါတယ်။ ပွင့်လင်းမှုနဲ့ ယဉ်ကျေးမှုကို မြတ်နိုးပါတယ်။ သဘောကောင်းပါတယ်။ လက်သီးထိုး ပြင်းပါတယ်။ ဓါးထိုးပက်စက်ပါတယ်။ CJ # 9222010