သောနုတ္ထိုရ် ငိုချင်း

koyinOctober 28, 20115min1498
သောနုတ္ထိုရ် ငိုချင်း


အစွယ်ကို လိုသူက မိဖုရား
အသွားစေခိုင်းသူက မင်းဧရာဇ်
လေးပစ်တဲ့သူက ကျနော်
ကြံဖော်ကြံဖက် 
သုံးယောက်သား အနက်တွင်မှ
ကံကွက်ကြား၍
ငမိုက်သား မုဆိုးလေ…
နင်ချည်းသာ သေပေရော့ ဟု
ဆဒ္ဒန်ကိုယ်တော်
သတ်လိုသော် သေရမယ့်သူ
ပူဆာလေသူက သခင်မ
စိန် ငွေ မြ မရှား
အလွန်ပင် များသည်ကို 
နားလေးလေဟန်
ဆင်စွယ်မှ ပန်လိုသတဲ့…
အဆာကျယ်တဲ့ ထိပ်ထား
မုဆိုးကို သားကောင်ဖြစ်စေရော့သလားဟင်…
ဆဒ္ဒန်သခင် ဆုံးဖြတ်
ကျနော်မျိုးရဲ့ အဆုံးသတ်ကို
ဘုန်းမြတ်အရှင် ပိုင်စိုးပြီပေ့ါ
အမှန်တကယ် ယိုးစွပ်ရရင်ဖြင့်
အပြစ်တင်သင့်တာက ထိပ်ထား
(ဘယ့်တွက်ကြောင့်များ)
သောနုတ္ထိုရ်က တရာခံဖြစ်သွားရပါသလဲ…
တကယ်ပဲ ဒဏ်ခတ်တော်မူလိုတယ်ဆို
ကိုယ်တော်ရဲ့ အစွယ်နှစ်ချောင်း
သူမကို နားထောင်းလုပ်ခွင့်ပြုပါလေ…
ကျနော်မျိုးလည်း ဆုငွေရ
သခင်မလည်း ပျော်ရွှင်
ကိုယ်တော်လည်း သေပွဲဝင်ရတော့မှာ…
အပြစ်အတွက်တော့ မပူပါလေနှင့်
အတိတ်ဟောင်းက အဖြစ်ကိုသာ
သခင်မ ရင်နင့်ခဲ့ပါက
သူမလည်း အတူနွှဲ
ရင်ကွဲလို့ သေ
(ကျနော်မျိုး)
သောနုတ္ထိုရ်က အနေသာကြီးပါ ဘုရား…။ ။

တောက ကိုရင်
၂၈.၁၀.၂၀၁၁

(အကြောင်းမဖက်တဲ့ ကောင်းဆက်အတွက်…။)

8 comments

  • alinsett

    October 28, 2011 at 3:07 pm

    ကောင်းပါတယ် ။ မြင်ဖူးနေကျ ကဗျာမျိုးထဲက နည်းနည်..ခွဲ ထွက်ထားလို ့

    • koyin

      October 28, 2011 at 8:10 pm

      ဟုတ်…
      ကိုရင်လည်း ကွန့်ကြည့်တာပါ…
      ခုလို အားပေးတာ ကျေးဇူး…
      နောက်တစ်ပုဒ် လာပါအုံးမယ် အလင်းစက်ရေ…
      ပျော်ရွှင်ပါစေ…

  • MaMa

    October 28, 2011 at 6:31 pm

    သောနုတ္ထိုရ် ဘက်က ရှေ့နေလိုက်ထားပါလား။
    အပြစ်မရှိပဲ ဒါဏ်ခတ်ခံရသူကို မြင်အောင်ကြည့်ပြီး လွတ်အောင်လျှောက်ထားလို့ ကိုရင်ကို ကြားထဲက ကျေးှဇူးတင်မိသေးတော့တယ်။ 😀

    • koyin

      October 28, 2011 at 8:09 pm

      ဟဲ ဟဲ ဟဲ
      ဧကန္တ မမက သောနုတိ္ထုရ်ကို အားကျနေတယ် ထင်ပ…
      ချစ်ဦးညိုရဲ့ လင်္ကာဒီပချစ်သူကို ဖတ်ကြည့်လိုက်ပါအုံး..
      ပျော်ရွှင်ပါစေ…

  • windtalker

    October 28, 2011 at 7:45 pm

    ချစ်ဦးညို လက်သစ်တစ်ယောက် ဂေဇက်မှာ တွေ ့မြင်လိုက်ရပါသည်

    • koyin

      October 28, 2011 at 8:08 pm

      လင်္ကာဒီပ ချစ်သူ အရမ်းဖတ်လို့ကောင်းတယ်ဗျ…
      တကယ်ကို ခွဲထွက်သွားတဲ့ အမြင်နဲ့ ရေးထားတာ
      ကိုရင် အရမ်းကြိုက်တယ်….
      ပျော်ရွှင်ပါစေ.း…

  • unclegyi1974

    October 28, 2011 at 10:40 pm

    ဦးပုညဖတ်မိရင်ဘာပြောမလဲသိချင်လိုက်တာကိုရင်ရာ

    • koyin

      October 28, 2011 at 11:57 pm

      ဦးပုညသိရင်လား…
      သူစတဲ့ ဇာတ်လမ်း
      ကိုရင် လက်လှမ်းမီသလောက်
      ကဗျာဉာဏ်မေတောက်တခေါက်မို့
      ခေါင်းခေါက်ပြီး ကောင်းချီးပေး
      သူ့အမွေတွေ ကိုရင်ကို ပေးမတဲ့ဗျား…..
      ပျော်ရွှင်ပါစေ….

Leave a Reply