ပြောင်သူလွှတ်တော်က နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေ ပြင်ဆင်ချက် အတည်ပြုလိုက်တယ်လို့ RFA သတင်းမှာ ဖတ်ရလို့ လက်တန်းကောက်ရေးလိုက်တယ်။ ပြင်လိုက်တဲ့ အဓိက အချက်သုံးချက်မှာ (၁) အရင် ဥပဒေမှာ သတ်မှတ်ထားတဲ့ ထောင်ဒဏ်ကျခံနေရသူ နိုင်ငံရေးပါတီဝင် မဖြစ်ရဆိုတဲ့ အချက် ဖျက်သိမ်းပြီး၊ (၂)၂၀၀၈ အခြေခံဥပဒေကို “ထိန်းသိမ်း စောင့်ရှောက်ရေး” အစား “လေးစားလိုက်နာရေး” နဲ့ အစားထိုးတယ်။ (၃) မှတ်ပုံတင်မယ့် ပါတီတခုဟာ အနည်းဆုံး မဲဆန္ဒနယ်မြေ (၃) ခု ကိုယ်စားပြုပြီး ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ရမယ်လို့  ပြောင်းလဲထားတယ်။ ကြားဖြတ်ရွေးဂေါက်ပွဲမှာ ကိုယ်စားလှယ်နေရာ ၅၀ လစ်လပ်တယ်။ http://www.rfa.org/burmese/news/parliament-10272011235203.html မဇ္ဈိမသတင်းမှာတော့ နေရာသုံးနေရာ သတ်မှတ်ချက်ဟာ ရွေးကောက်ပွဲဝင်လွန် နိုင်ငံရေးပါတီများနဲ့ မသက်ဆိုင်လို့ ရေးထားတယ်။ (၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ပြဋ္ဌာန်းခဲ့သော “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း” ဥပဒေဟောင်းတွင် ပါတီဝင်များသည် ထောင်ဒဏ် ကျခံနေရသူများ မဟုတ်ရဟု ကန့်သတ်ထားချက်ကို ပယ်ဖျက်လိုက်ပြီ ဖြစ်သလို ပါတီတခုသည် ရွေးကောက်ပွဲများတွင် အနည်းဆုံးသုံးနေရာ ဝင်ပြိုင်ရမည်ဟု ကန့်သတ်ထားချက်ကိုလည်း ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာသော ပါတီသစ်များနှင့် သက်ဆိုင်မှုမရှိဟုလည်း ပြင်ဆင်လိုက်သည်။) http://www.mizzimaburmese.com/news/inside-burma/8549-2011-10-27-14-09-58.html သတင်း ဌာနနှစ်ခု နှစ်မျိုးကွဲနေတာတာ့ မမိုက်ဘူး။ မဇ္ဈိမသတင်း မှန်ရင်တော့ ဝမ်းသာစရာပဲ။
အန်အယ်ဒီအနေနဲ့ မှတ်ပုံတင်မတင်၊ ရွေးကောက်ပွဲ ဝင်မဝင် အမေးခံရတဲ့အခါ ဒေါ်စုက ဥပဒေအဖြစ် လွှတ်တော်ထဲကနေ မထွက်လာသ၍ မပြောနိုင်သေးလို့ တောက်လျောက် အရှင်ဖွင့်ထားခဲ့တာပါ။ အခုတော့ ငမိုက်သားလွှတ်တော်မှ ဥပဒေအဖြစ် ထုတ်ပြန်ကြေငြာလိုက်ပါပြီ။ ဘာဆက်ဖြစ်မယ် ထင်သလဲ။ လတ်တလော သတင်းများအရတော့ ရာသီဥတု မကောင်းဘူး၊ နိုင်ငံရေး ရေချိန်မြင့်နေတယ်။ အမေရိကန် အထူးသံတမန် Derek Mitchell ရဲ့ထုတ်ပြန်ချက်တွေမှာ စစ်အစိုးရရဲ့ ပြောင်းလဲမှုကို ကြိုဆိုပေမဲ့ ပိတ်ဆို့မှုများ လုံလောက်မှု မရှိလို့ ဆိုထားတယ်။ အောက်တိုဘာ ၂၄ရက်နေ့ ဝေါစထရိသတင်းစာ တွေ့ဆုံခန်းမှာ ဒေါ်စုက စီးပွားရေး ပိတ်ဆို့မှု မရုပ်သိမ်းသင့်သေးကြောင်း အချက်ပြထားတယ်။
တချိန်ထဲမှာ ဂျပန်နိုင်ငံက ပင်လယ်ရပ်ခြား ဖွံ့ဖြိုးရေးအကူအညီများ ပြန်ပေးဖို့ရှိတယ်လို့ ဆိုနေတယ်။ အိန္ဒိယကလည်း ဒေါ်လာ သန်းငါးရာကျော် ချေးမယ်လို့ ဆိုထားတယ်။ အာဆီယံအသင်း ဥက္ကဌရာထူးအတွက် ဆွေးနွေးဖို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး နေပူတောကို မကြာခင် လာတော့မယ်။ ဥရောပအီးစီအဖွဲထဲမှာ စစ်အစိုးရကို ကူညီလိုသူများ ရှိပေမဲ့ ယခုထက်ပို ဖွင့်ပေးဖို့ မလွယ်ကူပါဘူး။ မြန်မာ့ဒီမိုကရေစီအရေးကို ထဲထဲ ဝင်ဝင် ထောက်ခံတဲ့ အင်္ဂလန်လို နိုင်ငံမျိုးက တောင့်ခံထားရင် အဖွဲ့ဝင်နိုင်ငံအားလုံး သဘောတူမှ ချမှတ်လို့ ရတဲ့ နိုင်ငံခြားရေးရာ ပေါ်လစီအပြောင်းအလဲ မဖြစ်နိုင်ဘူး။ အဲဒီမူကြောင့်ပဲ မြန်မာစစ်အစိုးရကို ပိုပြင်းထန်တဲ့ အီးယူ ပိတ်ဆို့မှုများ မအောင်မမြင် ဖြစ်ခဲ့တာပါ။ ဒီတော့ အီးယူအနေနဲ့ သူ့အစုအလိုက် လှုပ်ရှားခြေရှုပ်ကြ ပါလိမ့်မယ်။ ဒီဗွီဗွီ ယာယီညွှန်ကြားရေးမှုး ဦးဟန်ညောင်ရွှေကို မြန်မာပြည် ပြန်စေသလိုမျိုး၊ အန်ဒီအက်ဖ်ကို ရွေးကောက်ပွဲဝင်ဖို့ ပိုက်ဆံထုတ်ပေးသလိုမျိုး၊ မြန်မာအီးဂရက်စ် ဦးနေဝင်းမောင်တို့လို စစ်အုစုပ်လိုသူများကို ထောက်ပံ့ပေးသလိုမျိုးတော့ ဖြစ်နိုင်ပါတယ်။
စစ်အစိုးရအနေနဲ့ အရင်ကလို လုပ်ချင်တိုင်းလုပ်မရ တုပ်ချည်မိနေတာ ကချင်၊ ရှမ်း၊ ကရင်ပြည်နယ်မှာ ထိုးစစ်ဆင်မှုများ တန့်နေတာ ကြည့်ရင်တွေ့နိုင်တယ်။ အင်္ဂလိပ်အခက် ဗမာ့အချက် ဖြစ်ပါတယ်။ လက်မနှေး ပါနဲ့လို့ ရဲရဲတောက် ကြောင်ကြီး ခြုံကွယ်ကြားမှ အားပေးတယ်။ တရားမဝင် နအဖအမွေခံ ကြံ့ဖွတ်အစိုးရကို ဆက်ဆံတာနဲ့တင် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုခြင်းနဲ့ လဲလှယ်ဖို့ လုံလောက်ပြီ။ (ဒေါ်စုက ပြောထားတယ်၊ ၁၉၉၀ ရလဒ်ကိုင်စွဲနေခြင်းသည် အာဏာလွှဲပြောင်းရေး မဟုတ်ဘဲ အသိအမှတ်ပြုခိုင်းတာပါ၊ စစ်အုစုပ်နေသူများ တံတွေးသီး၊နေမှာစိုးလို့ ပြောပါတယ်)။
ရွေးဂေါက်ပွဲဝင်မှ မှတ်ပုံတင်ရမယ်ဆိုရင်တော့ လုံးဝကန့်ကွက်တယ်။ ၁၉၉၀ခုနှစ် တုန်းကလည်း နိုင်ငံရေးပါတီများ မဝင်မနေရ သုံးနေရာ ဝင်ပြိုင်ခဲ့ရတယ်။ အခြေအနေခြင်းက မတူတော့ဘူး။ ဟိုးအရင်က ရွေးကောက်ပွဲ ရလဒ်မရှိခဲ့သေးဘူး။ ဒီနေ့မှာ ၁၉၉၀ ရွေးကောက်ပွဲရလဒ် အထင် အရှားရှိနေပြီ။ ၁၉၉၀ခုနှစ် အောင်ပွဲအတွက် လူထောင်ပေါင်းများစွားရဲ့ ဘဝတွေ ပေးဆပ်ခဲ့ရ၊ ပေးဆပ်နေရဆဲ ဖြစ်တယ်။ ကြားဖြတ် ရွေးကောက်ပွဲ လစ်လပ်နေရာ နေရာ၅၀ပဲရှိတယ်။ အကုန်နိုင်တောင် ဝါးတီးကုတ်ဝတ်၊ ခေါင်းပေါင်းဆောင်း ခြင်းထက် မပိုနိုင်ဘူး။ ဒါအတွက်နဲ့တော့ နှစ်၂၀ကျော် ထိန်းသိမ်းလာတဲ့ ဒီမိုကရေစီတပ်ဦးနေရာကို လဲမယ် မထင်ပါ။ အန်အယ်ဒီဖက်က လိုတာထက်ပို လိုက်လျောပြီးသွားပြီး ပြင်ရမှာ စစ်တပ်ဖက်က ဖြစ်တယ်။
အန်အယ်ဒီအနေနဲ့ လူထုအခြေပြု အဖွဲ့အစည်းများနဲ့ ပိုမို ပူးပေါင်းဆောင်ရွက်ပါ။ လူထုရဲ့ နစ်နာမှု၊ လိုလားမှုများအတွက် ရင်ဆိုင်ဖြေရှင်းပေးပါ။ လှုပ်ရှားမှုရှိရင် တိုက်ပွဲဆိုတာ ဖြစ်မှာပဲ။ ဒုတိယ ပင်လုံညီလာခံ၊ နိုင်ငံရေး အကျဉ်းသားအားလုံး ချွင်းချက်မဲ့ လွတ်မြောက်ရေး၊ ပြည်တွင်းစစ် ငြိမ်းချမ်းရေး လှုပ်ရှားမှုများနဲ့ ခရီးဆက်သင့်တယ် ထင်ပါတယ်။ ပါတီရံပုံငွေရှာပွဲများ ခြိမ့်ခြိမ့်သဲ လုပ်သင့်တယ်။ ၁၉၉၀ ရွေးကောက်ပွဲ အကြို စည်းရုံးရေးကာလမှာ မြို့နယ်ရုံးများအလိုက် ရံပုံငွေဈေးရောင်းပွဲများကို အမှတ်ရတယ်။ မှတ်ပုံမတင်ရင်တော့ ပြသနာရှိနိုင်လို့ သူပိတ် ကိုယ်ဖွင့်၊ သူနှောက် ကိုယ်ခြောက်နိုင်ဖို့လိုမယ်။ အကောင်းဆုံးကတော့ ပေးလာတဲ့ နိုင်ငံတကာ အနေအထားကို ထိထိရောက်ရောက် အသုံးချပါ။ မိမိက လူကြီးလူကောင်း သိပ်ဆန် နူးညံ့ပြနေရင် တဖက်က ရူးချင်ယောင်ဆောင် အချောင်တီးသွားမယ်။ ဒေါ်စု စကားတခွန်းဟာ သုံးတတ်ရင် ညူကလီယားဗုံး ဖောက်သလို ပြင်းထန်အားကြီးပါတယ်။ ဗုံး…ခွဲ….ပစ်….လိုက်….ပါ။

အခါတော်ပေးကြောင်ကြီး :cool:

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး