ပခုက္ကူ ရဲ.မကြုံစဖူးရေဘေး…………………

ko noOctober 28, 20111min772

မုန်တိုင်းနဲ့အတူ မိုးသည်းသည်းမည်းမည်းရွာပြီး ချောင်းရေကြီးခဲ့တာကြောင့် မကွေးတိုင်းပခုက္ကူမြို့မှာ လူ ၁၀ဝ လောက် ရေထဲမျောပါ ပျောက်ဆုံးခဲ့ပါတယ်။ လောလောဆယ်မှာ သေဆုံးသူ အနည်းဆုံး ၅ ယောက်ကို ရှာဖွေတွေ့ရှိထားပေမဲ့ သေဆုံးသူဦးရေဟာ ဒီထက်ပိုလာနိုင်မယ်လို့လည်း ကူညီရေး ဆောင်ရွက်နေသူတွေက ခန့်မှန်းပါတယ်။ ဒီလို ရေကြီးတာကြောင့် ပခုက္ကူမြို့က ရွှေချောင်း ချောင်းကူးတံတား ကျိုးပျက်ခဲ့သလို ချောင်းတလျှောက်က ရာနဲ့ချီတဲ့နေအိမ်တွေလည်း ရေနဲ့ မျောပါသွားပါတယ်။ လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက ရွာသွန်းခဲ့တဲ့မိုးကြောင့် ညောင်ဦးမြို့နယ်အတွင်းမှာလည်း ရှေးဟောင်းဘုရားနဲ့ အဆောက်အဦးတချို့ ပျက်စီးခဲ့ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဖြတ်သန်း တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းရဲ့အရှိန်ကြောင့် မကွေးတိုင်းနဲ့ မန္တလေးတိုင်းတွေအတွင်းမှာ လေပြင်းတိုက်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့တာတွေ ဖြစ်ခဲ့တာပါ။ မကွေးတိုင်း၊ ပခုက္ကူမြို့မှာတော့ ကြာသပတေးနေ့ မနက်ခင်း ၂ နာရီ လောက်ကစတင်ပြီး ရွှေချောင်း ချောင်းရေကြီးခဲ့လို့ ချောင်းကမ်းနံဘေးက အမှတ် (၃) ရပ်ကွက်က နေအိမ်တွေ ရေထဲ မျောပါခဲ့ပါတယ်။ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူ တစ်ယောက်ကတော့ ချောင်းရေကြီးတာကြောင့် ပျက်စီးဆုံးရှုံးရတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“အခုတော့ ကောက်နေတုန်းပါပဲဗျ။ ပျောက်တာကတော့ လောလောဆယ် ၁၀ဝ ဝန်းကျင်လောက်ရှိမယ်ဗျ။ ကျနော်တို့က အလောင်းကတော့ လောလောဆယ် ၅ လောင်းပဲ တွေ့သေးတာပေါ့ဗျာ။ ဒါပေမဲ့ အသေအပျောက်ကတော့ ဒီထက်တော့ နည်းနည်းတော့ပိုပါတယ်။ ရေထဲမျောသွားတဲ့ ကလေးတွေ ဘာတွေ ရှိသေးတာပေါ့လေ။ ရေဘေးဒုက္ခသည်ဆိုပြီးတော့ စာရင်းပေးတာတော့ ၂,၀၀ဝ ကျော်လောက် ရှိပါပြီ။ အပျက်အစီးကတော့ အိမ်ပါတယ်၊ ဘုန်းကြီးကျောင်းပါတယ်။ ရွှေချောင်းတံတား ကျိုးသွားတယ်။ စာရင်းယူကြတုန်း ရှိသေးတယ်။ ကျနော်တို့လည်း အတိအကျ မသိသေးဘူး။”

ရေဘေးဒုက္ခသည်တွေကိုတော့ မိုးကုတ်ရိပ်သာ၊ တိလောကရာမ ကျောင်းတိုက်နဲ့ မတ္တထောင်ကျောင်းတွေမှာ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားပြီး ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အစားအစာတွေကို အာဏာပိုင်တွေနဲ့ မြို့လူထုက ပူးပေါင်းကူညီထားတယ်လို့ ပြောပါတယ်။

နာရေးကူညီရေးအဖွဲ့က သံဃာတော်တစ်ပါးကတော့ မနေ့က အလောင်း ၄ လောင်းနဲ့ ဒီကနေ့မှာ တစ်လောင်း ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြောင်းပြောပြီး သေသူစာရင်းကိုတော့ အခုထိ အတိအကျမရသေးဘူးလို့ မိန့်ကြားပါတယ်။ ပခုက္ကူမြို့မှာ မနေ့ကညနေပိုင်းအထိ ရေကြီးနေခဲ့ပေမဲ့ ဒီကနေ့မှာတော့ ရေကျသွားပြီ ဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

မန္တလေးတိုင်း ပုဂံ ညောင်ဦး မြို့နယ်ဘက်မှာလည်း ည ၁ဝ နာရီ လောက်ကနေ မနက် ၄ နာရီအထိ မိုးကြီးခဲ့တာကြောင့် သရပါမြို့ရိုး ပြိုကျခဲ့သလို ရှေးဟောင်းဘုရားတချို့လည်း ပြိုကျခဲ့တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

“သရပါမြို့ရိုးပေါ့နော်။ အဲဒီမြို့ရိုးက အရှေ့ဘက်အပေါက်ရဲ့ မြောက်ဘက် ဝါး ၄ ပြန်လောက်အကွာမှာ ပြိုကျသွားတာ။ မိုးရေနဲ့ဆိုတော့ သူဟာသူ ပြိုကျတာပါ။ နောက်တစ်ခုက အဲဒီနားမှာပဲ သရပါ ဟိုတယ်ရဲ့ အပေါက်ဝမှာ ဘုရားအမှတ် – ၁၉၅၅ တဲ့၊ လှိုဏ်ဘုရားလေး။ အထဲမှာ ဆင်းတုတော်တစ်ဆူပေါ့။ အဲဒါတော့ လုံးလုံးကို ပြိုကျသွားတာပဲ။ နောက်တစ်ခုက မြစ်ကြည့်တိုက်ထဲမှာ ဓမ္မာရုံလိုဟာမျိုးကို အပေါ်ကနေ အမိုးပေါ်ကနေ ဘုရားတည်ထားတာလေ၊ အဲဒါပြိုကျတာ။ နောက်တစ်ခုကတော့ အလိုတော်ပြည့်ဘုရားရဲ့ တောင်ဘက်နားလေးမှာ ရွှေစည်းခုံလို ပုံတော်မျိုးပါပဲ။ သူကလည်း ပေ ၂ဝ ပတ်လည်လောက် ရှိမှာပေါ့။ အဲဒါက ပွင့်ထွက်သွားတာပေါ့။”

ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာတော့ ပျက်စီးတာတွေကို ဒေသခံအာဏာပိုင်တွေနဲ့ ဘုရားဂေါပက တွေက ပြုပြင်ဖို့ ပြင်ဆင်နေကြောင်း ဖော်ပြပါတယ်။ မကွေးတိုင်း၊ ဂန့်ဂေါ၊ ထီးလင်းမြို့နယ်တွေမှာတော့ ချောင်းရေကြီးတာကြောင့် တံတားကျိုးပြတ် ပျက်စီးပြီး ရေထဲမျောပါခဲ့သလို တယ်လီဖုန်း ကေဘယ်လ် ကြိုးတွေလည်း ပြတ်တောက် မျောပါကုန်လို့ ဖုန်းလိုင်းတွေ ပြတ်တောက်ကြောင်းလည်း ဖော်ပြထားပါတယ်။

မကွေးတိုင်း ပေါက်မြို့နယ်ဘက်က ကျေးရွာတချို့မှာလည်း ယောချောင်းရေ ကြီးတာကြောင့် နေအိမ်တွေ ရေထဲမျောပါကုန်တယ်လို့ ဒေသခံတစ်ယောက်က အခုလို ပြောပါတယ်။

“ကျနော်တို့ မကွေးတိုင်း၊ ပေါက်မြို့နယ်ပေါ့နော်။ ယောချောင်းရေ ကြီးတာပေါ့။ ချောင်းနားက ရွာက အိမ်ခြေ ၄၅ အိမ်လောက်တော့ ရေထဲမျောပါသွားတာပေါ့။ ပြီးတော့ လူတစ်ယောက် စက်လှေနဲ့အတူ ပါသွားတယ်။ လယ်တွေ ရေလွှမ်းသွားတာပေါ့။ နောက်တစ်ရွာကတော့ သူက ယောချောင်းရေလာတာ မဟုတ်ဘူး။ သူကတော့ ချောင်းချောက်ကနေ ရေလာတယ်။ သူလည်း အိမ်ခြေ ၄ဝ တော့ ပါသွားတယ်။ ချောင်းနားရွာ ကတော့ ချောင်းစပ်က လယ်ကွက်တွေ ရေ တော်တော်လွှမ်းသွားတယ်။ နောက်ပြီးတော့ ဘို့မယ်ရွာက ဘုန်းကြီးကျောင်း ပါသွားတာပေါ့။ ဘုန်းကြီးတစ်ပါးလည်း ရေထဲမှာပဲ ပါသွားတယ်။ ညဘက်ပေါ့။”

လောလောဆယ်မှာတော့ ချောင်းနားရွာက ဒုက္ခသည်တွေဟာ တပ်ကုန်း ရွှေတောင်ဦး ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြပြီး ပေါက်မြို့နယ် အာဏာပိုင်တွေကတော့ လမ်းတံတားတွေ ကျိုးပြတ်နေတာကြောင့် ကူညီ ကယ်ဆယ်ရေး ရောက်လာတာမရှိသေးဘူးလို့ ပြောပါတယ်။

ဒီလ ၁၉ ရက်နေ့ညပိုင်းမှာ ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်က ဒေသအချို့မှာလည်း အပျက်အစီးတချို့ရှိခဲ့သလို ကားလမ်းနဲ့ ရေလမ်းတွေကိုလည်း ယာယီ ပိတ်ပင်ထားခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၂၂ ရက်နေ့က ရခိုင်ပြည်နယ်မှာ တိုက်ခတ်ခဲ့တဲ့ ဂီရိမုန်တိုင်းကြောင့် လူ ၄၅ ယောက် သေဆုံးခဲ့ရသလို လူ ရ သောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ပြီး လူ ၂ သိန်းလောက် ထိခိုက်ခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပခုက္ကူခရိုင်အတွင်း ဖြစ်ပွားခဲ့ သော ရေနစ်မြုပ်မှုများကြောင့် အိုးအိမ် ဆုံးရှုံးခဲ့ရသူများအတွက် မြို့နှင့်သုံးမိုင်ခန့် ကွာဝေးသည့်နေရာတွင် နေရာ သတ်မှတ် ချထားပေးရေးလျာထား ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ၏ ပြောကြားချက်အရ သိရှိရသည်။

ပခုက္ကူခရိုင်းအတွင်း ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ၂ဝရက်နေ့တွင် မိုးရေချိန် ၄ဒသမ၇၆လက်မအထိ ရွာသွန်းခဲ့မှုကြောင့် ရွှေချောင်းတံတား အပါအဝင ်တံတားခြောက်စင်း ပျက်စီးခဲ့ ကြောင်း၊ ရေကြီးမှုကြောင့် ခရိုင်အတွင်း လူ၅၉ဦးသေဆုံးကာ ၄ရဦးပျောက်ဆုံးနေကြောင်း၊ ကျွဲ၊ နွား၊ တိရစ္ဆာန်နှင့် စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ကြောင်းလည်း သိရှိရသည်။

ပခုက္ကူခရိုင်အတွင်း ရေမျော အိမ်ထောင်စု အိမ်ခြေ ၂၀၂၃ အိမ်ရှိ ကြောင်းနှင့် ရေဘေးကြောင့် သေဆုံးသူ ၁၀၆ဦး ရှိကြောင်းလည်း သိရှိရပါသည်။

အလားတူ ရေကြီးမှုကြောင့် ပျက်စီးသွားသော ရွှေချောင်းတံတား အား လတ်တလော အခြေအနေတွင် ယာယီ ဘေလီတံတား တည်ဆောက်ရန် စီစဉ်နေကြောင်းနှင့် အခြားတံတားများကို လတ်တလော အသုံးပြုနိုင် ရန် စီစဉ်နေကြောင်းလည်း သိရှိရပါ သည်။

“ရွှေချောင်းတံတားနဲ့ မနီးမဝေးမှာ ယာယီတံတားထိုးပြီး ကားလေးတွေ၊ ဆိုင်ကယ်တွေ သွားနေကြပါပြီ။ ရွှေချောင်းတံတားရဲ့တောင်ဘက်မှာလည်း တံတားအသစ်ထိုးမယ်လို့ သိရတယ်။ ကားကြီးတွေသွားဖို့ အတွက် ပခုက္ကူမြို့ အမှတ်(၃)ရပ် ကွက်၊ မိုးကုတ်ရိပ်သာ အုတ်တံတိုင်း ရဲ့မြောက်ဘက် ရတနာလမ်းကနေ အရှေ့ဘက်ကိုဖြတ်မယ့် ရွှေချောင်းကို စက်ယန္တရားတွေနဲ့ မြေတွေ ပြင်နေကြပြီ။ အခုလည်းကားကြီး တွေ ဖြတ်သန်း သွားလာနေတာ တွေ့ရတယ်”ဟု ပခုက္ကူမြို့ရှိဒေသခံ တစ်ဦးက ပြောကြားသည်။

အဆိုပါလမ်းသည် မန္တလေး -ရေစကြို-မုံရွာ-ဂန့်ဂေါ သို့ ကုန်စည်စီးဆင်းရာတွင် အဓိကလမ်း ဖြစ်ကြောင်း သိရှိရသည်။

သတင်း အားလုံးစုစည်းဖော်ပြခြင်းဖြစ်ပါသည်။ဓာတ်ပုံများ စာမူတစ်စိတ်တစ်ပိုင်း ကူးယူသုံးစွဲခြင်းအား ခွင်.လှါတ်နားလည်ပေးပါရန်အထူးပန်ကြားပါသည်။

ပခုက္ကူရေဘေး ကြည်.ရန် 1ပခု့က္ကူ တံတား ကျိုး ဗီဒီယို ကြည်.ရန် 2

2 comments

  • mandalarthu

    October 28, 2011 at 9:16 pm

    ကို နိုး ေ၇
    ပခုက္ကူ ရဲ.ရေဘေး အခြေအနေကို သိချင်နေတာ။အခုလို ပြည် ့ပြည့်စုံစုံလေး သိလိုက်ရလို ့ကျေးဇူးပါဘဲနော်။
    တကယ်သိရတော ့လဲ တော်တော်လေးစိတ်မကောင်း ဖြစ်မိပါတယ်။
    အခု ရက်ပိုင်းမှာတော ့မန္တလေးမှာလဲ ရပ်ကွက်အလိုက် ကယ်ဆယ်ရေး အဖွဲ ့လေးတွေဖွဲ ့ပြီး ဘုန်းကြီး တွေကဦးဆောင်လို ့ ငွေကြေး၊ဆန်။အဝတ်အထည်နဲ့ ခေါက်ဆွဲခြောက်ထုပ်တွေ စုဆောင်းအလှူခံကာ အဖွဲ ံ့လိုက်သွားရောက်လှူဒါန်းနေကြပါတယ်။ ဆေး၊စက်မှုစတဲ့တက္ကသိုလ်ကျောင်းသားတွေကလည်း အဖွဲ ့တွေ စုပြီး ပခုက္ကူ ကို သွားရောက်လှူဒါန်းခဲ့ကြပြီး ပါပြီ။သူတို ့တတ်နိုင်တဲ ့အင်အားနဲ ့ပေါ ့။
    နက်ဖြန်ကို ဘုန်းကြီးတွေ က ရေဘေးကယ်ဆယ်ရေး ထောက်ပံ ့နိုင်ဖို ့တရားပွဲ (၃)ည ဟောဖို ့ ရှိတယ်။
    ကုသိုလ်ဖြစ်အင်တိုက်အားတိုက် ကူည ီနေကြတာလေ။
    ဒုကရောက်နေသူတွေကို လူသားချင်းစာနာစိတ်နဲ ့ကူညီနေကြတဲ ရဟန်းသံဃာ၊လူကြီးလူငယ်မရွေး ့ မြန်မာလူမျိုးတွေရဲ ့ မွန်မြတ်တဲ ့စိတ်ဓာတ်ကိုလဲ သာဓုခေါ်မိပါရဲ ့။
    အဲဒီတော ့ ကိုနိုးနေ….
    ဘာမှစိတ်မပူပါနဲ့ ့…….အားလုံးရဲ ့ အင်အားနဲ ့ဝိုင်းဝန်းကူညီကြမှာ ဇြစ်လို ့
    မကြာခင်အားလုံးကောင်းသွားမှာပါလို ့ဘဲ ပြောပါရစေ။

  • Thanlwinoo

    October 28, 2011 at 9:50 pm

    မကွေးတိုင်းဘက်မှာ ရေကြီးတာ နှစ်နှစ်ဆက်တိုက်ရှိပါပြီ..။
    လောလောဆယ် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသလို
    အဓိက ဒါဏ်ခံရတဲ့ တောင်သူလယ်သမားများ ပြန်လည်နလံထူလာရေးအတွက် တာဝန်ရှိသူများမှ ရေရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက်ဖို့လိုအပ်နေပါတယ်..။

Leave a Reply