ဗန္ဓုလတံတား အဆင်း ဒေါပုံသင်္ဘောကျင်း အနီးတွင် သစ်လုံးကားတစ်စီး တိမ်းမှောက်မှု ဖြစ်ပွား

littlekaungMay 21, 20101min2364

၂ဝ ရက်နေ့ နံနက် ၁၁း၂ဝ ဝန်းကျင်တွင် ဗန္ဓုလ တံတားအဆင်း ဒေါပုံသင်္ဘောကျင်းအနီး လမ်းဆုံတစ်နေရာတွင်  သစ်လုံးကြီးများ သယ်လာသော ယာဉ်တစ်စီး တိမ်းမှောက်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သစ်လုံးကားကြီး တိမ်းမှောက်မှုကြောင့် လမ်းကူးရန် စောင့်နေသူ မိသားစုလေးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး လမ်းကူးခဲ့သူ အသက် ၁၂ နှစ်ဝန်းကျင်ရှိ ကလေးငယ်တစ်ဦး အဆိုပါ သစ် လုံးကားကြီးနှင့် ပိ၍ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် သစ်လုံးကားကြီး ဘေးတွင် မောင်းနှင်လာသော ပါရမီတက္ကစီပေါ်တွင် ပါရှိသည့်ခရီးသည် အမျိုးသားတစ်ဦး အမျိုးသမီး တစ်ဦး အဆိုပါ ဖြစ်စဉ်နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

”ကျွန်တော်က စဖြစ်တဲ့အချိန်   တုန်းက ဖြစ်တဲ့နေရာရဲ့ ဝန်းကျင် နေရာတစ်နေရာရဲ့ ကွမ်းယာဆိုင် မှာရှိနေခဲ့တယ်။ နံနက် ၁၁း၂ဝ လောက်မှာ ဒုန်းဒုန်းလို့ အသံကြားတော့ လှည့်ကြည့်လိုက်တဲ့အခါ မှာ အဲ့ဒီသစ်လုံးအကြီးတွေ တင်လာတဲ့ ကားကြီးက အလယ်ဖောင်ကျွန်းကို ကျော်ဖြတ်ပြီး ဘေးတစ်ဖက်က တက်လာတဲ့ ပါရမီ ကားတစ်စီးရယ်၊ စီးတီးတက္ကစီ တစ်စီးကို သစ်လုံးတွေက ကျိုးပြတ်ပြီး ပိသွားတာ တွေ့ရတယ်။ မပိခင်ချိန်မှာ လမ်းဖြတ်ကူးတဲ့ အမျိုးသမီးသုံးဦး၊ အမျိုးသားကြီးတစ်ဦး ကလေးငယ်တစ်ဦး ကားနဲ့ ပိသွားတယ်။ အဲ့ဒီအခါမှာ ကျွန်တော်တို့က နီးစပ်ရာရှိတဲ့လူတွေ က ကားထဲက ဆွဲထုတ်တဲ့အခါ မှာ အမျိုးသမီးကြီးတစ်ဦး၊ အမျိုးသားကြီးတစ်ဦးနှင့် ကလေးငယ် တစ်ဦးကို ဆွဲထုတ်ပြီး နီးစပ်ရာ ကားတစ်စီးနဲ့ ဆေးရုံကြီးကိုပို့ခဲ့တယ်။ ဒါပေမယ့် ကလေးငယ် တစ်ဦးက လုံးဝဆွဲထုတ်လို့မရဘူး သစ်လုံးကားနဲ့ ပိနေခဲ့ပါတယ်”ဟု အဆိုပါဖြစ်စဉ် ရပ်ကွက်အနီးတွင် နေထိုင်ပြီး မျက်မြင်တွေ့ခဲ့ရသူ ကိုကျော်မင်းအောင်က ရှင်းပြခဲ့သည်။

ယင်းဖြစ်စဉ်တွင် အပြင်းအထန် ဒဏ်ရာရရှိခဲ့သူ မိသားစုလေးဦးမှ ဖခင်ဖြစ်သူ ဦးစိုးမြင့်က ”ကျွန် တော်တို့ မိသားစု လေးဦးက တောင်ဥက္ကလာပ မြို့နယ်မှာနေတာပါ။ ဒေါပုံမှာနေတဲ့ သမီးဆီ လာတဲ့အခါမှာ လမ်းဖြတ်ကူးဖို့ စောင့်နေတဲ့အချိန်မှာ ဘယ်လိုဖြစ်လို့ ဖြစ်သွားမှန်းမသိဘူး။ ကျွန်တော်တို့ကို သစ်လုံးကားကြီးက ပိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် က ကံကောင်းလို့ ကားရဲ့ အစပ် နားကပဲ ပိခဲ့တာပါ။  ပတ်ဝန်းကျင် က လူတွေ ဝိုင်းကယ်ပြီး ဆေးရုံကို သိပ်မကြာခင်မှာ ရောက်ခဲ့တယ်။  ဒါပေမယ့် ကျွန်တော့်ဇနီးဖြစ်တဲ့ ဒေါ်လှကြည်က ဒဏ်ရာတွေ ကြောင့် စကားတောင် မပြောနိုင်ဘူး။ ဒါ့အပြင် ကျွန်တော့်ရဲ့ အသက် ၁၃ နှစ် အရွယ်သာရှိတဲ့ ပန်းအိဖြူကလည်း မွန်းလွဲ တစ်နာရီခွဲ အချိန်လောက်မှာ သွေးတွေအန်ပါတယ်။ ဆရာဝန်ကတော့ သူ့ကို ခွဲစိတ်ခန်းဝင်ရမယ်လို့ ပြောတယ်။ ခြေထောက်တစ်ဖက်လည်း ပြုတ်သွားတယ်လို့ ပြောတယ်၊ အတွင်းဒဏ်ရာလည်း ကြီးကြီးမားမားရခဲ့တယ်”ဟု ပြော ကြားခဲ့သည်။

ရန်ကုန်ပြည်သူ့ ဆေးရုံကြီးရှိ အရေးပေါ်နှင့် ထိခိုက်ဒဏ်ရာခွဲစိတ် ဌာနမှ တာဝန်ရှိသူ ဆရာဝန်တစ် ဦးကလည်း ”ဒဏ်ရာရရှိခဲ့တဲ့ လေးယောက်ထဲက ပန်းအိဖြူက ဒဏ်ရာတော်တော်လေး ပြင်းခဲ့တယ်။ သူ့ကို ခွဲစိတ်မှုတွေပြုလုပ်မယ်။ ဒေါ်လှကြည်ကိုတော့ ဓာတ်မှန်နဲ့ အဖြေတွေကို စောင့်ကြည့်မယ်။ ကျန်တဲ့ ဦးစိုးမြင့်နဲ့ မဝင်းသီရိကို တော့ ဒဏ်ရာအခြေအနေပေါ်မူ တည်ပြီး ပြန်လွှတ်သင့်ရင် ပြန်လွှတ်ပါမယ်”ဟုပြောကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ပွဲချင်းပြီး အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ဒဏ်ရာသူ လေးဦးရှိခဲ့ကြောင်း သိရှိရသည်။

ref;eleven news

4 comments

  • intro

    May 21, 2010 at 11:30 am

    ကြားရတာ စိတ်မကောင်းစရာဗျာ… ဒါကြောင့် အသွားမတော် တစ်လှမ်းဆိုတာလားမသိဘူး… သူ့ကံပါလာလို့ ဖြစ်ရတာလေ… ဝမ်းနည်းစရာပါ…

  • etone

    May 21, 2010 at 11:50 am

    အဲ့ဒါီကားတွေက သစ်လုံးသာသယ်တယ် လုံးဝစည်းကမ်းမရှိဘူး ။ မောင်းတာလည်း အချိုးမပြေဘူး မူးရူးနေတာ ။

  • khinmintatthu

    May 21, 2010 at 8:19 pm

    လတ်တလောဖြစ်ပျက်နေတာကတော့ ကြောက်စရာကောင်းတယ်နော်….ဘာတွေဖြစ်နေမှန်းကို မသိတာ…. ကိုယ့်ကိုယ်ကို သတိ၊ ဝရိယနဲ့သာ နေကြပေါ့

  • shwenyarmaung

    June 1, 2010 at 12:18 pm

    သစ်လုံးတင်တဲ.ကားတွေက သစ်လုံးတွေကိုဖြစ်သလိုတင်နေကြတာ

    သူတို.တွေပေါ.ဆလို.ဘေးလူတွေ ထိခိုက်ဒဏ်ရာရတာ အသက်ဆုံးရှုံးတာတွေ

    မကြာခဏကြားဘူးတယ် သက်ဆိုင်ရာကလဲ ကြပ်ကြပ်မတ်မတ်မရှီဘူးထင်ပါရဲ.

Leave a Reply