ကျွန်ုပ်တို့၏ ချစ်လှစွာသော အထူးဘတ်စ်

comegyiOctober 29, 20111min13912

တစ်နေသ၌ ကျွန်ုပ်သည် အလျင်စလို  ပြုမူဆောင်ရွက်ဖွယ် ကိစ္စတစ်ခကြောင့် နေရာဌာနတစ်ခုသို့ အလျင်အမြန် သွားရောက်လိုသဖြင့် ထိုးဆိုက်လာသော မော်တော်ဘတ်စ် တစ်စီးပေါ်သို့ ဒရောသောပါး တက်လိုက်မိချေသည် တမုံ ……….။

 

ကျွန်ုပ်စီးလို်က်မိချေသော မော်တော်ယာဉ်တော်ကြီး၏ အနွတ္တသညာ လိုင်းအမည်မှာ အထူးယာဉ်တော်ကြီးဟူ၍  ဖြစ်ချေတော်မူပြီးသကာလ ယာဉ်တော်ကြီး၏ အတွင်းပိုင်း နံရံများမှာ ပုံသေ (၂၀၀) ကျပ်မတ်တပ်ရပ် ခရီးသည်မတင်ပါ၊ ကျေနပ်မှုမရှိပါက တိုင်ကြားရန်ဖုန်း (၀၀၀၀၀၀)  ဟူသောစာတမ်းများကို နေရာအနှံ့အပြား၌ ကမ္ဗည်းမှတ်ကျောက်တင်ထားပါပေသည်။

ကျွန်ုပ်သည် မော်တော်ဘတ်စ်ပေါ်သို့ ခြေနှစ်လှမ်းမျှတက်ရောက်ရန် အားထုတ်မိစဉ်မှာပင် ကျွန်ုပ်၏လက်မောင်းအစုံမှာ ပြုတ်တူနှင့်ညှပ်ကာ ဆွဲမြှောက်ခံရသကဲ့သို့ စွဲကနဲ မြောက်ပါသွားကာ ယာဉ်အတွင်းသို့ မူးတူးမန်းတန်း ဖြင့် ရောက်ရှိသွားလေသည်။ ထိုစဉ်မှာပင် ယာဉ်၏ ပြောရေးဆိုခွင့်ရတော်မူသော ကျေးဇူးတော်ရှင် လက်မှတ် ရောင်း ပုဂ္ဂိုလ်မြတ်ကြီးသည် လက်အစုံကို ဘယ်ညာဆန့်တန်း၍ သင်သည် သည်ဘက်အရပ်သို့ သွားလော့ ၊ သင်သည်ကား ဟိုဘက်အရပ်တွင်သာနေဟု ၎င်း၏ ကြိုဆိုနေရာချထားမှုကို ကျိုးနွံစွာလိုက်နာရလေ၏။

ကျွန်ုပ်သည် မော်တော်ဘတ်စ်၏ အကြေအရပ်သို့ နေရာချထားခြင်း ခံရပြီးနောက် စတီးတိုင်တစ်လုံးကိုအမှီသဟဲပြုလျက် သည်ဌာနေကား ငါ၏ဗိမာန်ဖြစ်လေအံ့ဟု နှလုံးသွင်းကာ ထိုနေရာ၌ပင်  သတိစွဲခြင်းအမှုကို ပြုလေ၏။

ကျွန်ုပ်သည် မိမိရောက်ရှိနေသော ဌာနေမှနေ၍ ရွှေယာဉ်တော်၏ အတွင်းပိုင်းကို ရှုမြင်ကြည့်ချေရာ ကျွန်ုပ်ကြားဖူးသော အထူးယာဉ်တော်ကြီးတစ်စီးတွင် သတ်မှတ် ထားသော ခရီးသည်တင်ထိုင်ခုံ အရေအတွက်မှာ သုံးကျိပ်နှင့် ဆယ်ခုံမတ်တင်းခန့် ရှိရမည်ဟူသော အကြောင်းကို သတိရချေရာ အမှတ်မထင်ရေတွက်မိချေသည်။ သို့ရာတွင် ကျွန်ုပ်ရေတွက်ရန်ပင် မစွမ်းနိုင်လောက်အောင် စီကာစဉ်ကာ နှင့် ကျပ်ကျပ်မတ်မတ်၊ သတ်သတ်မှတ်မှတ်ရှိလှသော ထိုင်ခုံများကို ပျားဘုရင်မအုံကဲ့သို့ မြင် မိချေတော့သဖြင့် ကျွန်ုပ်၏ ခေါင်းသာ ချာချာလည်သွားရပေ၏။

အနှီဖြင့်လည်း မပြီးသေးချေ။ မတ်တပ်ရပ်ခရီးသည် မတင်ပါဟူသော စည်းကမ်းကျင့်ဝတ် စာတမ်းမဟာ၏အောက်တွင် တစ်ဦး၏တင်ပါးနှင့် တစ်ဦးပွတ်တိုက်ကာ ကြီးစွာသော ဒုက္ခရစရိယာအကျင့်ကို ငွေနှစ်ရာပေး၍ ကျင့်ကြကုန်သော သပ္ပူရိသအပေါင်းသူတော်ကောင်း ပျိုအိုကျားမအပေါင်းတို့ ကို ဂရုဏာသက်ဖွယ် တွေ့မြင်ရချေရာ လောကငရဲဟူသည်ကား သည် အခြင်းအရာမျိုးကို ဆိုလေသလောဟု သံဝေဂပွားမိရပြန်ချေ၏။

ကျွန်ုပ်တို့၏  မဟာအထူးစီးတော်ယာဉ်ကြီးသည် မှတ်တိုင်တစ်တိုင်လျှင် ပုတီးတစ်လုံးချသကဲ့သို့ လူသတ္တဝါအပေါင်းတို့အားတင်ချည်ချချည်ပြုလုပ်လျက် ခရီးဆက်နေလေသည်။

ထိုစဉ် မော်တော်ဘတ်စ်၏ အလယ်တွင် ယက်ကန်ယက်ကန်ဖြစ်နေရှာသော ဂုဏ်သရေရှိအမျိုးသမီးကြီးတစ်ဦး၏အမှုကိုစီရင်ရန် အလို့ငှါ ကျေးဇူးတော်ရှင် စီစဉ်ညွန်ကြားရေးမှူး ၊ ပြည်လည်နေရာချထားရေးနှင့် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်မြတ်ကြီးသည် ယာဉ်၏ရှေ့ခန်းမှ အလျှင်အမြန်ကူးသန်းလာလျက်ရှိကာ ပါးစပ်မှလည်း စီမံခန့်ခွဲခြင်းအမိန့်ကို တလက်စတည်း ပြုလာချေသည်။

ဟာ ခပ်ဝဝ ဂျီးတော် ခင်ဗျား ကိုယ်ကြီးနဲ့ အဲလိုပိတ်နေလို့ ဘယ်ဖြစ်မလဲ၊ အခြားလူတွေဝင်လို့ရအောင်  နောက်ကိုလျှောက်လေဗျာ

ဟဲ့ ထိုင်ခုံနဲ့ဆိုလို့ နှစ်ရာပေးစီးရတဲ့ကားကို မတ်တပ်ရပ် စီးခိုင်းတာတောင် လွန်နေပြီ …ဟိုတိုးခိုင်း ဒီတိုးခိုင်းနဲ့ ကဲ နောက်ကိုတိုးမယ်ပဲ ထား…ဒီလောက်ကျပ်ညပ်နေတာ ငါက ဘယ်နေရာကို သွားတိုးရမှာတုန်း

ခင်ဗျားတို့ ပြောလိုက်ရင် ဒါကြီးပဲ မတ်တပ်ရပ် မတင်တဲ့ကား ဘယ်မှာရှိလို့လဲ ။ ရှိရင်ပြစမ်းပါ။ အတိုးမခံချင်တက္ကစီစီးသွား

အံမယ် အံမယ် မိုက်ရိုင်းလို်က်တာ

ဟေ့ကောင် ပိုက်ဆံနှစ်ရာပြန်အမ်းလိုက်ကွာ အာရုံနောက်လို့ခေါင်းစားမခံနဲ့ နောက်ကားပြောင်းစီးခိုင်းလိုက်

အပေါ်မှ ကျေးဇူးတော်ရှင်ကိုယ်တော်မြတ်ကြီးနှင့် ဂုဏ်သရေရှိအမျိုးသမီးတို့အမှုကိစ္စကို မော်တော်ယာဉ်ပေါ်မှ ခရီးသွားများအာရုံစိုက်နေစဉ် တံခါးဝမှ ပါဆင်ဂျာဆွဲတင် တွန်းချရေး တာဝန်ခံက လှမ်းပြောလိုက်သည်ကို ကျောချမ်းဖွယ်ကြားလိုက်ရပြန်၏။

အေး နင်တို့ ငါ့ကို ပိုက်ဆံနှစ်ရာနဲ့တန်ဖိုးဖြတ်စော်ကားတယ်၊ ငွေပြန်အမ်းပြီးအောက်ကိုဆင်းခိုင်းတယ် နင်တို့ကိုလည်း ငါ ဒီကားပေါ်က ဆင်းရအောင်လုပ်မယ်

လုပ်ပါ ..လုပ်ပါ ကြိုက်တဲ့နေရာသွားတိုင်ဆရာရေ့ ရှေ့မှတ်တိုင်ပါတယ်

မိန်းမကြီးသည် မျက်နှာကြီးနီမြန်းလျက်  ရင်ဘတ်ကိုလက်ဝါးဖြင့်ဖိကာ ကျွန်ုပ်ပါးစပ်ဖြင့်ပြန်မပြောနိုင်သော ဘာသာစကားမြောက်များစွာကို စက်သေနတ်ကျည်ကပ်ကိုအတွဲလိုက်ဆွဲသလို ပြောကာဆင်းသွား၏။

ယာဉ်တော်ကြီးအပေါ်မှ ခရီးသွားမိဘပြည်သူအများမှာကား ထိုအဖြစ်အပျက်ကိုကြည့်ကာ တိတ်ဆိတ် ငြိမ်သက်လျက်ရှိကြလေသည်။ အဘယ်သူ တစ်ဦးတစ်ယောက်ကများ သည့်နှယ် နှုတ်စွာပြီး အတွဲအဖက်မိလှသော စပါယ်ယာ ဆရာကြီးများကို နှုတ်တုံ့ပြန်ဝံ့အံ့နည်း အဆွေရယ်……။

 

အချိန်အခက်အခဲကြောင့် ပြီးအောင်မရေးနိုင်ခဲ့ပါ။ ဆက်လက်ပြီးရေးပါ့မယ် ခင်ဗျား။

ယာဉ်ကျေးလိမ်မာသော စပါယ်ယာများစွာရှိပါသည် ။ ကားပေါ်မှ ကြုံခဲ့ဖူးသည်ကို ရေးကြည့်ခြင်းသာဖြစ်၍ မည်သူ့ကိုမျှ ထိခိုက်အောင်မရည်ရွယ်လိုပါခင်ဗျား……….။

 

12 comments

  • windtalker

    October 29, 2011 at 6:56 pm

    မိတ်ဆွေကြီး က အိုက်ခမန်း ရဲ ့ငရဲခန်း ကို ခေတ္တခဏ ၂၀ဝပေး လေ့လာခဲ့တာပေါ့လေ

  • koyinmaung

    October 30, 2011 at 4:14 am

    အခုလို မဟာအထူးစီးတော်ယာဉ်ကြီး ပေါ်က
    မဟာအတွေ့အကြုံများကို ထင်းကလဲ လင်းကလဲ
    မြင်အောင် ရေးသားပေးတော်မူသော super comeyi
    အား ကျေးဇူးဥပကာရတင်ရှိလိုက်ပါတယ်…
    ဆက်လက်အားပေးတော်မူးနေပါကြောင်းလဲ
    ရေးသားလိုက်ပါတယ်…

  • သို့ကလိုနှင့်ပင် အဆွေတော်၏ ချစ်လှစွာသော အထူးယာဉ်တော်ကြီးအတွင်းမှ နေ့တဒူဝ ဖြစ်စဉ်အပေါင်းများစွာမှ အကြောင်းအရာတစ်ခုကို စက္ခုအာရုံတွင်း မာရဇိန်လက်နက်နှင့်ခွင်းလိုက်သကဲ့သို့ လင်းကနဲ၊ လက်ကနဲနေနိုင်အောင် ရေးသားသမှုပြုနိုင်သော ကလောင်စွမ်းကိုမူကား လွန်စွာမှပင်နှစ်ထောင်းအားရခြင်း ဖြစ်တော့သည်… နန်းမူနန်းဟန် နန်းသွေးဆန်သော စကားလုံးများဖြင့် စာရှုသူတို့အား ဖတ်ရှုရာတွင် စွဲဆောင်ခြင်းအမှု ပြုနိုင်လွန်းလှပေတော့သည်.. သို့ပါသော်ငြား စီးတော်ယာဉ်သာကြီးအတွင်းမှ စီမံနေရာချထားသူများနှင့် ပျက်သိကာမျှပင် ရန်လိုခြင်းအမှုမပြုလေနှင့်.. ကိုယ့်အာဟာရ ကိုယ်ကိုယ်တိုင်ဖြည့်တင်းနေရသည့် အတ္တဘောကိုယ်ကြီးမှာ အလိုလိုနေရင်း ကျေးတော်ရင်း ကျွန်တော်ရင်းပမာ မြည်တွန်တောက်တီးခြင်း ပြုကြပေတော့မည်.. အဆွေတော်သိစေလိုသည်မှာ ၎င်းတို့မှတစ်ပါး အသင့်တွင် ရွေးချယ်စရာ မရှိလေကုန်.. ခန္တီစ.. သည်းခံခြင်းသည်သာ မြတ်သောမင်္ဂလာတစ်ပါးဖြစ်တော်မူသည့်အတွက် သပ္ပူရိသအပေါင်းသူတော်ကောင်းတို့ မြတ်သော အကျင့်ကိုသာ ကျင့်ကြပါစေလိုကြောင်း……………

  • “ဘီလူးကြီး”ogre

    October 30, 2011 at 9:09 am

    အကွင်းအကွင်း မုန့်တီဟင်းကဲ့သို့
    ကွက်ကွက်ကွင်းကွင်းမြင်အောင်ရေးနိုင်ပါပေတယ်
    စောင့်ဖတ်နေပါတယ်ဗျား။။

  • Foreign Resident

    October 30, 2011 at 9:26 am

    ဖြေရှင်းနည်းက လွယ်လွယ်လေးပါ ။
    ဘတ်စ် ကားကို ထိုင်ပြီး စီးချင်ရင် ကားခကို
    ပုံသေ (၂၀၀) ကျပ် အစား ပုံသေ (၁၀၀၀) ကျပ် ကိုပြောင်းလိုက်ပေါ့ ။
    ဒါလေးများ ။

  • Shwe Tike Soe

    October 30, 2011 at 11:04 am

    ကျွန်တော်တို.ကတော့ အရင်တုန်းက အမေကို အရပ်ပုအောင်ဘာလို.မွေးတာလဲလို. စိတ်တိုမိတယ် အခုမှ အမေ့ကျေးဇူး ကို သိတော့တယ် ဟဲဟဲ ဘာလို.လဲ ဆိုတော့ အထူးကားစီးလို. ထိုင်ခုံရရင်တောင် ထိုင်ခုံကို လူများများတင်လို.ရအောင် တစ်ခုံနဲ.တစ်ခုံ ကပ်နေတာပဲ အရပ်ရှည်တဲ့ သူများ ကုသိုလ်ကံမကောင်းပုံများ ထိုင်ခုံရတာတောင် ဒူးကို မရမက ကွေးထိုင်ရတဲ့ ဒုက္ခက ရှိသေး ကျွန်တော်တို.များကျတော့ အံဝင်ဂွင်ကျပဲ ဟဲဟဲဟဲ အော ်အဲဒါကြောင့် ငါ့အမေ အရပ်ကို ခေတ်နဲ.ညီအောင်မွေးလိုက်တာပါလားဆိုပြီး ကျေးဇူးတင် ရတာပေါ့ဗျာ.. အမျှော်အမြင်ကြီးလိုက်တဲ့ ကျွန်တော့်အမေပါ….

  • manawphyulay

    October 30, 2011 at 11:18 am

    ခုမှ ၂၀ဝ တန်ကားကို စီးမိတယ်ထင်တယ်။ မနောတို့ကတော့ ဒီဒုက္ခတွေကို မကြည့်အားတော့ဘူး အလုပ်အချိန်မီဖို့အရေး ပြေးတက်ပြီး ခြေနင်းခုံက လိုက်ရတဲ့ရက်ပေါင်းမနည်းတော့ပါဘူးလေ။ တစ်ခါ စပယ်ယာနဲ့ စကားများလို့ အဒေါ်ကြီးလို ၂၀ဝ ပြန်ပေးမယ် နောက်ကားပြောင်းစီးလို့ ပြောလို့ ပိတ်ပြောလိုက်တာ စပယ်ယာငြိမ်သွားတယ်။ သူတို့မျက်နှာကြည့်စီးနေရတဲ့ဘဝတွေဆိုတော့လည်း တစ်ခါတလေ ပြောသေးတယ် ကြပ်နေရင် ကားငှားစီးတို့ ကားဝယ်စီးတို့ဆိုတာ လာသေးတယ်။

  • comegyi

    October 30, 2011 at 2:55 pm

    ရဲဘော်ရေ့ အိုက်ခမ်းရဲ့ ငရဲခန်းဆိုပေမဲ့လည်း ကျွန်တော်တို့ရဲ့မှီခိုရာက သူတို့ပါပဲဗျာ……..
    ကိုရင်မောင်ရေ့ မဟာစီးတော်ယာဉ်ရဲ့ ဇာတ်တွေကတော့ နေ့စဉ်နဲ့အမျှ ကြုံဆုံနေရဦးမှာပါပဲဗျာ…….
    ရှုံးနိမ့်မှုများနဲ့ . . လူ အဆွေတော်ခင်ဗျား …..အဆွေတော်၏ အကြံပြုခြင်းအား ကျွန်ုပ်ဝမ်းပန်းတသာလက်ခံပါ၏။ ကျွန်ုပ်တို့၏ နိစ္စဒူဝမှာ အကြင်သူကျေဇူးတော်ရှင်ကြီးများအား ပျက်သိကာမျှ ရန်စောင်ခြင်းမပြုဝံ့ပါ။ ကျွန်ုပ်တို့လို မျက်နှာမွဲများအဖို့ အနှီသူတို့ကိုသာ အားထားနေရကြောင်းပါ…..။
    ကိုဘီလူးကြီးခင်ဗျား …..ကျေးဇူးတင်ကြောင်းပါ…..။
    ဖောရိန်း ရီဆီးဒင့်ခင်ဗျား……မိတ်ဆွေ၏ အကြံပြုချက်ကို ကျွန်ုပ် ကျောချမ်းမိပါ၏…..
    ကိုရွှေတိုက်စိုးခင်ဗျား မိတ်ဆွေ၏ မယ်တော်မှာ အမြော်အမြင်ကြီးလှသည်အတွက် လေးစားမိပါကြောင်း….
    မမနောဖြူလေး ခင်ဗျား ….နေ့စဉ်နဲ့ကြုံနေရတဲ့ ကျွန်တော်တို့ရဲ့ဖြစ်စဉ်တွေပေါ့ဗျာ…..
    အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား……….

  • thit min

    October 31, 2011 at 10:01 am

    အမှန်အမှားကိုခနထားပါအုန်းဗျာ။
    ပြောတဲ့လေသံတွေက မာမှမာ ဘဲနော်။
    ရန်သူတွေမဟုတ်ဘူးလေ။
    သေသေချာချာစဉ်းစားရင်ထမင်းရှင်တွေလို့တောင်ပြောရမှာမဟုတ်လား။
    မြန်မာလူမျိုးဆိုတာ “ရိုင်း” နေပြီလားလို့ တွေးမိရင် စိတ်မကောင်းဘူးဗျာ။

  • etone

    October 31, 2011 at 1:48 pm

    ကို comegyi ရဲ့ အရေးသား ပြောင်မြောက်လွန်းလို့ … ကိုယ်တိုင် ကားပေါ် ပါသွားသလို ကွက်ကွက်ကွင်းကွင်း မြင်ယောင်လာရပါတယ် … ။ ဟုတ်ပါတယ် … ကားတွေ စည်းကမ်းမရှိသလို ဂါရဝလည်း မရှိပါဘူး … ။ ဘယ်သူတွေမှာ တာဝန်ရှိပြီး ၊ ဘယ်လို ထိန်းသိမ်းမှု အားနည်းနေသလဲ …လူကြီးတွေ ပြန်စမ်းစစ်သင့်ပြီ …. ။
    ဆွဲတင် … တွန်းချ … လုပ်ချင်သလိုလုပ်တဲ့အပြင် တစ်ခါတစ်လေ … ကားရပ်ထားလျှင် တမေ့တမောပဲ … ။ နောင်ဘဝဆိုတာများရှိခဲ့လျှင် ငါးပိဖြစ်မယ့်ကောင်တွေ :mrgreen:

  • pan pan

    October 31, 2011 at 2:06 pm

    ကျွန်မကတော့ အထူးကားကိုကျပ်ရင်၊ ရပ်ရရင်မစီးဘူး
    မတတ်သာမှစီးတယ်
    ဟုတ်တယ်လေ ၂၀ဝကြီးများတောင်ပေးစီးရတာ
    ထိုင်ချင်တာပေ့ါ
    ပြီးတော့ သူ့အထူးကားကမတ်တပ်ရပ်စရာနေရာလည်း ရှိတာမဟုတ်ဘူး
    တစ်ယောက်မတ်တပ်ရပ်ရင် နောက်တစ်ယောက်သွားလို့မရတော့တဲ့ လျှောက်လမ်း
    ၃ယောက်ခုံကလည်း ကိုယ်တွေလိုစလင်းဘော်ဒီမှ ၃ယောက်ဆန့်တယ်
    ဒါ့ကြောင့် မတ်တပ်ရပ်ရမယ်ဆို အနီး၅၀၊ အဝေး၁၀ဝကားကမှ ဈေးရောလူရောသက်သာတယ်

  • စုံ စုံ

    October 31, 2011 at 2:20 pm

    ဘတ်စ်ကားစီးရတာကတော့အများအားဖြင့်စိတ်ပျက်ဖို့ကောင်းပါတယ်
    အထူးကားတွေက ကျပ်တာအပြင်စပယ်ယာတွေကပါရိုင်းတော့တော်တော်ကိုသည်းခံပြီးစီးရတယ်
    သည်းမခံနိုင်လဲစီးစရာမရှိဘူးလေ နေ့စဉ်နေ့တိုင်းဆိုတော့လဲတက်စီမစီးနိုင်ဘူး
    ဟိုနေ့ကစပယ်ယာဆိုတော်တော်ပါးစပ်ရိုင်းတယ်
    အားနေရင်းကို ပါးစပ်ကခွေးသား ခွေးသားနဲ့ထည့်ထည့်ပြောနေတာ
    ကြားရတာနားဝမှာမချမ်းသာဘူး

Leave a Reply