သောနုတ္တိုရ်လို လူစား

koyinOctober 29, 20114min886
သောနုတ္တိုရ်လို လူစား

ခါချဉ်ကောင်ရယ် အင်ကြင်းခက်မှာလ
ခိုဝင်ကာ တမင်ရက်စက်ပါလို့
သုဘဒ္ဒါက ငြှိုးမာန်ဖွဲ့တယ်…
ဆဒ္ဒန်ငယ် အစွယ်ပြတ်ရှာပေ့ါ
သခင်မကို ချော့ဖို့ဆို
သောနုတ္ထိုရ် သူလိုယောကျင်္ား
စေလိုရာသွား ထားရာမှာနေ
သခင်မ အလိုကျစေဖို့
မျက်နှာလိုရ ဆက်သမယ်လေ…
ဆုလာဒ်တွေ ရစေကြောင်း
နားထောင်းကွပ်နဲ့ အမယ်အို
လှသကို ဆိုဆိုသလောက်
အမောင်လျှောက်ပါတဲ့ မုသား
သူ့နားဝမှာ ချိုလှတယ်…
(အားနာပါတယ် ထိပ်ထား)
တုပပြိုင်လို့ လှနိုင်သူ ရှားပေလိမ့်
ပီတိတွေနှင့် ဖြေသိမ့်ပါလေ…
သုဘဒ္ဒါရယ်လေ ဘဝင်စိတ်ကယ်မှ
မရွှင်စိတ်က လာခိုဝင်
ချစ်ဖူးသမျှကို ဇာတ်ကြောင်းငင်တော့
ပြန်ပြောင်းမြင် ရင်ကွဲရှာ
သောနုတ္တိုရ် လူညိုရိုင်းကြောင့်သာရယ်
နတ်ရွာလမ်းကို မြန်း…။
မသွေတမ်း
ဖေကမ်းလို့ ဆက်ခဲ့တယ်
သေလမ်းက တမင်ပြန်လာ
သခင်မကို သတ်ပါလို့ရယ်
အစွယ်ကို လိုတယ်ဆို အသက်ကိုရင်း
ဆဒ္ဒန်နှင့် စစ်ခင်းပါတယ်
ဆင်မင်းရယ် ပရိယာယ်ကြွယ်လှ
သူ့ဝိညာဉ် သူ့အစွယ်မှာ ကိန်းဝပ်မှသာ
ထိပ်ထားလေးက ပျော်ရှာမယ်
ခုတော့ကွယ် ဒီဇာတ်လမ်း
တစ်ခန်းရပ်တဲ့ မှတ်တမ်းမှာ
သောနုတ္တိုရ်သာ လူကြမ်းပါလို့
(ကွယ်…)
ရင်နာလိုက်တဲ့ ဇာတ်ဝင်ခန်း…။ ။

တောက ကိုရင်
၂၉.၁၀.၂၀၁၁

6 comments

  • nature

    October 29, 2011 at 5:15 pm

    ကိုရင်ရေ-ကျနော့်အမြင်ကတော့ ခိုင်းတဲ့သူနဲ့လုပ်တဲ့သူမှာခိုင်းတဲ့သူမရှိရင် လုပ်တဲ့သူဆိုတာမရှိနိုင်ပါဘူး။ ခိုင်းတဲ့သူရှိပြီး လုပ်တဲ့သူက မလုပ်ရင်လည်း မဖြစ်နိုင်ပါဘူး။ ဒီဇာတ်လမ်းမှာ အချစ်ကြီးလို့အမျက်ကြီးတဲ့ သဘောကို ဦးစားပေးထားပြီး စပြီးမီးမွှေးတဲ့သူကတော့ မိဘုရားကြီးပေါ့။ဇာတ်ပို့ကတော့ဘုရင်ကြီးပေါ့။ အကောင်အထည်ဖော်ဆောင်ရွက်သူကတော့ မုဆိုးပေါ့။ သူတို့ထဲမှာ တဦးဦး ပျက်ကွက်ခဲ့မယ်ဆိုရင် ဒီဇတ်လမ်းဖြစ်လာမှာ မဟုတ်ပါ။ ဒိထက်ပို အရေးကြီးတာက အကြည့်စားသန် ရန်များဆိုတဲ့ အပျော်သဘော ဲ့ ဆင်မင်းရဲ့ စလိုက်ရာကစတဲ့ အချစ်ကြီးလို့ အမျက်ကြီးတဲ့ သံဝေဂယူစရာဇတ်လမ်းလေး တခုပါပဲ။ ဆင်မင်းရဲ့ ကိုယ့်ကိုသတ်တဲ့ ရန်သူအပေါ် ထားတဲ့စိတ်ထားမျိုးဟာ တုနှိုင်းလို့မရအောင် အင်မတန်ပဲလေးစားအတုယူစရာကောင်းပါတယ်။

  • koyin

    October 29, 2011 at 8:38 pm

    ဟုတ်…
    ခံစား အားပေးတာ ကျေးဇူးပါ…
    ကိုရင်တို့ကတော့ ဟိုအတိတ်ကအကြောင်း
    စာအုပ်ထဲက အကြောင်းအရာတွေကို
    ဘယ်သူမှား ဘယ်သူမှန် မဝေဖန်ပါဘူးဗျာ….
    ကိုရင် ကဗျာရေးပါတယ်…
    ဒီနေရာမှာ သောနုတ္ထိုရ် နေရာက ခံစားပြီး ရေးပါတယ်….
    နောက်တစ်ပုဒ်မှာ ဆဒ္ဒန် နေရာက ဖြစ်နိုင်သလို
    မိဖုရားနေရာကလည်း ဖြစ်နိုင်ပါတယ်…
    အကုန်လုံးက သူ့အလုပ်သူလုပ်ပြီး သူ့အကြောင်းကံနဲ့ သူ ဖြစ်လာတာပါ…
    အကုန်လုံး သူ့နေရာနဲ့ သူ
    သူ့အတွက်တော့ မှန်ကြမှာချည်းပါပဲဗျာ…
    ဟုတ်ဘူးလား…
    ဗီလိန်မှာလည်း သူရဲ့ကောင်းစိတ်ဓါတ်ရှိနိုင်သလို
    သူရဲကောင်းမှာလည်း လူမသိတဲ့ အကြောင်းအရာတချို့ ရှိနိုင်ပါတယ်…
    ကိုရင်တို့ သိသလောက်က စာအုပ်တွေထဲကပဲ သိရတာပါ…
    အဲတော့…
    ကိုရင် ကဗျာရေးပါတယ်….
    ကဗျာကို ဖတ်ရှု အားပေးတာ ကြည်နူး ဝမ်းသာရပါတယ်….
    ခုလို ဝေဖန်ပေးတာကိုလည်း ကြိုဆိုပါတယ်ဗျာ..
    အမြင်တွေတော့ မတူနိုင်ကြဘူးပေ့ါ..
    ကိုယ့်ရဲ့ အမြင်ကို ထုတ်ဖော်ဝေဖန်ပေးတာလည်း ကိုရင်တို့အတွက်
    အများကြီး အကျိုးရှိပါတယ်…
    ပျော်ရွှင်ပါစေ…

  • windtalker

    October 29, 2011 at 9:57 pm

    ကိုရင့် ရဲ ့နောက်လာမယ့် ကဗျာတွေထဲမှာ
    “ အချစ်ရှုံးသမား သီဝိ ” တို ့ဘာတို ့ဆက်ဖတ်ရဦးမယ် ထင်ပါရဲ ့
    ကောင်းပါပေ့ဗျာ ။ အားပေးနေပါတယ် ဗျို ့

    • koyin

      October 29, 2011 at 10:45 pm

      ဗျာ.. ဗျ
      လေထန်သူကြီးရေ…
      သီဝိက အချစ်မရှုံးပါဘူးဗျ…
      မယ်ဥမ္မာကြောင့် ရူးမတတ်ဘဲ ဖြစ်တာပါ…
      အချစ်ရှုံးသမားဆိုတဲ့ ဘွဲ့ကို ဒဿက အပိုင်စားထားတယ်လေ
      တခြားသူကို ထပ်ပေးလို့ မရတော့ဘူးဗျ…
      အားပေးတာ အားဆေးသောက်ရသလိုပါပဲ…
      ပျော်ရွှင်ပါစေ…

  • TTNU

    October 29, 2011 at 11:54 pm

    ကိုရင်
    (သခင်မကို ချော့ဖို့ဆို
    သောနုတ္ထိုရ် သူလိုယောကျင်္ား
    စေလိုရာသွား ထားရာမှာနေ
    သခင်မ အလိုကျစေဖို့
    မျက်နှာလိုရ ဆက်သမယ်လေ…)
    ကိုရင့်သောနုတ္ထိရ်ကို သနားမိပါတယ်။
    ဒါပေမဲ့ (ဗီလိန်မှာလည်း သူရဲ့ကောင်းစိတ်ဓါတ်ရှိနိုင်သလို) ဆိုတော့ ကိုရင်ပြောချင်တာက
    သောနုတ္ထိုရ် မှာ ကောင်းစိတ်ရှိတာပြောချင်တာလား။ သူရဲကောင်း (Hero)စိတ်ဓာတ်ရှိတာ
    ပြောချင်တာလား။
    ကျမ အမြင်မှာတော့ သူသင်္ကန်းခြုံပြီး တွင်းထဲက ချောင်းတိုက်မှတော့ သူရဲကောင်းမဖြစ်နှိုင်ဘူး။
    သခင်မခိုင်းတာသာ လုပ်တတ်တဲ့ မုဆိုးပဲ။
    အမြင်ချင်းမတူတာ စိတ်မဆိုးပါနဲ့နော်။ ကိုရင့် ကဗျာကို ဖတ်ကြောင်းပြတာပါ။

    • koyin

      October 30, 2011 at 12:10 am

      ဟုတ်..
      ခုလို အမြင်လေးကို ဝေဖန်ပေးတာ ကျေးဇူးပါဗျာ…
      လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်…
      အောက်က ကိုရင် ရီပလိုင်းပြန်ထားတာက ကိုရင့် အမြင်ဖြစ်ပါတယ်
      သောနုတ္ထိုရ်နဲ့ မပတ်သတ်ပါဘူး…
      သောနတ္ထိုရ် ကဗျာက သူ့နေရာက ခံစားပြီး ရေးပါတယ်…
      သူက ဘယ်လို ဘယ်လို ကောင်းသည် ဆိုးသည်
      ကိုရင် မဝေဖန်ပါဘူး….
      ကဗျာရေးနေတဲ့အချိန်မှာ ကိုရင်က သောနုတ္ထိုရ် ဖြစ်သွားကြောင်းပါ…
      လွတ်လပ်စွာ သဘောထားကွဲလွဲတာကို ကိုရင် အလေးထားပါတယ်…
      I AGREE YOUR DISAGREE.
      ကဗျာအားပေးတာ ကျေးဇူးနော်…
      ပျော်ရွှင်ပါစေ…

Leave a Reply