နံနက်ခင်းတစ်ခုတွင်ဖြစ်ပါသည်။ ဘလက် နှင့် သူငယ်ချင်းတစ်စုသည် ရန်ကုန်တက္ကသိုလ်စာတိုက်ဝန်းအတွင်းရှိ အသည်းပန်းလက်ဖက်ရည်ဆိုင် တွင် ထိုင်လျက် နံနက်စာဘရိတ်ဖတ်ကို သုံးဆောင် နေကြခိုက်လည်းဖြစ်ပါ၏။ ဘလက် တို့ သူငယ်ချင်းများမှာ ထိုအချိန်က ဘောလုံးပွဲလောင်း ကစားခြင်း ကို နှစ်ခြိုက်စွာ ပြုလုပ်လျက် ရှိသော အချိန်ကာလများဖြစ်ပါသည်။ နံနက်စာ စားလျက်ရှိသော ဘလက်တို့တစ်စုတွင် ဘောလုံးဒိုင်တစ် ယောက်ဖြစ်သည့် ကိုကျော်ဆိုသူလည်းပါဝင်ပါ၏။ ကျန်သူများကား ကိုကျော့်ထံတွင့် ဘောလုံးပွဲလောင်းသော သူများသာဖြစ်ပါ၏။ ကိုကျော်သည် လက်ဖက်ရည်ဝိုင်းကို ဦးဆောင်လျက် ညကကန်သော ဘောလုံးပွဲအကြောင်းကို မြိန်ရေယှက်ရေကြီး ပြန်ပြောပြနေစဉ်မှာ ပင် ၄င်း၏ဟန်းဖုန်းမှ ဖုန်းမြည်သံကိုကြားလိုက်ရပါ၏။ ကိုကျော်က ပြောလက်စ စကားကို ရပ်၍ ဖုန်း ကိုတစ်ချက်ကြည့်ပြီး မောင်မောင့် ဆီကဖုန်း ဟုပြောလိုက်ပြီး ဖုန်းပြန်ဖြေခြင်းအမှုကိုပြုပါလေ၏။

“ မောင်မောင် ပြောပါ “

ဟိုဘက်က ဘာပြန်ပြောသည် မသိပါ။ ကိုကျော်က ထပ်ပြောပါသည်။

“ ကျွန်တော်တို့ အားလုံး လက်ဖက်ရည်ဆိုင်ရောက်နေပြီ။ ခင်ဗျား ပေးရမယ့် စာရင်းက သုံးပုံးခွဲတိတိပဲ “

ဟိုဘက်က ဘာပြန်ပြောသည်မသိပါ။ ကိုကျော်က ထပ်ပြောပြန်ပါသည်။

“ ရပါတယ်ဗျာ။ စောင့်ဆိုတော့လည်း စောင့်ရမှာပေါ့။ အိုကေပါဗျာ”

ကိုကျော်က ဖုန်းကို စားပွဲပေါ်သို့ ပစ်တင်လိုက်ပြီး

“မောင်မောင်ဆိုတဲ့ လူဗျာ သူပေးစရာရှိတော့ နှစ်ရက်လောက်ဆိုင်းပေးပါတဲ့။ သူရစရာရှိတော့ ချက်ခြင်းလိုချင်တယ်။ ခက်တယ်ဗျာ ဘောလုံးပွဲ ဒိုင်ကိုင်ရတာ။ “  ဟု ညည်းပြောပြောပါသည်။ ကျွန်တော်က

“ အဲဒီလူက အရင်ရှုံးတုန်းကလည်း ချက်ခြင်းပေးတာပဲဗျ။ အခု ငွေ နည်းနည်းကျပ်နေလို့လားမှ မသိတာ “

ဟု ဖြေပြောလေး ၀င်ပြောပေးလိုက်ပါသည်။ ထိုအခါမှ ကိုကျော်က မောင်မောင့် အကြောင်းစုံကို ရင်ဖွင့် ပါလေတော့သည်။

“ အရင်က ချက်ခြင်းပေးတာ ဟုတ်တယ်ဗျ။ အခု ဒီလူ ကားတောင်ရောင်းလိုက်ရတယ်ပြောတယ်။ စီးပွားရေးလည်း သိတ်ကောင်းတဲ့ ပုံမပေါ်ဘူး။ သူနေတဲ့ အိမ်ကလည်း ငှားထားတာလို့ ပြောတယ်။ အထင်ကြီးမနေနဲ့ အထည်ကြီးပျက်ပါဗျာ”။

ထိုအခိုက် ကျွန်တော့် ဟန်းဖုန်းမှ ဖုန်းမြည်သံကြားလိုက်ရပါသည်။ ခေါ်သူကို ကြည့်လိုက်တော့ ခုနက ကိုကျော့်ကို ဖုန်းခေါ်ခဲ့သော မောင်မောင် ဖြစ်နေပါ၏။ ထို့ကြောင့် ကိုကျော်အား

“ မောင်မောင့်ဆီက ဖုန်းဗျ ခဏလေး “  ဟု စကားကို ရပ်ရန် သတိပေးရင်း ဖုန်းကိုလက်ခံလိုက်ပါသည်။

“မောင်မောင် ပြော”

တစ်ဖက်မှ မောင်မောင်က ဒေါသအလွန်ထွက်နေသော အသံဖြင့်

“ကိုဘလက်ရေ၊ ကိုကျော်ဆိုတဲ့လူကို ပြောလိုက်စမ်းပါဗျာ၊ သူများအတင်းပြောရင်လည်း ဖုန်းလေးဘာလေး ပိတ်ပြီးမှ ပြောပါလို့၊

ဖုန်းမပိတ်ပဲ အတင်းပြောနေတော့ ဒီဘက်က အကုန်ကြားနေရတယ်လို့၊ ဒါပါပဲဗျာ” ဟုဆိုကာ ဖုန်းကို ချသွားပါသည်။

ကိုကျော်က “ ဘာတဲ့လဲဗျ “ ဟု ကျွန်တော့်ကို မေးပါသည်။ ကျွန်တော်က

“ ခင်ဗျားက  ဖုန်းမပိတ်ပဲ သူ့အကြောင်းတွေ ပြောနေတော့ မောင်မောင် တော်တော် ဒေါသထွက်နေတယ်” ဟု ပြန်ပြောပြပါသည်။

ထိုအခါကျတော့မှ ကိုကျော်တစ်ယောက် “ ဟာဟုတ်သားပဲ၊ ကျွန်တော် ဖုန်းမပိတ်လိုက်မိဘူးဗျာ၊ အားနာစရာတွေဖြစ်ကုန်ပြီ” ဟု ရှက်ကိုးရှက်ကန်း ဖြစ်နေပါတော့သည်။

ကျွန်တော်တို့ သူငယ်ချင်းတစ်စု ကိုကျော့် အဖြစ်ကိုကြည့်၍ ဟက်ဟက်ပက်ပက် ရယ်မိကြပါသည်။ ကိုကျော်လည်း ရှက်ကိုး ရှက်ကန်းဖြင့် မောင်မောင့်ထံ ဖုန်းပြန်ခေါ်၍

သူ့အမှားကို ချက်ခြင်းတောင်းပန်ပါသည်။

ထိုနေ့မှစ၍ ကျွန်တော်တို့ သူငယ်ချင်းများကြားတွင် တစ်စုံတစ်ယောက်အကြောင်း ကွယ်ရာတွင်ပြောမိပါက ဖုန်း ပိတ်ထားရဲ့လား ဟု

အပျော်သဘော သတိပေးတတ်ကြပါသည်။ တကယ့်အဖြစ်အပျက် ဖြစ်ပါသည်။

ရွာသူရွာသားများလည်း တစုံတယောက်နှင့် ဖုန်းပြောပြီးပါက ဖုန်းပိတ်ပြီးမှ အတင်းပြောကြပါ ဟု ရင်းရင်းနှီးနှီး သတိပေးပါရစေဗျာ။

(အပျော်သဘောနဲ့ပြောတာပါဗျာ။ ရွာသူရွာသားတွေထဲမှာ အတင်းပြောတတ်တဲ့ လူ မရှိလောက်ပါဘူး နော…..။)

black chaw

About black chaw

black chaw has written 332 post in this Website..