လိမ်းဆေးနဲ့ သောက်ဆေးမှားခဲ့ပုံလေး – ဆေးညွှန်း(၂)

who whoOctober 30, 20111min582

ရှေ့က ဆေးညွှန်းမှာပါတဲ့ အကြောင်း(၄)ပါးများ ညီညွတ်သွားရင် အကျိုးဖြစ်တဲ့ (၃)ပါးကလည်း တစ်ခုပြီးတစ်ခု ရရှိလာမယ့်အကြောင်း လေး ဆက်ကြပါစို့။ ဒီအကျိုးတွေကတော့ အကြောင်းပြုလို့ အကျိုးဖြစ်တယ်လို့ မှတ်ပါ နော်။
ရှေ့တုန်းက ညွှန်းခဲ့တဲ့ အတိုင်း သတိထား၊ ဝီရိယစိုက်လို့ ပညာနဲ့စိစစ်သုံးသပ်ပြီး ရှု့မှတ်နေမယ်ဆိုရင် ခုပြောမယ့် အကျိုးတရားတွေက အလိုလို ရောက်လာ ရလာကြမှာပါပဲ။
(၁) ပီတိ သမ္ဗောဇ္ဈင်
ပီတိဆိုတာ သိမ့်ကနဲ၊ ငြိမ့်ကနဲ တခဏလေးချင်း ငြိမ်းအေးတာကို ခံစားရမှာဖြစ်သလို ခပ်ကြာကြာလေး လည်း ဖြစ်တတ်ပါတယ်။ တစ်ခါ တစ်ခါမှာ တောင်ပေါ်ကနေ အောက်ကို ငုံ့ကြည့်လိုက်လို့ အေးကနဲ ဖြစ်သွား တာမျိုး၊ ချားရဟတ်ကြီးစီးလို့ အပေါ်က အောက်ကို အကျမှာ ဖြစ်သွားတဲ့ သိမ့်ကနဲ ခံစားမှု့မျိုး၊ တခါတရံကျတော့လည်း လမ်းလျှောက်နေပေမယ့် မြေကြီးနဲ့ ဖနောင့် မထိတော့သလို မြှောက်တက်ပြီး ပေါ့ရွှတ် ရွှင်လန်းနေတဲ့ ခံစားမှု့မျိုး တွေ ရလာမှာပါ။ ကိုယ့်ကိုကိုယ် လေထဲမှာ ဝဲနိုင်နေသလိုလို ခံစားချက်တွေပေါ့။ ဒါကိုက စိတ်မှာ ကိလေသာတွေ ပါးသည်ထက် ပါးလာလို့ နေရထိုင်ရတာ ချမ်းသာလာတာပေါ့နော်။
(၂) ပဿဒ္ဓိ သမ္ဗောဇ္ဈင်
ဒါကတော့ ကြက်သီးတွေ တဖျန်းဖျန်းများထလို့၊ အေးသိမ့်သွားတာမျိုးပေါ့။ ဝါဂွမ်းကို ဆီလောင်းလိုက်သလို တစ်ကိုယ်လုံး အအေးဓာတ်တွေ စီးဝင်ပြီး ပေါ့ပါးလန်းရွှင်နေတာမျိုးပေါ့။ ကျနော်တစ်ခါ ဖြစ်ဖူးတယ်။ အဲဒီတုန်းက မှတ်မှတ်ရရ အရမ်းပူလွန်းလို့ ချွေးတိတ်အောင် ရေမချိုးခင် ခဏလေး အနားယူဦးမယ်ဆိုပြီး မျက်လုံးလေးမှိတ်ပြီး နားရင်း တရားမှတ်နေလိုက်တာ သမာဓိ အရှိန်လည်းရလာရော တစ်ကိုယ်လုံးကြက်သီးတွေထပြီး အေးစက်လို့၊ အအေးဓာတ်တွေ ပျံ့သွားလိုက်တာ၊ အပြင်မှာ အရမ်းပူတာနော်။ ဒါတောင် ကိုယ်က အေးချမ်းနေတာနော်။ ရေချိုးစရာတောင် မလိုတော့ဘူး။ ဒါဆို ဒီတရားရှိလို့ကတော့ ဘယ်လောက် ပူပူ အရေးမစိုက်ပေါင်၊ Air-con လည်း မလိုပေါင်၊ တော်တော်ကို ကြည်လင် ရွှင်ပြပြီး စကားပြောရင်လည်း sharp ဖြစ်နေတယ်၊ တစ်ခုခုကို လုပ်ရင်လည်း ထိထိမိမိလေးနဲ့ကို confident တွေပြည့်လို့၊ ပျော်လို့၊ ပြုံးလို့ပေါ့။ ကိုယ့်ကိုကိုယ် အိမ်ပေါ်က အိမ်အောက် ဆင်းတာတောင် လှစ်ကနဲဆို ရောက်သွားပြီး ပေါပါး ရွှင်လန်းလို့။ တော်တော်နေလို့ကောင်းတယ်။ ဒါကတော့ ကိုယ်တွေ့မို့ ပြောရဲတာ။ နောက်တော့ အရမ်းအိပ်ချင်ရင် ဒီဆေးလေး ဆောင်ထားလိုက်တယ်။ အိပ်ချင်စိတ် လုံးဝမရှိတော့ပဲ လန်းရွှင်နေလို့လေ။ ဒါက အကြောင်း(၄)ပါးကြောင့် ရလာတဲ့ အကျိုးတွေပါ။ တစ်ခုကျန်သေးတယ်။ နောက်ဆုံးတစ်ခုကတော့
(၃) ဥပေက္ခာ သမ္ဗောဇ္ဈင် ပေါ့။
ဒါကတော့ အစောကလိုလည်း ပျော်ရွှင်တဲ့ သုခဝေဒနာ မရှိတော့ဘူး၊ နောက် ခံရခက်တဲ့ ဒုက္ခဝေဒနာလည်း မရှိတော့ဘူး။ ဒီ ဖြစ်ခြင်း ပျက်ခြင်း သဘောတွေ အပေါ် ထူးပြီး အားစိုက် ရှု့စရာ မလိုတော့ပဲ။ သူ့သဘောသူ ဆောင်နေတာပဲ ဖြစ်လိုက် ပျက်လိုက် အစားထိုးလိုက်နဲ့ ဘာမှမမြဲတာ ပြနေတာပဲလို့ စိတ်မှာ အထူးတလည် ခံစားချက်မရှိတော့ပဲ သဘောလေးတွေကိုသာ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ကြည့်နေနိုင်လာတယ်။ ဒါသည် ဥပေက္ခာဝေဒနာပဲပေါ့။ သင်္ခါရတွေအပေါ် ဥပေက္ခာစိတ်နဲ့ ကြည့်နေနိုင်ဖို့ ဆိုတာ အဆင့်ဆင့်တွေ ကျော်ဖြတ်ပြီးမှ ဒီအခြေအနေကို ရောက်ရမှာပါ။ ဒါကိုပဲ သင်္ခါရုပေက္ခာဉာဏ်လို့ ဉာဏ်စဉ်အရ သတ်မှတ်ကြပါတယ်။ ဒီဉာဏ်စဉ် ရောက်လို့ကတော့ မဂ်နဲ့ အရမ်းနီးသွားပြီမို့ မပူရတော့ပါဘူး။ ဒါဆို နိဗ္ဗာန်နဲ့ ကိုယ်နဲ့ နီးနီးလေးဖြစ်သွားပြီမို့ ငါတော့ အို၊ နာ၊ သေလွတ်တဲ့ မအို၊ မနာ ၊ မသေရာ ပန်းတိုင်သို့ ရောက်တော့မယ်ဆိုတာလေး သတိပေးရင်း အထူးကြိုးစားလိုက်ပါတော့။
ရှေ့ကအကြောင်း(၄)ပါး ပြုလို့ နောက်က အကျိုး(၃)ပါး ခံစားရမှာမို့ နာမကျန်းစဉ် ဗောဇ္ဈင်္ဂသုတ် ရွတ်ပေးခြင်းသည် ရှေ့အကြောင်း(၄)ပါး ကို အားထုတ်ဖို့ တိုက်တွန်းခြင်းပါပဲ။
ဒီသုတ်ကို နာကြားခြင်းဖြင့် အကြောင်း(၄)ပါး လုပ်ဖြစ်လို့ အကျိုး(၃)ပါးကို ခံစားရမယ်ဆိုရင် ရှိသမျှ ရောဂါတွေ အလိုလို ပျောက်ကင်းလို့ အို၊ နာ၊ သေလွတ်ရာ ငြိမ်းအေးတဲ့ နိဗ္ဗာန်စခန်းထိ အရောက်လှမ်းနိုင်မှာ ဖြစ်တဲ့ အတွက် သောက်ဆေးကိုမှားပြီး မလိမ်းမိစေဖို့ သတိလေးလည်းပေးရင်း အကြောင်း (၄)ပါး ကျင့်ကြံလို့ အကျိုး(၃)ပါးကို ကိုယ်တွေ့အနေနဲ့ ရကြပါစေလို့လည်း ဆုတောင်းရင်းပေါ့။ ဒါလေး နိဂုံးချုပ်လိုက်ပါရစေ။

2 comments

  • thit min

    October 31, 2011 at 9:22 am

    ဧဟိပသိကော ဂုဏ်တော်ကိုပြောပြနေတာပါဘဲလား။
    သာဓု သာဓု သာဓု ပါဗျာ။
    ဗဟုသုတလဲရ တွန်းအားလဲဖြစ်စေလို့ ကျေးဇူးအထူးတင်မိပါသည်။

    • whowho

      October 31, 2011 at 11:12 am

      အကြောင်း (၄)ပါးပြုလို့ အကျိုး(၃)ပါးရနိုင်ကြပါစေ။

Leave a Reply