ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအား မြန်မာနှင့် အင်ဒိုချိုင်းနား ၃ နိုင်ငံတွင် ဈေးကွက်သစ်ရှာဖွေရန် Siam ဘဏ်အကြံပေး

klnMay 21, 20101min430

ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအား အင်ဒိုချိုင်းနားနိုင်ငံ ၃ ခုနှင့် မြန်မာနိုင်ငံတွင် စီးပွားရေးအခွင့်အလမ်းသစ်များ ရှာဖွေသင့်ကြောင်း Siam Commercial Bank ၏ စီးပွားရေး စုံစမ်းစင်တာမှ အကြံပေးတိုက်တွန်းသည်။ ယင်းကဲ့သို့ အကြံပေးခြင်းမှာ ၂၀၀၉ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ပမာဏသည် ၂ ဒသမ ၅ ဘီလျံ ရှိခဲ့သော်လည်း တဖြည်းဖြည်းချင်း လျော့ကျမှုများဖြစ်ပေါ်လာရာ ပထမ လေးပတ်အရောက် ၁ ဒသမ ၂ ဘီလျံသို့ ရောက်ရှိခဲ့ခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။ အဆိုပါစင်တာမှ မစ္စတာSethaput Suthiwartnarueput က “ ထိုင်းမှာ နိုင်ငံရေးအရှုပ်အထွေး ဖြစ်မှုကြောင့် ထိုင်းနိုင်ငံအတွင်း ရင်းနှီးမြှပ်နှံမှုတွေဟာ နိုင်ငံခြားဈေးကွက်ကို ရောက်သွားတယ် ” ဟုဝေဖန်သုံးသပ်သည်။ မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနှင့် မိုဘိုင်းဖုန်းဝန်ဆောင်မှုလုပ်ငန်းတို့နှင့် ပတ်သက်ပါက ရင်းနှီးမြှပ်နှံမှုပြုရန် အလားအလာကောင်းသောနိုင်ငံ ဖြစ်သကဲ့သို့ ကမော္ဘဒီးယားနိုင်ငံသည် အင်တာနက်နည်းပညာတွင် ရင်းနှီးမြှပ်နှံပါက အခွင့်အလမ်းများပြားကြောင်း၊ ဗီယက်နမ်နိုင်ငံသည်လည်း ကုန်ထုတ်လုပ်မှု၊ ကျန်းမာရေး ဝန်ဆောင်မှု၊ ဖျော်ရည်၊ ယမကာလုပ်ငန်း စသည်တို့၌ ရင်းနှီးမြှပ်နှံပါက အလားအလာကောင်းနိုင်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။ လက်ရှိထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ ပြည်ပရင်းနှီးမြှပ်နှံမှုတွင် အများဆုံးနိုင်ငံအဖြစ် ရပ်တည်နေကြောင်း သိရသည်။