မြန်မာနိုင်ငံအတွက် ISBM ကုတ်နံပါတ်ရတော့မည်

klnMay 21, 20101min421

မြန်မာနိုင်ငံတွင်ထုတ်ဝေသည့် စာအုပ်စာပေများကို နိုင်ငံတကာစာပေလောကအတွင်းဖြန့်ချိနိုင်ရန် မရှိမဖြစ်လိုအပ်သည့် ကုတ်နံပါတ်များကိုထုတ်ပေးသော နိုင်ငံတကာ အိုင်အက်စ်ဘီအင်န်အေဂျင်စီ လန်ဒန်သို့ မြန်မာနိုင်ငံက ဝင်ရောက်ခွင့်ရပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးဦးကျော်ဆန်းက မေလ ၁၆ရက်နေ့က ပြောသည်။ “ ၂၀၀၉ခုနှစ်၊ အောက်တိုဘာလ ၈ရက်နေ့က မြန်မာနိုင်ငံကို International ISBN Agency ကိုဝင်ခွင့်ပြုကြောင်းနဲ့ ပဋိညာဉ်စာချုပ်ကို လက်မှတ်ရေးထိုးပေးပို့ဖို့ အကြောင်းကြားပါတယ်” ဟုယင်းသို့ဝင်ရောက်ရန် ဆက်သွယ်ဆောင်ရွက်ခဲ့သော အဖွဲ့အစည်း ဖြစ်သည့် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ ပဋိညာဉ်စာချုပ်( Contract ) နှင့်အတူသင်းဖွဲ့မှတ်တမ်း( Memorandum of Association) ၊သင်းဖွဲ့စည်းမျဉ်း( Articles of Association) များကိုပါ လက်မှတ်ရေးထိုးပေးပို့ရန်ဖြစ်သည် ဟုအဆိုပါတာဝန်ရှိသူကပြောသည်။ “ ဒီစာချုပ်တွေကိ ဒီဘက်က လက်မှတ်ရေးထိုးပြီး ဒီမေလအတွင်း ပို့ပါမယ်။ ဒါဆိုဟိုဘက် International ISBN Agency London ကပြန်လက်မှတ်ထိုးပြီး ငွေတောင်းခံလွှာပြန်ပို့မယ်။ ငွေဘယ်လိုသွင်းရမယ်ဆိုတာပါ ပါမှာပါ။ ငွေသွင်းပြီးရင် ဒေသကုတ်နံပါတ်ရမှာပေါ့” ဟုတာဝန်ရှိသူတစ်ဦးကပြောသည်။ “ဒီကုတ်နံပါတ်က ဘာသာစကားကန့်သတ်ချက်မရှိပါဘူး။ အင်္ဂလိပ်ဘာသာစာအုပ်ရော၊ မြန်မာဘာသာစာအုပ်တွေမှာပါ သုံးနိုင်ပါတယ်” ဟု၎င်းကပြောသည်။ “ဒါရတာဟာ သတင်းကောင်းပါ။ International Standard Book Number (ISBN) မပါရင် မြန်မာနိုင်ငံမှာ ထုတ်တဲ့ စာအုပ်တွေဟာ ပြည်ပမှာ ရောင်းလို့မရဘူး။ ပြည်ပက ဘယ်စာကြည့်တိုက်မှာမှလည်း တင်လို့မရဘူး။ International ISBN Agency London သို့ဝင်ခွင့်ရသည့်အတွက် မြန်မာနိုင်ငံက ဒေသကုတ်နံပါတ် ရရှိပြီးဒေသဆိုင်ရာ ISBN Agencyတစ်ခုဖွဲ့စည်း၍ ပြည်တွင်းထုတ်ဝေသူများသို့ ကုတ်နံပါတ်များကိုဆက်လက်ထုတ်ပေးသွားနိုင်မည်ဖြစ်ကြောင်း ၊ ယင်းသို့ ဆက်လက်ထုတ်ပေးမည့်အသေးစိတ် အစီအစဉ်များကို ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။