ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိစေရန် ရန်ကုန်စက်မှုဇုန်များတွင် မီးစက်ဖြင့် လုပ်ငန်းလည်ပတ်နေကြ

klnMay 21, 20101min490

ဈေးကွက်အတွင်း၌ ကုန်ပစ္စည်းများပြတ်လပ်မှုမရှိစေရန်အတွက် ရန်ကုန်မြို့ စက်မှုဇုန်များ၌ မီးစက်များအသုံးပြုကာ လုပ်ငန်းလည်ပတ်လာကြကြောင်း စက်မှုဇုန်လုပ်ငန်းရှင်များအသိုင်းအဝိုင်းမှ သိရသည်။ ယင်းသို့ မီးစက်များအသုံးပြုကာ လုပ်ငန်းလည်ပတ်ရသည့်အတွက် ယခင်ကဲ့သို့ တစ်နေ့လျှင် ၈နာရီလုပ်ငန်းချိန် အပြည့်အဝလုပ်ဆောင်မှုမျိုးမရှိတော့ဘဲ ပစ္စည်းအမှာ လက်ခံရရှိမှုပေါ်မူတည်၍ အချိန်လျှော့ကာ လုပ်ကိုင်လာကြကြောင်း၊ သို့ဖြစ်၍ ပစ္စည်းအမှာများကို ပြုလုပ်ပေးရာတွင် သတ်မှတ်ရက်ထက် နောက်ကျမှပေးနိုင်သည်များလည်း ရှိလာကြောင်း လုပ်ငန်းရှင်တစ်ဦးကဆိုသည်။ “အခုလောလောဆယ်မှာတော့ လုပ်ငန်းတော်တော်များများက အချိန်ပြည့်မလည်ပတ်ကြတော့ဘူး။ အခိုက်အတန့်လည်ပတ်မှုရပ်တန့်ထားတဲ့ စက်ရုံအချို့လည်းရှိလာတယ်။ စက်ရုံတွေလည်ပတ်နိုင်ဖို့ မီးအားကအနည်းဆုံး ဝပ် ၁၈ဝလောက်မှ အဆင်ပြေတာဆိုတော့ မီးစက်နဲ့တစ်နေကုန်လည်ရမယ်ဆို မသက်သာဘူးလေ။ အခု မီးစက်သုံးနေရတာ ၁ဝရက်လောက်တော့ရှိပြီ။ လျှပ်စစ်မီးနဲ့ တစ်ယူနစ်ကို ကျပ် ၅ဝလောက်ကျတဲ့နေရာမှာ မီးစက်သုံးရရင် တစ်ယူနစ် ကျပ် ၃၀ဝလောက်ကျတယ်။ ဒါကြောင့် စက်ရုံတော်တော်များများက အမှာရှိသလောက်ပဲ လည်ပတ်ကြတယ်။ ကုန်ကျစရိတ် ပိုတဲ့အတွက် ကုန်ပစ္စည်းမှာဈေးတင်ချင်ပေမယ့် အဲလိုလုပ်ရင် ရောင်းအားက ကျသွားပြန်ရော။ ဒီတော့ ကိုယ့်အခြေအနေနဲ့ကိုယ်ချိန်ပြီး လုပ်နေရတယ်”ဟု လှိုင်သာယာစက်မှုဇုန်မှ လုပ်ငန်းရှင်တစ်ဦးကပြောကြားခဲ့ကြောင်း သိရသည်။