မင်္ဂလာမြန်မာနှင့် စင်ကာပူသံရုံးတို့ ပူးပေါင်း၍ ဧရာဝတီတိုင်းတွင် စက်ရေတွင်းများတူးဖော်

klnMay 21, 20101min851

မင်္ဂလာမြန်မာအဖွဲ့နှင့် စင်ကာပူသံရုံးတို့ ပူးပေါင်းကာ ဧရာဝတီတိုင်းအတွင်းရှိ ကျေးရွာများတွင် စက်ရေတွင်းများ တူးဖော်ပေးလျက်ရှိကြောင်း သိရသည်။ “ ဒီ ၂၀၁ဝ ခုနှစ် ဖေဖော်ဝါရီမှာ ရေတွင်း ၃ဝ တူးခဲ့ပါတယ်။ ဧရာဝတီတိုင်း ဖျာပုံ၊ ဘိုကလေး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲမြို့နယ်တွေက ကျေးရွာတွေမှာ တူးပေးခဲ့တာပါ။ ဖေဖော်ဝါရီလနောက်ပိုင်း တွင်း ၄ဝ ဆက်တူးပါတယ်။ ၃ တွင်းလောက်ပဲ ကျန်တော့တယ်။ ” ဟု မင်္ဂလာမြန်မာမှ ဒေါက်တာဖုန်းဝင်းက ပြောသည်။ ရေတွင်းများ ဆက်လက်တူးဖော်မည့် အစီအစဉ်ကို ကန့်သတ်မထားဘဲ စင်ကာပူသံရုံးနှင့် မင်္ဂလာမြန်မာတို့ ပူးပေါင်း၍ တူးဖော်ရန် အခွင့်အရေးရှိပါက ဆက်လက်တူးဖော်မည်ဖြစ်ကြောင်း ဒေါက်တာဖုန်းဝင်းက ပြောသည်။ “ ရေတွင်းတူးတဲ့အခါ တချို့နေရာတွေမှာ အငန်ဓါတ်တွေ၊ သံချေးဓါတ်တွေ ပါလာတယ်။ ဒါပေမဲ့ နာရီ ၅ဝ လောက်မောင်းပေးရင် ပျောက်သွားပါတယ်။ ကျွန်တော်တို့ အခုလို ရေတွင်းတွေ တူးဖော်ပေးတာက သဘာဝဘေးအန္တရာယ် ကျရောက်တဲ့အခါ ကန်တူးပေးထားရင် ပျက်စီးသွားမှာ ဖြစ်ပေမဲ့ အဝီစိတွင်းကတော့ မပျက်စီးဘူး။ အကယ်၍ မုန်တိုင်းလာတယ်ဆိုရင်တောင် စက်ကိုဖြုတ်ပြီး သိမ်းထားလိုက်။ မုန်တိုင်းပြီးမှ ပြန်တပ်ပြီး စုပ်မယ်ဆို ရေချိုရနိုင်ပါတယ် ” ဟု အထက်ပါပုဂ္ဂိုလ်က ထပ်လောင်းပြောကြားသည်။ ယခုကဲ့သို့ ရေချိုရှားပါးသည့် ဒေသများတွင် အဝီစိတွင်းများ တူးဖော်ပေးခြင်းကြောင့် ကျေးရွာအတွက် များစွာအထောက်အကူပြုကြောင်းကို မင်္ဂလာမြန်မာအဖွဲ့မှ ဒေါ်သူဇာက ပြောကြားခဲ့သည်။