လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်နှင့် ငြိမ်းချမ်းရေး

maungpeaceOctober 31, 20111min566

ယနေ့ မြန်မာနိုင်ငံ၏ ဘာသာရေးအခြေအနေများတွင် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်များ ဆုံးရှုံးမှန်းမသိ၊ ဆုံးရှုံးနေရပါသည်။  ထေရဝါဒစာပေဖွင့်ဆိုမှုများနှင့် မတူသော တရားဓမ္မများအပေါ် လေ့လာ သိရှိခွင့်များ မရအောင် အတင်းအကျပ် ပိတ်ပင်နေမှုများ တာဆီးနေမှုများကို  ေထရဝါဒအစွဲသန်ပုဂ္ဂိုလ်တစ်စုမှ တစ်ချို့သောမြို့နယ်များတွင် နယ်မြေခံ  ထေရဝါဒအစွဲသန်သူများနှင့် ပူပေါင်း၍ ပြုလုပ်နေသည်ဟု ကြားသိနေရပါသည်။
ထေရဝါဒစာပေဖွင့်ဆိုမှုများနှင့် မတူသောတရားများအား အဓမ္မ (မတရား) စာပေများဟု ပုတ်ခတ်ပြောဆိုခြင်း၊ အဆိုပါတရားများအား မလေ့လာကြဖို့ လက်ကမ်းစာရွက်များဖြန့်ဝေခြင်း၊ ဟောပြောခြင်းနှင့် ကိုယ်ယုံကြည်ရာ (ထေရဝါဒအဖွင့်များဖြင့် မတူသော) ဗုဒ္ဓဘာသာအသိများဖြင့် နေထိုင်သူများအား ပုတ်ခတ်ပြောဆိုခြင်း၊ ခြိမ်းခြောက်ခြင်းစသည့်လုပ်ရပ်များသည် စည်းမဲ့၊ ကမ်းမဲ့တရားလက်လွတ်ြဖစ်နေသည်ကို တွေ့ရပါသည်။

အဆိုပါလုပ်ဆောင်ချက်များသည် အများပြည်သူတို့၏ လွတ်လပ်စွာယုံကြည်ကိုးကွယ်မှုကို ထိခိုက်စေသည့် တရားမဲ့မှုလုပ်ရပ်များဖြစ်နေသည့်အပြင် ငြိမ်းအေးမှုကို ဖော်ဆောင်သည့် ဗုဒ္ဓဘာသာကို ထိခိုက်စေပါသည်။
ယနေ့အခါ ကမ္ဘာပေါ်ရှိလူမျိုုးအသီးသီး ယုံကြည်ကိုး ကွယ်လျှက်ရှိနေသော ဗုဒ္ဓဘာသာကို မြန်မာထေရ ဝါဒဗုဒ္ဓဘာသာတစ်ခုတည်းမှ အပိုင်သိမ်းပိုက်ချင်၍ မသင့်ပါ။
ဗုဒ္ဓဘုရားဟောကြားတော်မူခဲ့သည့်တရားဓမ္မများအပေါ် လူမျိုးအလိုက်၊ ဒေသအလိုက်၊ ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများအလိုက် အသိဉာဏ်ပညာ အခြေခံများအလိုက် သဘောပေါက်နားလည်မှုများ အသီးသီးကွဲပြား လျှက်ရှိနေကြ သည်ကို တွေ့မြင်နေရပါသည်။ ထိုသဘောပေါက်နားလည်မှု ကွဲပြားမှုများအလိုက် ကိုယ်သဘောပေါက်နာလည်းမှုကိုမှ ဗုဒ္ဓဘုရားဟောအစစ် ဟုလည်း ယုံကြည်လို်က်နာနေကြရပါသည်။
ကိုယ်သဘောပေါက်တာနှင့် မတူသည့် အယူများကိုလည်း ဗုဒ္ဓဘုရားဟောမဟုတ်ဟုလည်း ထပ်မံယူဆကြပါသည်။ ဒါသည် လူတစ်ဦးချင်းရအပ်သည့် ကိုယ်ပိုင်ယုံကြည်ခွင့်ဖြစ်ပေသည်။
သို့သော် မိမိယုံကြည်မှုသည် တစ်ပါးသူတို့၏ ယုံကြည်မှုကို မထိခိုက်သင့်ပေ။ ဒါသည် ငြိမ်းချမ်းမှုကို လိုလားသည့် လူသားများ လိုက်နာသင့်သည့် စည်းဖြစ်ပေသည်။
ယနေ့အခါတွင် မြန်မာထေရဝါဒအစွဲသန်သူတစ်ချို့ရဲ့ လုပ်ရပ်များသည် အဆိုပါ စည်း ကျိုးပေါက်နေ သည်ကို တွေ့မြင်နေရပါသည်။
မိမိတို့ ယုံကြည်သည့် ထေရဝါဒစာပေအဖွင့်များနှင့် မတူတိုင်း အဓမ္မ (မတရား) စာပေများဟုဖွင့်ဆိုခြင်း၊ ထိုအယူဝါဒများဖြင့်နေထိုင်ကျင့်သုံးသူများကို အတင်းအကျပ် ဖိနှိပ်ခြင်းစသည်တို့သည် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ကိုထိခိုက်စေသည့်အပြင် ငြိမ်းအေးမှုကိုဖြစ်စေသည့် ဗုဒ္ဓတရားတော်များကိုပါ ကမ္ဘာ့အလည်မှာ အရှက်ရစေပါသည်။
ဒါ့ကြောင့် ကမ္ဘာ့ဗုဒ္ဓသာသနာပြု သီတဂူဆရာတော်ဘုရားကြီးကအတင်းအကြပ်နှိပ်ကွက်နေမယ့်အစား မတူတာတွေ  ဘေးဖယ်၊ တူတာတွေနဲ့ လက်တွဲခြင်းအားဖြင့်သာ ငြိမ်းအေးမှုဖြစ်စေမှာ ဖြစ်ကြောင်း”  ဟောကြား ဩဝါဒပေးခဲ့ခြင်းကို အလေးထားသင့်ပေသည်။
ဒါ့ကြောင့် မြန်မာထေရဝါဒီတို့သည် မိမိတို့ ကိုးကွယ် ယုံကြည်လျှက်ရှိနေသော မြန်မာထေရဝါဒစာပေတို့နှင့် ဖွင့်ဆိုပုံ မတူညီသော ဗုဒ္ဓစာပေကွဲများအပေါ် အတင်းအကြပ် အဓမ္မလုပ်နေခြင်းများသည် ဗုဒ္ဓဘုရား၏ ငြိမ်းချမ်းရေးလမ်းစဉ်ဖြစ်ရဲ့လား။ အဆိုပါဖွင့်ဆိုချက်များအပေါ် အဓမ္မ(မတရား)လို့ သုံးစွဲမည့်အစား ြမန်မာထေရဝါဒဗုဒ္ဓဘာသာနှင့်မတူသော၊  ြမန်မာထေရဝါဒဗုဒ္ဓဘာသာမှ တာဝန်မယူသော၊  မြန်မာထေရဝါဒဗုဒ္ဓဘာသာနှင့် မပတ်သတ် မသက်ဆိုင်သော တရားများလို့သာ သုံးစွဲသင့်ပေသည်။
မိမိတို့နှင့်သက်ဆိုင်သည့် ဘောင်အတွင်းမှ မဆောင်ရွက်ကြပဲ ကိုယ့်ဖွင့်ဆိုမှုနှင့်မတူခြင်းကြောင့် အဓမ္မ (မတရား)များဟု သတ်မှတ်ခြင်းသည် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုကို ထိခိုက်စေသည့်အပြင် ဗုဒ္ဓဘုရား၏ ငြိမ်းချမ်းရေးလမ်းစဉ်နှင့်ပါ ဆန့်ကျင်လျက်ရှိနေပါကြောင်း တင်ပြလိုက်ပါသည်။

(မည့်သည့်ဝါဒ မှန်သည်၊ မှားသည်ဟု လိုက်ပါရေးသားခြင်းမဟုတ်ပါ၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်နှင့် ငြိမ်းချမ်းစေမှုအတွက်သာ ရည်ရွယ်ပါသည်။)

6 comments

  • mggwa

    November 1, 2011 at 8:07 am

    maungpeace ရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို ကြိုဆိုပါတယ်ဗျာ။
    အောင်ပန်းမြို့ မှာ ဓမ္မ နှင့် အဓမ္မ ဆိုင်ရာ စာပေ ဟောပြောပွဲ ကျင်းပသွားခဲ့တဲ့ ဘာသာရေးဆူပွတ်လိုသူတွေ ဖတ်သင့်တယ်ဗျာ။

  • kokomyo

    November 1, 2011 at 9:20 am

    ့ဓမ္မထက် ပုဂိ္ဂုလ်ရေးတွေကို ဝေဖန်တာများတဲ့ပွဲလို့ အောင်ပန်းက မိတ်ဆွေတစ်ယောက်ဆီကကြားရတယ်။ မတူကွဲပြားတဲ့အပေါ်မှာ ရင်ကြားစေ့ပေးနေတဲ့ အစိုးရသစ်ရဲ့ပေါ်လစီနဲ့ကတော့ ဆန့်ကျင်နေသလိုပဲလို့ ထင်မိတယ်။ နယ်မြေခံဘာသာရေးအစွဲသန်သူတွေရဲ့ အချင်းချင်းပုဂိ္ဂုလ်ရေးတိုက်ခိုက်မှုတွေဆိုရင်တော့ မကောင်းဘူးပေါ့။ ဗုဒ္ဓရဲ့တရားတော်တွေဟာ ငြိမ်းချမ်းစေတဲ့တရားတော်တွေပါ။
    တရားတော်ကို ဖောင်ကဲ့သို့ ကျင့်ပါ၊ မသိမ်းပိုက်ကြပါနဲ့လို့ ဗုဒ္ဓဘုရားဟောကြားချက်နဲ့ ဆန့်ကျင်နေသလိုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်သိထားတဲ့တရားတွေသာလျှင်အမှန်ပဲလို့ သိမ်းပိုက်ထားကြလို့ပဲ။
    ရိုးရိုးးသိမ်းပိုက်တာထက် ကိုယ်နဲ့အယူအဆမတူရင် ရန်သူလို ဝေဖန်တိုက်ခိုက်နေကြတာ ကြားရတာ ဗုဒ္ဓသာသနာအတွက်ကတော့ ရင်လေးစရာပါ။ တစ်ပါးသူတို့ရဲ့ ယုံကြည်ချက်ကို အတင်းအကျပ်ဖိနှိပ်လို့ မရနိုင်ဘူးလို့ ထင်မိတယ်။ အဓမ္မဖြေရှင်းတဲ့နည်းကိုက အဓမ္မဖြစ်နေတော့ ဘယ်လိုလုပ်ကြမလဲ။ ကြာရင် ငြိမ်းချမ်းတဲ့ဗုဒ္ဓတရားတော်တွေကိုပါ ထိခိုက်တော့မယ်။ ့် ကမ္ဘာ့ဗုဒ္ဓသာသနာပြု သီတဂူဆရာတော်ဘုရားကြီး ဩဝါဒလို ညှိနှိုင်းတဲ့ ငြိမ်းချမ်းရေးနည်းလမ်းများဖြင့် ဝိုင်းစဉ်းစားကြဖို့ မေတ္တာရပ်ခံပါတယ်။ ဗုဒ္ဓရဲ့တရားတော်တွေကို မည်သူမှ အပိုင်မသိမ်းပိုက်ထားသင့်ဘူးလို့ ထင်မိပါတယ်။

  • realman

    November 1, 2011 at 4:28 pm

    ဗုဒ္ဓဘုရားက သူ့သာသနာကို ဒေဝဒတ်နဲ့ အပေါင်းအပါတွေက လွှဲပေးဖို့တောင်းဆိုတော့ “သင်မပြောနဲ့ လက်ယာရံ၊ လက်ဝဲရံတပည့်တွေတောင် မပေးဘူး”လို့ မိန့်ခဲ့တာရယ်
    ပရိနိဗ္ဗာန်စံကာနီးမှာ သူ့သာသနာကို သံဃာ(ဗုဒ္ဓတပည့်ရဟန်းများအားလုံး)ကိုပဲလွှဲခဲ့တယ်ဆိုတာရယ်ဟာ အထင်အရှားပဲ၊
    ဆိုလိုတာက သူ့သာသနာကို ဘယ်ပုဂ္ဂလိကအဖွဲ့၊ ဘယ်ပုဂ္ဂိုလ်တွေကိုမှ အပိုင်မပေးဘူးလို့ ဆိုလိုတာပဲ။ ဒါဆို ဗုဒ္ဓသာသနာဟာ ငါတို့ပဲဆိုင်တယ်၊ ပိုင်တယ်လို့ အပိုင်စီးချင်နေချင်ကြာတာ ဓမ္မလား၊ အဓမ္မလား။ အခုက ဘာသာရေး အနုကြမ်းစီးသလိုဖြစ်နေကြပြီ။ ငါတို့ဟာမှ ဓမ္မ၊ ငါတို့နဲ့ မတူရင် အဓမ္မဆိုတာ ဘာသာရေးအနုကြမ်းစီးနေကြတာပဲ။

  • shwemyintin

    November 3, 2011 at 5:10 pm

    mgpeace ရဲ့ တင်ပြချက်ကို ကြိုဆိုထောက်ခံပါတယ်ဗျာ၊ ဒီနေ့လို ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကြီးမှာ ကိုယ်နဲ့မတူသူကို ကိုယ့်ရန်သူလုပ်လို့မရပါဘူး။ ဒီနေ့မြန်မာပြည်တွင်းရှိ ဗုဒ္ဓဘာသာဝင်များသည် ဗုဒ္ဓဘာသာဝင်များဘဲဖြစ်ပါတယ်။ ထေရဝါဒ၊ ဘာဝါဒ၊ ညာဝါဒ ဆိုတာကတော့ နောက်မှ ဆရာများ၏ သတ်မှတ်ခြင်းပါ။ ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ ထေရဝါဒများသာ ပိုင်ဆိုင်သော အမည်နာမမဟုတ်ပါဘူး။ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာတောင် ဗုဒ္ဓဘာသာသည် နိုင်ငံတော်၏ ပြည်သူအများကိုးကွယ်သော အထူးဝိသေသပြု ဘာသာအဖြစ် သတ်မှတ်ထားတာပါ။ ထေရဝါဒဗုဒ္ဓဘာသာဆိုပြီး ခွဲခြားသတ်မှတ်တာမျိုး မရှိပါဘူး။ ဒီလိုသတ်မှတ်တာလည်း ပြည်သူအများစုကို လေးစားသော အချက်ပါပဲ။ အစ္စလန်ကိုးကွယ်မှုများသော ပြည်သူအများစုနေထိုင်သော နိုင်ငံများကလည်း နိုင်ငံတော်ဘာသာကို အစ္စလန်ဘာသာအဖြစ်သတ်မှတ်တာပါ။ ထေရဝါဒစွဲ ပုဂ္ဂိုလ်များကို သိစေလိုပါတယ်။ ယနေ့မြန်မာပြည်သူအများစု ဗုဒ္ဓဘာသာဝင်ဖြစ်စေရန် မည်သည့် ထေရဝါဒသံဃာ၏ အကူအညီမျှ မလိုပါ။ အဖေ၊ အမေနှစ်ဦး ဗုဒ္ဓဘာသာဖြစ်သည့်အတွက် ဗုဒ္ဓဘာသာဖြစ်တာပါ။
    ပြည်သူများကလည်း သူက ဘာဝါဒ၊ ညာဝါဒ ဆိုပြီး ဝါဒစွဲနှင့် ပေါင်းသင်းဆက်ဆံတာမျိုး မရှိပါ။ လူသားတစ်ဦး၏ အပြော၊ အပြု၊ အနေများ ကောင်းမွန်မှန်ကန်ပါက ဘာသာရေးနှင့် အသားအရောင်ဆိုတာ ပဒါနမကြပါဘူး။ လူနှင့်လူခြင်း ဆက်ဆံမှုတွင် သမ္မာမျှတမှုရှိပါက အစဉ်ငြိမ်းချမ်းပြီး လူ့လောကကြီး တိုးတက်ဝေစည်နေမှာပါ။
    အောင်ပန်းမြို့ကျင်းပတဲ့ ဓမ္မနှင့် အဓမ္မဆိုင်ရာ စာပေဟောပြောပွဲ၏ ရလာဒ်သေချာတာတစ်ခုကတော့ လူသားအချင်းချင်း ငြိမ်းချမ်းမှုကို မဆောင်နိုင်တာကတော့ သေချာပါတယ်။

    ဗုဒ္ဓဘာသာဟူသော စကားရပ်သည် အခြားသော မည်သည့်ဗုဒ္ဓဘာသာတို့နှင့်မဆို သက်ဆိုင်ပါသည်။

    မလေးရှားနိုင်ငံတွင် အလ်လာ(ဘုရားသခင်)ဟူသော စကားလုံးနှင့်ပတ်သက်ပြီး အငြင်းပွားမှုတစ်ခု ဖြစ်တာကြားဘူးပါတယ်။ အစ္စလန်ဘာသာနှင့် ခရစ်ယာန်ဘာသာတို့အကြား အငြင်းပွားမှုပါ။ အလ်လာ(ဘုရားသခင်)ဆိုသော စကားလုံးသည် သူ့ဘာသာပိုင်၊ ငါ့ဘာသာပိုင် အငြင်းပွားပြီး တရားရုံးမှ အမိန့်ချပေးခဲ့ရပါတယ်။ ဘာသာနှစ်ခုစလုံးမှ အသုံးပြုခွင့်ရရှိပါတယ်။

  • ကိုငြိမ်းအေး

    November 7, 2011 at 11:20 am

    လူသားတွေငြိမ်းချမ်းမှုကို ပျက်ပြားစေတယ်ဆိုရင် မည်သည့်ဘာသာဝင်တွေပဲ ကျူးလွန်၊ ကျူးလွန် ဒါဘာသာတရားတွေရဲ့တန်ဘိုးကိုကျဆင်းစေမှာပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ ဘာသာတရားတွေဆိုတာ လူသားတွေ ငြိမ်းချမ်းစေမှုရဲ့ ပြယုဂ်တွေဖြစ်နေလို့ပါပဲ။ ငြိမ်းချမ်းမှုရဖို့ကို ရန်ဖြစ်နေကြမှုများ၊ အတင်းအကျပ်နှိပ်ကွပ်နေကြမှုများနဲ့ ဖြေရှင်းနေလို့ကတော့ ရလာမယ့်အဖြေက “မငြိမ်းချမ်းမှု”ပါပဲ။
    ကိစ္စတိုင်းမှာ အကောင်းဆုံးအဖြေဆိုတာရှိပါတယ်။ သိအောင်မရှာနိုင်သေးလို့သာ မတွေ့တာဖြစ်မှာပါ။ ဒါ့ကြောင့် မငြိမ်းချမ်းမှုများနဲ့ အတင်းအကျပ်နှိပ်ကွပ်ဖြေရှင်းမှုတွေဟာ အကောင်းဆုံးအဖြေများမဟုတ်နိုင်ပါ။
    ငြိမ်းချမ်းစေတဲ့ အကောင်းဆုံးအဖြေကို ရှာဖွေကြဖို့နဲ့ မိမိတို့ အဖြေကို ဒါအမှန်ဆုံးပဲလို့ မသိမ်းပိုက်ထားကြဖို့လိုအပ်ပါတယ်။
    မိမိရဲ့လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှုဟာ သူတစ်ပါးရဲ့ ယုံကြည်ကိုးကွယ်မှုကို ထိခိုက်ဖို့မသင့်သလို၊ မိမိရဲ့ယုံကြည်ကိုးကွယ်မှု ထိခိုက်လို့ ကာကွယ်ကြတဲ့အခါမှာလည်း တစ်ပါးသူရဲ့ယုံကြည်ကိုးကွယ်မှုကို ပြန်လည် မထိခိုက်မိဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်က ကာကွယ်တော့ သူများကို ပြန်ထိခိုက်၊ သူကပြန်ကာကွယ်တော့ ကိုယ့်ကိုပြန်ထိခိုက်ဆိုတော့ ဘယ်တော့ ငြိမ်းအေးကြမလဲဆိုတာ စဉ်းစားကြဖို့လိုပါတယ်။

  • mgmaung

    November 10, 2011 at 6:13 pm

    အယူလည်း မစွဲကြပါနဲ့/
    ဝါဒလည်း မစွဲကြပါနဲ့/
    – – – – – မစွဲကြပါနဲ့/
    – – – – – မစွဲကြပါနဲ့/
    – – – – – မစွဲကြပါနဲ့/
    အစွဲဟူသမျှ ဘာကောင်းလဲ/
    အစွဲပြုတ်အောင်လုပ်မှ – – – – ပြန်စွဲလို့ တော်ပါ့မလား။

Leave a Reply