ကိုယ်ရေရေလည်လည် အပျင်းထူထားတဲ့

ကဗျာတစ်ပုဒ် မင်းဖတ်ကြည့်မလား

စကားလုံးတွေ နောက်လိုက်ရူးရတဲ့အလုပ်ဟာ

ဆိတ်ငြိမ်တောအုပ်ရဲ့ တစ်ဘက်ကမ်းကတောင်ယာလား

မိသားစုဓါတ်ပုံကို ဆယ်ဆတိတိ စိတ်ကူးယဉ်ကြသူတို့

အသက်ဓာတ်များ ပါးလှပ်ကြုံလှီ

ခိုတွေ တစ်အုပ်ပြီးတစ်အုပ်

ဓါတ်ကြိုးတွေပေါ်ကနေ လမ်းပေါ်ကို

ငါ့ညီလေးနဲ့ သူ့သူငယ်ချင်းတွေကလည်း အဲဒီလို

မင်းညီမလေးလည်း အဲဒီလိုပဲလား

ထောင်ချောက်တွေဟာ တစ်ချက်သမ်းဝေလိုက်တာနဲ့

သစ်ပင်ကလည်း အမြစ်အထိရူးသွားဖို့စောင့်နေတယ်

အမေက ခြင်္သေ့လို့ ချစ်စနိုးခေါ်တဲ့ ငယ်နာမည်ကလည်း

ဒီမှာတော့ ၀ံပုလွေဖြစ်လိုဖြစ်

ရင်ထဲက ကျောက်ပေါက်မာတွေလည်း

ပခုံးတွေ လက်မောင်းတွေပေါ်ကို ရောက်လာကြတယ်

ဝတ်ကောင်းစားလှ ကြယ်တံခွန်နဲ့

ဥက္ကာပျံတွေ မိုးခါးရေ သောက်တဲ့မြို့မှာ

ငါ့ညီလေး ဂစ်တာတီးတာ ရီ(ရယ်)စရာလား

အရေးထဲ ရွက်ဆုတ်ပြက္ခဒိန်မှာ မင်းပုံတွေ

မှားဆုတ်သွားတဲ့ကောင်မလေးအကြောင်း စဉ်းစားမနေပါနဲ့ကွာ

ပွဲတော်တွေကလည်း အမဲလိုက်မလွတ်တဲ့တောအုပ်လို

စိတ်အသားအရောင်မတူတဲ့ လူတွေကို ဂိမ်းထဲ ထည့်မဆော့နဲ့ပေါ့ကွာ

ဘာဖြစ်လဲ…

နာမည်ကြီး ငလျင်နဲ့ ကျော်ကြားသူများ ရပ်ဝန်းဟာ

ကြောက်စရာ . . .

ငါတို့က  . . .

အိမ်ပြန်နောက်ကျသူချင်း ပေါင်းသင်းမိကြတော့

အနာပေါ် တုတ်ကျတဲ့နေ့တွေ များများဖြတ်သန်းရတာပေါ့

ငယ်ဘ၀ ၀ှက်ဖဲလေးကို အလွမ်းကျင့်ရတာ တစ်ခုနဲ့

မိုးရေချိန်လက္မမြို့ကလေးနဲ့ အမေအကြောင်း

လေတိုက်နှုန်းက ပိုပိုမြင့်လာ

တစ်ည …..

မိုးကောင်းကင်ကို မော့ကြည့်မိတော့မှ

ငါတို့ ရှာဖွေနေကြတဲ့ လိပ်စာဟာ

မြို့ကြီးပြကြီးထဲမှာ မရှိဘူးဆိုတာ

တွေးမိတော့တယ် . . .။         ။

ဒီကဗျာလေးက ရေးခဲ့ဖူးတဲ့ကဗျာတွေထဲက စကားလုံးအချို့ကို

ပြန်ပြီး collect လုပ်ထားပါတယ် ။ ကျေးဇူးတင်ပါတယ်ခင်ဗျား………..။

 

 

 

About comegyi

comegyi comegyi has written 25 post in this Website..

art