လေတိုက်ရာအရပ်သို့ မျက်နှာမူကာ(၂)

comegyiNovember 1, 20111min886

ကိုယ်ရေရေလည်လည် အပျင်းထူထားတဲ့

ကဗျာတစ်ပုဒ် မင်းဖတ်ကြည့်မလား

စကားလုံးတွေ နောက်လိုက်ရူးရတဲ့အလုပ်ဟာ

ဆိတ်ငြိမ်တောအုပ်ရဲ့ တစ်ဘက်ကမ်းကတောင်ယာလား

မိသားစုဓါတ်ပုံကို ဆယ်ဆတိတိ စိတ်ကူးယဉ်ကြသူတို့

အသက်ဓာတ်များ ပါးလှပ်ကြုံလှီ

ခိုတွေ တစ်အုပ်ပြီးတစ်အုပ်

ဓါတ်ကြိုးတွေပေါ်ကနေ လမ်းပေါ်ကို

ငါ့ညီလေးနဲ့ သူ့သူငယ်ချင်းတွေကလည်း အဲဒီလို

မင်းညီမလေးလည်း အဲဒီလိုပဲလား

ထောင်ချောက်တွေဟာ တစ်ချက်သမ်းဝေလိုက်တာနဲ့

သစ်ပင်ကလည်း အမြစ်အထိရူးသွားဖို့စောင့်နေတယ်

အမေက ခြင်္သေ့လို့ ချစ်စနိုးခေါ်တဲ့ ငယ်နာမည်ကလည်း

ဒီမှာတော့ ဝံပုလွေဖြစ်လိုဖြစ်

ရင်ထဲက ကျောက်ပေါက်မာတွေလည်း

ပခုံးတွေ လက်မောင်းတွေပေါ်ကို ရောက်လာကြတယ်

ဝတ်ကောင်းစားလှ ကြယ်တံခွန်နဲ့

ဥက္ကာပျံတွေ မိုးခါးရေ သောက်တဲ့မြို့မှာ

ငါ့ညီလေး ဂစ်တာတီးတာ ရီ(ရယ်)စရာလား

အရေးထဲ ရွက်ဆုတ်ပြက္ခဒိန်မှာ မင်းပုံတွေ

မှားဆုတ်သွားတဲ့ကောင်မလေးအကြောင်း စဉ်းစားမနေပါနဲ့ကွာ

ပွဲတော်တွေကလည်း အမဲလိုက်မလွတ်တဲ့တောအုပ်လို

စိတ်အသားအရောင်မတူတဲ့ လူတွေကို ဂိမ်းထဲ ထည့်မဆော့နဲ့ပေါ့ကွာ

ဘာဖြစ်လဲ…

နာမည်ကြီး ငလျင်နဲ့ ကျော်ကြားသူများ ရပ်ဝန်းဟာ

ကြောက်စရာ . . .

ငါတို့က  . . .

အိမ်ပြန်နောက်ကျသူချင်း ပေါင်းသင်းမိကြတော့

အနာပေါ် တုတ်ကျတဲ့နေ့တွေ များများဖြတ်သန်းရတာပေါ့

ငယ်ဘဝ ဝှက်ဖဲလေးကို အလွမ်းကျင့်ရတာ တစ်ခုနဲ့

မိုးရေချိန်လက္မမြို့ကလေးနဲ့ အမေအကြောင်း

လေတိုက်နှုန်းက ပိုပိုမြင့်လာ

တစ်ည …..

မိုးကောင်းကင်ကို မော့ကြည့်မိတော့မှ

ငါတို့ ရှာဖွေနေကြတဲ့ လိပ်စာဟာ

မြို့ကြီးပြကြီးထဲမှာ မရှိဘူးဆိုတာ

တွေးမိတော့တယ် . . .။         ။

ဒီကဗျာလေးက ရေးခဲ့ဖူးတဲ့ကဗျာတွေထဲက စကားလုံးအချို့ကို

ပြန်ပြီး collect လုပ်ထားပါတယ် ။ ကျေးဇူးတင်ပါတယ်ခင်ဗျား………..။

 

 

 

6 comments

  • .မြန်မာတော့ မြန်မာပဲ
    အက္ခရာတွေ စီကာတော့ စဉ်ထားတာပဲ
    နွေနေ့လည်ခင်းအိမ်မက်လို
    ဂယောင်ခြောက်ခြားများ ဖြစ်နေရော့လား

    အချိုမှုန့်မပါတဲ့ဟင်း
    မြန်မာပါးစပ်နဲ့တွေ့သလို
    အရသာ ပေါ့ပျက်ပျက်နဲ့
    တယ်လဲ…
    စားမဝင်လှဘူး

    တာရာရောင်းတဲ့ မင်းဝေတော့
    သူ့သမိုင်း သူရေးခဲ့ပြီ
    ကိုမဲကြီးတော့
    သမိုင်းတွေ စိုက်ထူနေတုန်း
    ပေးလိုရင်း အလျဉ်းမသိသော်ငြား
    ရေးသားသည့်စကားလုံးများ
    သေချာစွာ ဖတ်ရှုပါ၏။
    ဖင်ပြန်၊ခေါင်းပြန်
    နောက်မှသည် ရှေ့သို့
    အလယ်မှသည် အစသို့
    အဘယ်လို ဖတ်ပါသော်ငြား
    ဉာဏ်စဉ်မမှီကြောင်းအား
    အားနာစွာ ဖွင့်ဆိုပါ၏။

  • thit min

    November 1, 2011 at 12:43 pm

    ပုလဲလို
    အသွင်လှခင့်ကို
    တွဲခို လည်မှာတင့်
    အဆင့်လိုမျိုးထား
    ရိုးသားတဲ့အချစ်
    လေညာရပ်ကဖြစ်တာမို့
    နှစ်၁၀ဝ ချို့လဲမပျက်
    အသက်ရှိသ၍
    အရမ်းကြီးချစ်သမို့
    ကျုပ်”ကိုကမ်းကြီး” ဖြစ်ရပါကြောင်း>>>။(^^)

  • comegyi

    November 1, 2011 at 12:46 pm

    အရပ်ရှစ်မျက်နှာသို့ ကိုရှုံးနိမ့်မှုများနဲ့လူခမြာ……သေသေချာချာရှာဖွေပါသော်လည်း ကျွန်ုပ် ခိုးထုပ်ခိုးထည်အား မိမသွားရှာပါ။ မိတ်ဆွေကြီး ဉာဏ်စဉ်မမီခြင်း မဟုတ်ပါ။ ကျွန်ုပ်ဖွက်ထားခြင်း လွန်သွားခြင်းလည်းဖြစ်ပေလိမ့်မည်ပေါ့ ….

  • comegyi

    November 1, 2011 at 12:51 pm

    ရှောင်တိမ်းယိမ်းဖယ်နေတဲ့ ပန်းကို
    နောင်ယိ်မ်မယ် မှန်းပြီး
    မညွတ်လာသမျှ
    ဆွတ်သာမှတ်လို့
    အပင်ရိပ်အခြေထောင့်က
    အထင်စိတ်တွေနဲ့
    စောင့်နေရတာပါ
    ကိုသစ်ရယ်..
    ခွိခွိ အဲဒါ အနော့်စာသား မဟုတ်ဘူးဗျ
    ငယ်ငယ်တုန်းက ဖတ်ဖူးတာ မှတ်မိနေလို့…..။

  • windtalker

    November 1, 2011 at 12:56 pm

    မိုးကောင်းကင် ကို မော့ကြည့်လိုက်တော့
    ခင်ဗျား နဲ ့ကျုပ်နဲ ့သောက်တာ ရေချိန်လွန်ခဲ့မှန်း သိရတော့တယ်
    ထွက်ကာစ နေမင်း ပြူတစ်ပြူတစ်

  • comegyi

    November 1, 2011 at 1:40 pm

    လင်းဆွဲလေး လို သဘောထားလိုက်ပေါ့ ကိုယ့်လူရာ……

Leave a Reply