ကြောင်တစ်ကောင်ရဲ့ခံစားချက်

ကြောင်လတ်November 2, 20111min1005

“ဒီနေ့မီးလေးစားဖို့ ငါးသေတ္တာချက်ထားတယ် အဲဒါနဲ့ကျွေးပေါ့”

အဲဒီနေ့က ငါးသေတ္တာဆိုတာကို စ စားရပြီးနောက်နေ့တွေမှာ ငါးဟင်း၊ ပုစွန်ဟင်းနဲ့အခြားအသားဟင်းတွေကို စားရပါတယ်။ ဒီလိုစားရတဲ့အခါတွေမှာ    အမေနဲ့ ညီ၊ ညီမလေးတွေကိုသတိရပါတယ်၊ သူတို့တွေကောဘာတွေ စားနေကြပါလိမ့်၊ ငါ့လိုနေ့တိုင်းဟင်းကောင်းမစားရတောင်မှ သူတို့တွေလဲ ဒီလိုဟင်းတွေစားရမှာပါလို့ တွေးရင်းဖြေသိမ့်ရပါတယ်။ ကျွန်တော်ကိုယ်တိုင်တောင်တခါတခါ ဟင်းမကျန်လို့ ငါးပိရေနဲ့စခမ်းသွားခဲ့ရသေးတာပဲလေ။

ကျွန်တော့ကို ကျွေးဖို့ တခါတစ်ရံ ငါးအကောင်သေးသေးလေးတွေပြုတ်ထားပါတယ်။ ငါးမရှိရင် တော့ ငါးခြောက်ကြော်လေးတွေချကျွေးတတ်ပါတယ်။

 

 

 

 

 

 

 

 

 

 

အဲဒီလိုနေ့မျိုးဆို ကျွန်တော်အူစိုတာပေါ့၊ တခါတလေတော့ ညနေပိုင်းဟင်းကုန်သွားတတ်ပါတယ်၊       အဲဒီလိုအခါမျိုးမှာ

“ကဲရွှေဝါရေ ဒီနေ့ဟင်းကတော့မရှိတော့ဘူး၊ငါတို့တောင် ရှိတဲ့ဟင်းလေးမျှစားရတာ၊                                     နင်ကတော့ တစ်ခါတစ်လေ ငါးပိရေနဲ့သာစားပေတော့”

ဆိုပြီးကျွန်တောကို ငရုပ်သီးတွေရဲနေတဲ့ ငါးပိရေဖျော်နဲ့နယ်ကျွေးပါတယ်၊                      ကျွန်တော်စားလို့အဆင်မပြေပါဘူး။ အဲဒီအခါ ကျွန်တော်ရဲ့ထုံးစံအတိုင်းထမင်းစားနေတဲ့သူတွေရဲ့ ခြေထောက်ကို ခေါင်းလေးနဲ့ခွေ့ ခွေ့ပြီးတော့    အစာတောင်းတာပေါ့၊  မီးလေးရဲ့အမက

“ဒီကြောင်ကလည်းတော်တော် ဖင်ဂေါင်းကျယ်တာပဲ၊ ငါးညှီနံ့မပါရင် စားကိုမစားတော့ဘူး”

ဆိုပြီး ခြေထောက်နဲ့ကန်ထုတ်တတ်ပါတယ်၊ကျွန်တော် သူပြောသလိုကျယ်တာမဟုတ်ပါဘူး၊              အရင်ကတည်းက အသားစားလာတာဆိုတော့ရုတ်တရက် ဟင်းမပါဘဲမစားတတ်တာပါ၊   နောက်ပြီးတော်ရုံဆိုဟုတ်သေး ငရုပ်သီးတွေပါတဲ့ငါးပိရေကို ဘယ်လိုစားတတ်ပါ့မလဲ၊           ကိုယ်ချင်းစာကြည့်ကြပါ။ ကျွန်တော်လည်း ထမင်းစားနေသူတွေ ကိုလှည့်ပတ်ပြီး တညောင်ညောင်နဲ့ တောင်းဆိုရတာပေါ့။

“ညောင်..ညောင်…ညောင်  … ငါးပိရေနဲ့ဆိုရင်လည်းစားနိုင်ပါတယ်၊ငရုပ်သီးအစပ်တွေတော့မထည့်ပါနဲ့။ ထမင်းကိုငါးပိရေအဖြူနဲ့ပြန်လဲပေးပါ”

“ဒီကြောင်ကလည်းတ ညောင်ညောင်နဲ့  ဘယ်လိုဖြစ်နေလည်းမသိဘူး၊ ကြောင် -ီး ပူတယ်ဆိုတဲ့အတိုင်းပဲ”

ကျွန်တော်ပြောတာကိုဘယ်သူမှနာမလည်ပဲ မီးလေးအမေကတော့ အဲသလိုပြောတယ်၊ ဘာကိုပြောတယ်ဆိုတာကျွန်တော်သဘောမပေါက်ပါဘူး၊ ဒုက္ခပါဘဲ ၊မတတ်နိုင်တော့ဘူးကျွေးထားတဲ့ ထမင်းလေးကိုပဲ မစားချင် စားချင် နဲနဲစားလိုက်ရပါတယ်။

 

 

 

 

 

 

 

 

 

စားလို့မရပါဘူး၊အဲဒီညက ကျွန်တော်ထမင်းမဝပါဘူး။နောက်နေ့မနက်ရောက်တော့ပြဿနာတစ်ခုကြုံပါတယ်၊ ကျွန်တော်အိမ်ရှေ့မှာအိပ်နေတုန်း

“ကရင် ကရင်…….ကရင် ကရင်…….. ကရင် ကရင်…မွန်…. ဗမာ…ရခိုင်…ရှမ်း”

ဆိုတဲ့တယ်လီဖုန်းမြည်သံထွက်လာပါတယ်၊နောက်ဖေးက မီးလေးအမ ပြေးထွက်လာပြီး ဖုန်းကိုင်လိုက်ပါတယ်၊

“ဟဲလို  ဘယ်သူပါလဲရှင် ”

“……….”

“အော်  ကို လား…..ဟုတ်တယ်……မီးလေးကိုင်နေတာ…”

“………..”

“မရှိကြဘူး၊  အပြင်သွားကြတယ်”

“…………”

“ဟွန့်.. ကိုနော် ပေါက်ကရတွေမပြောနဲ့ဖုန်းချပလိုက်မယ်သိလား..”

“အီ @ # kွိ s ိ %  စီ @ *  kွ s ါ့ × ကလီ >+< ”

ကျွန်တော်လည်းနားမခံနိုင်တော့တာနဲ့နောက်ဖေးဘက်ကိုထွက်ခဲ့ပါတယ်။ နောက်ဖေးရောက်တော့

အင်မတန်သင်းပြန့်တဲ့အနံ့တစ်ခုက ကျွန်တော့ကို ဆွဲဆောင်နေပါတယ်။ အနံ့ရှိရာကိုသွားလိုက်တော့           မီးဖိုပေါ်မှာ ငါးကြော်ထားတဲ့အနံ့ပါ၊ လျှပ်စစ်မီးဖိုကတော့ မီးပိတ်ထားပါပြီ၊ မီးဖိုဘေးမှာတော့ကြော်ပြီးသားငါးကြော် လေးငါးကောင်ကို ပန်းကန်ထဲမှာထည့်ထားပါတယ်၊                     မီးလေးရဲ့အမဟာ ဖုန်းမြည်သံကြားလို့ မီးဖိုကို ပိတ်ခဲ့ပြီး ကြော်ပြီးသားငါး တွေကိုမဖုံးမအုပ်ပဲထားခဲ့တာပါ။ အိမ်အကူအမကတော့ ရေချိုးခန်းထဲမှာ  အဝတ်တွေကိုတဘုန်းဘုန်း ရိုက်ပြီးလျှော်နေပါတယ်။ ငါးကြော်ပန်းကန်နားမှာတော့ ကြွက်နှစ်ကောင်ပွဲတော်တွေ့နေပါတယ်။ ကျွန်တော်လာတာတွေ့တော့ သကောင့်သားနှစ်ကောင်လစ်သွားပါတယ်။  ကျွန်တော်လည်း ညကထမင်းမဝလို့ ဗိုက်စာနေတာနဲ့           အသင့်တွေ့တဲ့ ပန်းကန်ထဲက ငါးကြော်ကို နှိုက်စားလိုက်ပါတယ်၊ နှစ်ကောင်လောက်ကုန်တဲ့အချိန်မှာ              ရေချိုးခန်းထဲ အဝတ်လျှော်နေတဲ့အမက အဝတ်လှမ်းဖို့ထွက်လာရင်း ကျွန်တော်ကိုမြင့်ပြီး အလန့်တကြားနဲ့

“အမလေး  ကုန်ပါပြီ  ကုန်ပါပြီ  ..၊ အမရေ  ရွှေဝါ  ငါးကြော်တွေကို ခိုးစားနေတယ်”

လို့ဆိုပြီးအိမ်ရှေ့မှာ ဖုန်းပြောနေတဲ့ မီးလေးအမကို လှမ်းအော်ခေါ်ပါတယ်။ ကျွန်တော်လည်းကြောက်ကြောက်နဲ့လွတ်ရာကိုပြေးတာပေါ့၊ပါးစပ်ထဲတော့ ငါးကြာ်နောက်တစ်ကောင်ကို ရအောင်ကိုက်လာပါသေးတယ်။ မီးလေးအမလည်း နောက်ဖေးကိုပြေးဝင်လာပြီး

“ဟယ်  အကျင့်မကောင်းတဲ့ ကြောင်စုတ်၊ ကြောင်သူခိုး၊မိရင်တော့ မှတ်လောက်အောင်ရိုက်လိုက်အုံးမယ်”

“ဟုတ်တယ်အမရယ်၊ ဒီကြောင်အိမ်မှာထားဖို့မကောင်းဘူး၊ကြောင်သူခိုး၊ ကြွက်တွေအများကြီး သောင်းကျန်းနေတာကိုတော့ ခုတ်ဖော်မရဘူး၊ ဟင်းပဲခိုးစားနေတယ် ၊ကြောင်ပျင်းကြောင်သူခိုး သေအောင်သာရိုက်”

ကျွန်တော်ကို မညှာမတာပြောနေတာပါ၊ကြောင်သူခိုးတဲ့လား၊ကျွန်တော် စားပွဲပေါ်မှာအုပ်ထားတဲ့အုပ်ဆောင်း ကိုတွန်းချပြီးစားတဲ့ကြောင်မဟုတ်ပါဘူး၊ အဖုံးအုပ်ထားတဲ့ဒန်အိုးကိုလှန်ပြီးစားတာလဲမဟုတ်ပါဘူး၊ ကျွန်တော်တို့သတ္တဝါတွေဆိုတာ အသင့်တွေ့နေရင် တော့နှိုက်စားကြတာပါ၊ မစားစေချင်ရင်   လုံအောင်ဖုံးအုပ်ထားပေါ့။ မနေ့ကတောင် အိမ်အောက်မှာ ချလှမ်းထားတဲ့ငါးခြောက်ဗန်းကို               အိမ်မှာမွေးထားတဲ့ မဲလုံးက နှိုက်စားလို့ပူညံပူညံဖြစ်ပါသေးတယ်၊ မျက်စေ့ရှေ့မှာအသင့်တွေ့ရင်တော့စားမှာပေါ့၊မစားစေချင်ရင်အစောင့်ထား၊ မထားနိုင်ရင် သူတို့မျက်စေ့မြင်သာတဲ့နေရာမှာထားပြီး ခွေးဖြစ်ဖြစ်၊ကြောင်ဖြစ်ဖြစ်၊ကျီးကန်းဖြစ်ဖြစ် အနားကပ်လာတဲ့အကောင်ကိုခြောက်လှန့်လွှတ်ရမှာပါ။

အခုလည်းမီးလေးအမ သူ့ ဘဲနဲ့ အီစီကလီလုပ်နေပြီးမအုပ်ပဲထားခဲ့တာကို စားတာကျွန်တော့အပစ်လား၊ ကျွန်တော်မစားလဲ ကြွက်တွေစားမှာပါပဲ။တကယ်အပစ်ရှိတာက မီးလေးအမပါ။   နောက်ပြီးပြောသေးတယ်ကြွက်မခုတ်ခုတ်တဲ့ကြောင်ပျင်းတဲဒီလိုအပြောခံရတော့နာတယ်။ ကျွန်တော်ကြွက်ခုတ်ရတော့မယ်။

“ချွမ်း ဂလောင်…ဒေါင်…ခွမ်း”

“အမလေး ကုန်ပါပြီ  ရွှေဝါရယ်  ပန်းကန်တွေတော့ ကွဲကုန်ပါပြီ… ကြွက်တစ်ကောင်တောင်မိအောင်မခုတ်နိုင်ပဲ ပန်းကန်ကျတော့ကွဲအောင်လုပ်တယ်၊ တော်တော်အသုံးမကျတဲ့ ကြောင်ပဲ”

တည၊ ကျွန်တော် ကြွက်တစ်ကောင်ဖမ်းဖို့ကြိုးစားတာပေါ့၊ ကြွက်က စတီးဘေစင်ပေါ်မှာရေစစ်ထားတဲ့ ပန်းကန်တွေနားမှာပါ၊ ပန်းကန်တွေကိုပန်းကန်စင် ပေါ်မတင်ခင် ပလပ်စတစ်ခြင်းထဲထည့်ပြီး   ရေစစ်တဲ့အနေနဲ့ဘေစင်ပေါ်မှာတင်ထားတာပါ၊ခြင်းသေးသေးမှာမှောက်ပြီးထပ်ထားတဲ့ ပန်းကန်လုံးတွေ၊ပန်းကန်ပြားတွေက ခြင်းအပေါ်ကိုမောက်နေပါတယ်။ ကျွန်တော်လည်းအားရဝမ်းသာနဲ့ ကြွက်ကိုခုန်အုပ်လိုက်ပါတယ်၊ ကြွက်က လှစ်ကနဲနေအောင်လှည့်ပြေးသွားတော့ ကျွန်တော်လည်းပန်းကန်တွေကိုတို်က်မိပြီး ကျကွဲကုန်ပါတယ်။ ဒါကြောင့်အိမ်အကူအမကကျွန်တော့ကိုအသုံးမကျတဲ့ကြောင်လို့ပြောလိုက်တာပါ။ မီးလေးအမလဲနောက်ဖေးကိုဝင်လာပြီး

“ဟုတ်ပ ဟယ် ကြောင်ဖြစ်ပြီးတော့ ကြွက်တစ်ကောင်တောင်မိအောင်မဖမ်းနိုင်ဘူး၊ ခပ်ညံ့ညံ့ကြောင်ပါပဲ…” လို့ပြောပါတယ်။

မီးလေးအမေကလိုက်လာပြီး

“ညည်းကလည်းပန်းကန်တွေကိုရေခြောက်ရင် စောစောစီးစီး ပန်းကန်စင်ပေါ် မတင်ထားဘူး၊ပြီးတော့ပန်းကန်တွေကိုမောက်နေအောင်တင်ထားတာကိုး၊ညည်းအသုံးမကျတာလည်းပါတယ်..၊ အခုတော့ပန်းကန်တွေကွဲကုန်ပြီ….

လို့ဆူပူကြိမ်းမောင်းနေပါတယ်။

“ကြွေပန်းကန်ကွဲတွေ သေချာလှည်းအုံးနော်၊တော်ကြာခြေထောက်ကိုစူးနေဦးမယ်၊တံမျက်စီးနဲ့အမှိုက် ကျုံးတဲ့ ဂေါ်ပြားနဲ့လုပ်လက်နဲ့မကောက်နဲ့၊တော်ကြာလက်ရှနေရင် အလုပ်မလုပ်နိုင်ပဲနေမယ်”

လု့ိ အိမ်ဖော်ကောင်မလေးကို ပြောပြီးအိမ်ရှေ့ပြန်ထွက်သွားပါတယ်။

ကျွန်တော်ကိုပြောသွားလိုက်တာ ကြွက်မခုတ်တတ်တဲ့ကြောင်၊ အသုံးမကျတဲ့ကြောင်၊ ခပ်ညံ့ညံ့ကြောင်တဲ့။ ကျွန်တော်ကြွက်မခုတ်တတ်တာကိုတော့ အပစ်ပြောတယ်၊ ကျွန်တော့်ကိုခေါ်လာတဲ့အချိန်မှာ                                            နို့တောင်မခွဲသေးဘူး၊အမေကျွန်တော်တို့ မောင်နှမတွေကို ကြွက်ဘယ်လိုဖမ်းရမယ်ဆိုတာသေသေချာချာ သင်မပေးရသေးဘူးလေ။ တစ်ခါတုန်းက အမေကြွက်သေးသေးတစ်ကောင်ဖမ်းလာပြီး မစားသေးပဲနဲ့ လွှတ်ပေးလိုက်၊လက်ကလေးနဲ့ ဖမ်းပြီးပြန်အုပ်ထားလိုက်နဲ့ အကြိမ်ကြိမ်လုပ်ပြတာကိုတော့ မြင်ဖူးခဲ့ပါတယ်။ ဒါပေမဲ့အမေနဲ့အတူ ကြွက်အတူမဖမ်းဖူးပါဘူး၊ကြွက်ကိုဘယ်လိုအနံ့ခံရမယ်၊ ဘယ်နေရာကချောင်းရမယ်၊ ဘယ်အချိန်၊ဘယ်အခြေအနေမျိုးမှာ အမိဖမ်းအုပ်ရမယ်ဆိုတာကိုလက်တွေ့ကျကျ မသိခဲ့ပါဘူး။            ကျွန်တော်ညီ တွေ ညီမတွေကတော့ အခုချိန်မှာကြွက်ဖမ်း အိပ်(က်စ်)ပါ့ တွေဖြစ်နေလောက်ရောပေါ့ ။ ဒါပေမဲ့ကြောင်ပဲလေ၊ ကြောင်ဆိုတာကြွက်ကိုငယ်နိုင်ပါ ၊ကြောင်ဆိုတဲ့ဗီဇအရ ကြွက်ကိုတော့ရအောင်ဖမ်းနိုင်မှာပါ၊တနေ့ကျရင်တော့ကြွက်ကိုရအောင်ဖမ်းပြရမှာပေါ့။

တနေ့တော့ ဆက်တီခုန်ပေါ်မှာ ကျွန်တော်ဇိမ်ကျကျနဲ့ နှပ်နေတုန်းကျွန်တော်ကိုမျက်မုန်းကျိုးနေတဲ့အိမ်အကူအမက အိမ်သန့်ရှင်းရေုးလုပ်နေရင်းက

“ကြောင်စုတ်ကြောင်ငပျင်း အချိန်ရှိသရွေ့ အိပ်လိုက် စားလိုက်နဲ့ ဘာမှ အားမကိုရဘူး၊ အိမ်မှာကြွက်တွေဒီလောက်သောင်းကျန်းနေတချက်ကလေးခုတ်ဖော်မရဘူး၊..သွားစမ်း”  ဆိုပြီး ကြက်မွှေးတံမြက်စီးနဲ့ရိုက်ထုတ်ပါတယ်။ကျွန်တော်လည်းနောက်ဖေးဘက်ထွက်ပြေးရင်း စဉ်းစားပါတယ်၊ဟုတ်တော့ဟုတ်တယ်၊အိမ်မှာကြွက်တွေ အတော်သောင်းကျန်းနေတယ်၊ ငါရှိတာတောင်ငါ့ကိုအရေးမလုပ်ဘူး၊ဘယ်အရေးလုပ်မလဲ၊ငါကသူတို့တွေကို မိအောင်မှမဖမ်းတတ်ပဲ၊   တော်ကြာ ကြောင်သားမျိုးနွယ်တစ်ခုလုံးသိက္ခာကျတော့မယ်၊ငါသူတို့ကိုမိအောင်ဖမ်းဖို့လေ့ကျင့်ရမယ်။

ဘယ်လိုစလေ့ကျင့်ရမလဲစဉ်းစားရင်း အကြံတစ်ခုရပါတယ်၊ ပုရစ်လေးတွေ နှံဖတ်လေးတွေကို ရအောင်အရင်ခုတ်ပါတော့တယ်။ နောက်ပြီးနံရံကအိမ်မြှောင်တွေ အောက်ကိုဆင်းလာရင်မိအောင်ဖမ်းပြီး    လေ့ကျင့်ရပါတယ်။ ဒါကိုမသိတဲ့သူတို့က

“ဒီကြောင်ကလည်း ကြွက်မဖမ်းတတ်တော့၊ ပိုးကောင်နဲ့အိမ်မြှောင်ပဲ ဖမ်းပြီးစားနေရတယ်”

လို့ ပျက်ရယ်ပြုကြပါသေးတယ်။ နေသေးသပ ခြုံထဲက၊ချိုသွေးသပ တမျမျ  ပေါ့ဗျာ၊ တချိန်ကျရင်ကြောင်လတ်အကြောင်းသိရမှာပေါ့။ ပြောသာပြောရတယ် တခါတုန်းကလည်း ထွက်ပြေးရတဲ့အဖြစ်နဲ့ကြုံရသေးတယ်၊နှံမတစ်ကောင်ကို လိုက်ဖမ်းရင်း နှံမက ဘုရားစင်ပေါ်က ဘုရားပန်းမှာသွားနားနေတာ၊ ကျွန်တော်လည်းအတင်းလိုက်ရင်းအရှိန်မထိမ်းနိုင်တော့ပဲ ဘုရားပန်းအိုးကိုဝင်တိုက်လိုက်တာ၊ပန်းအိုးလည်းဘုရားစင်အောက်ကိုမှောက်ကျပါလေရော၊ ပန်းအိုးကစတီးပန်းအိုးဆိုတော့ကွဲမသွားပါဘူး၊ဘုရားစင်က ဘီရိုဘုရားစင်ခပ်နိမ့်နိမ့်ဆိုတော့               ပန်းအိုးလည်းပိန် မသွားပါဘူး။

ဒီလိုနဲ့အတော်ကြာလာတော့ကျွန်တော်ကြွက်ဖမ်းနိုင်သွားပါတယ်။ အိ်မ်မှာသောင်းကျန်းနေတဲ့ ကြွက်တွေညိမ်သွားတော့ကြောင်လတ်မျက်နှာနဲနဲရလာပါတယ်၊ ဒါပေမဲ့အခွင့်အရေးတစ်ခုတော့ ဆုံးရှုံးခံလိုက်ရပါတယ်.                                                                                                                        အရင်ကကျွန်တော်ဟာ မီးလေးရဲ့အဖော်ပါ၊မီးလေးကျောင်းကပြန်လာရင်ရွှေဝါရေလို့အရင်ခေါ်ပါတယ်၊ ကျွန်တော်ကလည်းမီးလေးအသံကြားရင် ရောက်ရာနေရာက အပြေးလေးလာပြီးမီးလေးနဲ့အတူတူဆော့တာပါ၊ မီးလေးကလည်းကျွန်တော်ကိုပွေ့ ပိုက်ပြီးဆော့တာပါ။ညအိပ်ရင်လည်းမီးလေးရဲ့ကုတင်ပေါ်တက်အိပ်တာပါ။ အခုကျတော့ မီးလေးအမေကခွင့်မပြုတော့ပါဘူး။

“မီးလေး ကြောင်ကို အတင်းပွေ့ဖက်မနေနဲ့၊အခုရွှေဝါက ကြွက်စားတတ်နေပြီ၊သမီးလေးကိုရောဂါကူးလိမ့်မယ်”

ဪ သူတို့သမီးကိုကျတော့ ရောဂါကူးမှာကြောက်သတဲ့လား၊ ကျွန်တော့ကျတော့ သူတို့တွေကြောက်တဲ့ ပလိပ်ရောဂါကိုသယ်လာတဲ့ကြွက်တွေကို သူတို့ကိုယ်စား သတ်စားပေးရမယ်တဲ့လား ၊တော်တော်တရားကျလိုက်ပါဘိဗျာ။ အခုကြွက်တွေကိုစားပြီးနောက်ပိုင်းမှာ ကျွန်တော်အသက်ရှူရတာသိပ်မကောင်းချင်တော့ပါဘူး၊ကြွက်မွှေးတွေက ကျွန်တော့ရဲ့အဆုတ်ကိုများဒုက္ခပေးနေသလားအသက်ရှူရင်အသံတွေအရမ်းပြင်းလာပါတယ်။                      ဒါကိုသိတဲ့ မီးလေးရဲ့အဖေက သူ့သမီးကိုစည်းကမ်းတစ်ခုထုတ်လိုက်ပါတယ်။

“သမီးလေး ရွှေဝါကိုအိပ်ယာထဲထားမသိပ်နဲ့တော့၊ကြောင်မွှေးတွေ သမီးအဆုတ်ထဲရောက်ပြီး အသက်ရှူကြပ်လိမ့်မယ်။ရွှေဝါလေးတောင်မှ ကြွက်မွှေးတွေကြောင့် အသက်ရှူရင် အသံတဂွီးဂွီးမြည်နေတာအပြင်ကနေတောင်ကြားနေရတယ်”

“ဟုတ်တယ်ဖေကြီး၊သမီးရွှေဝါလေးကိုပေါင်ပေါ်တင်ထားရင် အသက်ရှူတဲ့အသံတွေ တရွှီးရွှီး ကြားနေရတယ်၊အဲဒါရွှေဝါလေးမှာရောဂါရနေတာလားဟင်”

“ဟုတ်တာပေါ့သမီးရဲ့၊ ကြောင်တွေကို အရမ်းမချစ်နဲ့၊ကိုယ်ပါရောဂါရလိမ့်မယ်၊ဒါကြောင့်သမီးအိပ်ယာထဲမှာထည့်မအိပ်ခိုင်းရတာ”

ဒီလိုနဲ့ ကျွန်တော်မီးလေးနဲ့အတူအိပ်ခွင့်မရတော့ပါဘူး၊ဒါပေမဲ့ ညဖက်လူတွေအိပ်ချိန်မှာ မီးလေးရဲ့ကုတင်ပေါ်တက်ပြီးမီးလေးရဲ့ဘေးနားမှာခြင်ထောင်အပြင်ဘက်ကနေကပ်ပြီးအိပ်ရပါတယ်၊

တညမှာတော့ ကျွန်တော်ယောင်ဝါးဝါးနဲ့ တက်အိပ်နေလိုက်တာမီးလေးအမရဲ့ဘက်မှာဖြစ်နေပါတယ်။

မီးလေးအမတရေးနိုးတော့

“ဟယ်..ငါ့ဘေးမှာပူနွေးနွေးနဲ့ဘာကြီးလဲဟ၊ အော်…ဒီကြောင်စုတ် ငါ့ဘေးနားလာကပ်အိပ်နေတယ်သွားစမ်း ”

ဆိုပြီး ခြင်ထောာင်ကို ကိုင်ပြီးဆွဲခါချလိုက်တာ ရုတ်တရက်ဆိုတော့ ကျွန်တော်လည်းခြင်ထောင်နဲ့လက်နဲ့ညိပြီးကြောင်ကျမကျနိုင်တော့ပဲ ဘုန်းကနဲအောက်ကိုပြုတ်ကျသွားပါတယ်။

နောက်နေ့တွေမှာမီးလေးနဲ့ကျွန်တော်ထုံးစံအတိုင်းဆော့ကြတာပေါ့၊ ဒီအခါမှာသူ့အမေက

“မီးလေး ရွှေဝါနဲ့အရမ်းမဆော့နဲ့တော့၊ ရွှေဝါလက်သဲနဲ့ကုတ်မိရင် ဒီဒဏ်ရာကတဆင့်ရောဂါရနိုင်တယ်

နောက်ပြီးကြောင်တွေကခွေးတွေနဲ့မတူဘူး၊ကြောင်တွေကိုသိပ်မချစ်နဲ့”

“ဘာဖြစ်လု့ိလည်း၊မေမေရဲ့ ၊ကြောင်နဲ့ခွေးက ဘယ်လိုကွာလို့်လည်း”

“ခွေးတွေဟာသခင်အပေါ်အရမ်းသစ္စာရှိတယ်၊သခင်နဲ့ ဘယ်လောက်ပဲကွဲကွာနေ၊နှစ်ပေါင်းကြာတဲ့အထိမှတ်မိနေတယ်၊ ဒီသခင်ကသူ့ကိုစွန့်မပစ်မခြင်း၊သခင်သစ်ကိုမရှာဘူး…

“ကြောင်တွေက ဒီလိုမဟုတ်ဘူးသမီးရဲ့၊အိမ်မှာလူမမာတစ်ယောက်ရှိရင် သူတို့မနေတော့ဘူး၊တခြားကိုထွက်သွားတတ်တယ်။ခွေးတွေက အိမ်မှာ အိမ်ရှင်ဘယ်သူမှ မရှိရင်တောင် အိမ်ကိုလုံခြုံအောင်စောင့်ရှောက်ကြတယ်”

“ဟုတ်လို့လားမေမေ ”

“ဟုတ်တယ်သမီး၊မယုံရင်သမီးစောင့်ကြည့်နေ”

အော်..ပြောတတ်လိုက်ကြတာ၊ ကြောင်တွေကသခင်ပေါ်သစ္စာမရှိဘူးတဲ့၊ သူတို့ ကိုဒုက္ခပေးနေတဲ့၊ သူတို့အစားအသောက်တွေကိုခိုးဖွက်စားနေတဲ့၊ သူတို့ကိုရောဂါရစေတဲ့၊သူတို့ရဲ့အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းတွေကိုကိုက်ဖဲ့ဖျက်စီးနေတဲ့ ကြွက်တွေကို သုတ်သင်ရှင်းလင်းပေးနေတဲ့ကျေးဇူးတွေကိုထည့်မတွက်ကြတော့ဘူးလား။ ခွေးတွေကသခင်ကို သစ္စာရှိသတဲ့လား၊ ဟိုတနေ့က မီးလေးရဲ့အကိုက   မဲလုံးကိုအစာကျွေးရင်း မဲလုံးခွက်ထဲက ထမင်းနဲ့ဟင်းရေမနှံ့လို့ဆိုပြီးလက်နဲ့နှိုက်နယ်ပေးတဲ့ဟာကို စားမာန်ခုတ်ပြီး လက်ကိုလှမ်းဟပ်လိုက်တာ၊ မီးလေးအကိုလက်မှာသွားရာတွေကနေသွေးတွေထွက်သွားလို့ ဆေးခန်းအတင်းပြေးရတာကျတော့ ဘာမှမပြောပါလား၊ အစာကျွေးတဲ့လက်ကိုပြန်ကိုက်တတ်တဲ့ခွေးတွေလည်းရှိပါသေးတယ်။ ကျွန်တော်မီးလေးနဲ့ အတူတူဆော့လာခဲ့တဲ့ ကာလမှာ မီးလေးလက်ကို လက်သည်းရာတချက်မှ မထင်စေခဲ့ပါဘူး။ ကျွန်တော်တို့ကြောင်တွေက လက်သည်းကို လိုမှထုတ်သုံးတာလေ၊မလိုရင် လက်သည်းကိုဖွက်ထားတတ်ပါတယ်၊ကျွန်တော်ချစ်တဲ့ ကျွန်တော့ကိုချစ်တဲ့မီးလေး ကျွန်တော့်ကြောင့် ဘာဒဏ်ရာမှ မရစေခဲ့ပါဘူး။ နောင်လည်းမီးလေးကိုဘယ်တော့မှစွန့်ခွာမသွားဘူးဆိုတာ မီးလေးသိစေရမှာပါ၊မီးလေးအမေပြောသလိုစောင့်ကြည့်နေပါမီးလေးရယ်။

တနေ့မီးလေးနေမကောင်းဖြစ်ပါတယ်။ မိုးရေချိုးတာအချိန်လွန်ပြီး အအေးမိတာပါ၊

ဆေးခန်းကိုပြရင်းနဲ့နှစ်ရက်လောက်ဖြစ်လာပါတယ်။အိပ်ယာထဲမှာလဲနေပါတယ်၊ အအေးမိတော့ ရင်ကြပ်တာလည်းဖြစ်ပါတယ်။ ကျွန်တော်လည်းမီးလေးနားမှာ သွားပြီး

“ညောင် ညောင်… မီးလေးရယ်၊ နင်နေမကောင်းဖြစ်တာငါစိတ်မကောင်းပါဘူး၊ ငါ့မှာအခုဆော့မဲ့အဖော်တောင်မရှိတော့ပါဘူး.. နင်မြန်မြန်နေကောင်းအောင်ဆေးမှန်မှန်သောက်နော်၊နင်နေပြန်ကောင်းမှ ငါတို့တွေ တဝကြီးဆော့ကြမယ်”

လို့သွားပြောပါတယ်၊တခြားအကြောင်းတွေပြောချင်ပေမဲ့မပြောတော့ပဲ မီးလေးကိုပဲအားပေးစကားပြောနေမိပါတယ်။ မီးလေးကတော့ကျွန်တော့စကား ကိုနားလည်တယ်ထင်ပါတယ်။

“ရွှေဝါလေးရယ် ၊ငါေနေမကောင်းဖြစ်နေတော့ နင်ပျင်းနေမှာပေါ့၊နောက်ပြီးငါမရှိတော့ နင်ကို ထမင်းမှန်မှန်ကျွေး ရဲ့လား၊ နင်ထမင်းမှန်မှန်မစားရဘူးမလား၊ ငါသိပါတယ်၊ ငါနေကောင်းတော့မှနင့်ကိုထမင်းနဲ့ဟင်းနဲ့ကောင်းကောင်းကျွေးမယ်နော်၊အဲဒီတော့မှဝအောင်စား”

“ငါစားရပါတယ်ဟာ၊သူတို့မကျွေးလည်းငါကြွက်ခုတ်စားတတ်နေပါပြီ၊ငါ့အတွက်ပူမနေပါနဲ့၊ ညောင်ညောင်”

“ဟာ ဒီကြောင်ကလည်းကလေးနေမကောင်းဖြစ်နေတာ အနားလာပြီးတညောင်ညောင်နဲ့ ၊သူ့ကြောင့်ကလေးရင်ကြပ်တာဖြစ်မယ်၊သွား ဒီနားမလာနဲ့ ၊နောင်တခါဒီနားကိုကြောင်မလာစေနဲ့ လာရင်ရိုက်ထုတ်ကြားလား၊  ကောင်မလေး”

ကျွန်တော်နဲ့မီးလေးရဲ့ခံစားချက်ကိုမသိတဲ့မီးလေးအမေက ကျွန်တော့ကိုရိုက်ထုတ်လိုက်ပါတယ်၊ အိမ်အကူအမကိုလည်းကျွန်တော့ကိုအလာမခံဖို့မှာနေပါတယ်၊ ကျွန်တော်လည်းမီးလေးအနားကနေ   ပြေးထွက်သွားရပါတယ်၊နောင်လည်းမီးလေးအနားကိုမကပ်ရဲတော့ပဲ အဝေးကနေပဲလှမ်းကြည့်နေရပါတယ်၊ ဒီလိုနဲ့မီးလေးနေမကောင်းဖြစ်တာ လေးရက်လောက်ဖြစ်လာပါပြီ၊ အိမ်သားတွေလည်း မီးလေးကိုပဲဂရုစိုက်နေကြပါတယ်၊ သူ့တို့အပူနဲ့သူတို့ဖြစ်နေပြီးကျွန်တော့်ကို ထမင်းကျွေးဖို့ကိုဘယ်သူမှ သတိမရကြပါဘူး၊ကျွန်တော်ကိုယ်ချင်းစာပါတယ်၊သူတို့အကုန်လုံးမီးလေးအတွက်ပူနေကြတယ်မလား၊ ကျွန်တော့်ကိုဘယ်ဂရုစိုက်အားမလဲ၊ မီးလေးကိုသာ ငါကြွက်ခုတ်စားလု့ိရပါတယ်ပြောပေမဲ့၊                             အိမ်မှာက ကြွက်တွေ မနေရဲတော့ဘူးလေ၊ တခြားအိမ်တွေကိုသွားပြီးရှာရတာပေါ့၊တခြားအိမ်တွေမှာလည်း သူတို့မွေးထားတဲ့ကြောင်ကြီးတွေရှိတော့ အလစ်ကိုသွားရတယ်၊တခါခါသူတို့နဲ့တွေ့ရင် ပြေးသင့်ရင်ပြေး၊ တိုက်သင့်ရင်တိုက်လုပ်ရတာပေါ့၊ ကြောင်တွေနဲ့တိုက်ရတာတော်သေးတယ်၊ခွေးတွေနဲ့တွေ့ရင်မလွယ်ပါဘူး၊ အနီးအနားမှာမချောင်ရင် အိမ်နဲ့ခပ်ဝေးဝေးကိုထွက်ရှာရတယ်လေ၊သမုဒ္ဒရာဝမ်းတထွာအတွက်မဟုတ်လား၊ ဘယ်တတ်နိုင်ပါ့မလဲ၊အငတ်မှမခံနိုင်ပဲကို၊တခါတခါအိမ်ကို ပြန်မရောက်ပါဘူး။ ကျွန်တော့်ကိုအစာကျွေးဖို့သတိမရတာရင်မနာပါဘူး၊သူတို့ပြောတဲ့စကားကိုရင်နာတာပါ၊ကျွန်တော်တနေ့ အိမ်ကိုပြန်ရောက်တော့မီးလေးနဲ့သူ့အမေပြောနေတဲ့စကားကိုကြားလိုက်ရပါတယ်။

“မေမေ ရွှေဝါလေး အသံမကြားပါလား၊ရွှေဝါလေးကောရှိသေးရဲ့လားဟင်၊မေမေတို့ရွှေဝါလေးကိုအစာကျွေးရဲ့လား”

“သမီးကိုအမေတစ်ခါကပြောဖူးသားပဲ ကြောင်တွေဟာသခင်ကိုသစ္စာမရှိဘူး၊ သခင်နေမကောင်းရင်အနားမှာမနေတော့ဘူးဆိုတာလေ၊အခုလည်းမတွေ့တာနှစ်ရက်ရှိပြီ၊ သမီးနေမကောင်းလို့ထွက်သွားပြီထင်တယ်”

ဒီစကားဟာ ကျွန်တော့ရင်ကိုနာကျင်စေပါတယ်၊တကယ်ဆိုရင် သူတို့အပူနဲ့သူတို့ကျွန်တော့ကိုသတိမရပဲအစာမကျွေးလို့၊ ကျွန်တော်က ရတဲ့နေရာမှာလိုက်ရှာစားနေရတာပါ၊ ဒါကိုသူတို့ သတိရပုံမပေါ်ပါဘူး၊ ခွေးတွေဆိုတာ သခင်အစာမကျွေးလည်း အနီးအနား၊ အမှိုက်ပုံတွေမှာ ရှာစားလို့ရတယ်လေ၊နောက်ပြီးသူတို့မှာ လွယ်လွယ်ကူကူရတဲ့ဖေးဘရိတ်အစားအစာရှိသေးတယ်၊ကြောင်တွေက  အဲဒါမစားတော့ ဝေးဝေးလံလံမှာခက်ခက်ခဲခဲရှာစားရတာပေါ့၊ဒါကိုသခင်ကိုထားပြီးသွားတယ်လို့ထင်နေကြတယ်။ ကျွန်တော့ကိုနားလည်တဲ့ မီးလေးကတော့သူ့အမေကို

“မဟုတ်နိုင်ပါဘူးမေမေရယ်၊ရွှေဝါလေးပြန်လာမှာပါ၊ အခုသူ့ကိုအစာကျွေးမဲ့သူမရှိလို့ အစာလိုက်ရှာနေတာ ဖြစ်မှာပါ၊သမီးကို သူထားသွားမှာမဟုတ်ပါဘူး၊သမီးနားမှာသူရှိနေမှာပါ”

လို့ပြောလိုက်ပါတယ်၊ဒီစကာကိုကြားလိုက်ရတဲ့အခါမှာကျွန်တော်ဟာဝမ်းသာအားရနဲ့

“ညောင်…ညောင်….မီးလေးရေ ငါ နင့်အခန်းအဝမှာရှိနေပါတယ်၊ ငါအစာသွားရှာရာက ပြန်လာတိုင်းနင့်ဆီကိုအရင်လာတာပါ၊ ငါ့ကိုနင့်အနားမလာရဘူးဆိုပြီးရိုက်လွှတ်လို့ နင်အနားကိုငါမကပ်တာပါ၊အခုတော့ ငါမနေနိုင်တော့ဘူး၊ငါ့ကိုရိုက်ရင်လည်းရိုက်ပါစေတော့ နင်အနားကိုငါရောက်အောင်လာပြီ …ညောင်…ညောင်”

လို့အော်ရင်းမီးလေးကုတင်ပေါ်ကိုခုံတက်ပြီးမီးလေးရဲ့လက်ကို ခေါင်းလေးနဲ့အတင်းခွေ့လိုက်ပါတယ်၊ မီးလေးလည်းကျွန်တော်ကိုလက်နှစ်ဖက်နဲ့ပွေ့ယူ၊ သူ့ရင်ဘတ်ပေါ်တင်ပြီး ကျွန်တော့်ခေါင်းလေးကိုညင်ညင်သာသာလေးပွတ်ပေးနေပါတယ်၊

မီးလေးရဲ့အမေက တော့ ကျွန်တော်တို့နှစ်ယောက် ..(မဟုတ်သေးပါဘူး နှစ်ကောင်…အဲ…  အဲလိုလည်းမဟုတ်ပြန်ဘူး..)    ကျွန်တော်တို့ တစ်ကောင်နဲ့တစ်ယောက်ရဲ့သံယောစဉ်ကို သိသွားလို့ထင်ပါတယ် ဘာမှမပြောတော့ပဲအခန်းအပြင်ကိုထွက်သွားပါတယ်။

“ရွှေဝါရယ် နင်ဘယ်လျှောက်သွားနေတာလဲ၊ပိန်သွားလိုက်တာကြည့်စမ်း၊နင်ထမင်းမဝဘူးဆိုတာငါသိပါတယ်  လို့ပြောရင်း”

မီးလေးက ကျွန်တော့ကိုသူ့ရဲ့မျက်နှာနား ဆွဲယူပြီးခေါင်းလေးကိုပွတ်ပေးနေသလိုကျွန်တော်ဟာလည်း မီးလေးရဲ့မျက်နှာက်ို ခေါင်းနဲ့ခွေ့ရင်းတညောင်ညောင်နဲ့ အားရပါးရ အော်နေလိုက်ပါတော့တယ်။

ညောင်…..ညောင်….. ညောင်…..ညောင်…..ညောင်…..ညောင်…..

 

 

 

 

 

5 comments

  • ကြောင်ကြီး

    November 3, 2011 at 12:07 pm

    အဲဒီအချိန်ကစပြီး မီးညောင် မီးညောင်ဆိုတဲ့ စကားလုံး မြန်မာစကားမှ စတင်ပေါ်ပေါက်လာပါတော့ သတဲ့ကွယ်။။ 😀

  • pan pan

    November 3, 2011 at 1:42 pm

    သနားစရာကြောင်လေးပါပဲ
    ဟိုအရင်အိမ်မှာကြောင်မွေးတုန်းကလည်း ခြင်ထောင်နားလာကပ်အိမ်နေလို့ မောင်းထုတ်ဖူးခဲ့တယ်
    ခုမှတွေးပြီး သနားလာပြီ၊ အဲဒီကြောင်က လိမ်လည်းလိမ်မာတယ်
    ကြောင်ကတော့ သေသွားပါပြီ၊ ကြာလှပေါ့ 🙁

  • AKKO

    November 3, 2011 at 2:23 pm

    အရေးသားကလည်း ညက်နေတာပါပဲလား ။ ကြောင်တကောင်ရဲ့ ခံစားချက်ကို အခုလိုရေးဖွဲ့ပြတော့မှ သနားစရာကောင်းမှန်းသိတယ် ။ 🙂

  • chitlay

    November 3, 2011 at 2:51 pm

    ကြောင်တစ်ကောင်ရဲ့နေရာကနေ ခံစားပြီး ရေးထားတာ တော်တော်ကောင်းတာပဲ … ဖတ်ရင်းနဲ့ကြောင်တွေကိုတောင် သနားလာပြီ …

  • etone

    November 3, 2011 at 3:38 pm

    ကြောင်လေးတွေဆို ဘယ်တုန်းကမှ ရက်ရက်စက်စက် မလုပ်ပစ်ရက်ခဲ့ဖူးဘူး ….. ။ အိပ်ယာထဲ ထည့်အိပ်သလို ၊ စိတ်ပေါက်လျှင် ပေါက်သလို နှဖူးလေးကို နမ်းပစ်တယ် ။ တစ်ခါတစ်လေ စိတ်အခန့်မသင့်လို့ ဒေါသထွက်လျှင်တောင် ကိုယ့်ကိုယ်ကို ထိန်းပါတယ် … သူတို့ ခမျာ လူလုပ်တော့လည်း ခံကြရတာပါပဲ … ။ etone ရဲ့ကြောင်လေးက နည်းနည်းဆိုးတယ် .. ထစ်ခနဲ ကြောင်ကိုက်သံကြားပြီဆို သူပြေးဆင်းပြီး သွားဖိုက်ပြီ … တခြားကြောင်တွေ ဘယ်လိုနေသလဲမသိဘူး ..သူကတော့ ခဏခဏ ကွဲလိုက်ပြဲလိုက်နဲ့ … ဒဏ်ရာမရဖူးတဲ့နေရာဆိုတာ မရှိသလောက်ပဲ … ။
    ကြောင်လေးက မနက်တိုင်း အချိန်မှန်မှန် နှိုးပေးတယ် … (ဒါမှ သူအစာစားရမှာကိုး ) 😀 မျက်စိမဖွင့်မချင်း အနားကပ်ပြီး လာလာအော်တယ် စိတ်မထင်လျှင် လက်နဲ့ပါ ပုတ်နှိုးတယ် …. ။ သံယောဇဉ်ဆိုတာ လူသားတွေမှာတင်မဟုတ်ပဲ ကြောင်တွေမှာလည်းရှိတတ်ပါတယ် … ဖတ်ပြီးကြောင်လေးကို သနားမိတယ် .. အတော်ဆိုးတဲ့ လူကြီးတွေ ..ငပျင်းလုပ်ပြီး ကြွက်ထောင်ခြောက်မသုံးဘူး … သူများမိသားစုကိုခွဲပြီး သူတို့ လိုအင်ပြည့်ဖို့ လုပ်ရက်တယ် … 😥

Leave a Reply