ဒီလိုလေးလည်း တွေးကြည့်ပေးပါ အပိုင်း(၂)

ဒီလို ဒီလို အတွေးတွေ တွေးကြည့်လိုက်တော့လဲ ဘာမှမဟုတ်ပါလား။ လောကကြီးထဲမှာ တကယ်ရှိတဲ့အရာနဲ့မရှိတာအရာ၊ ဘယ်ဟာကို ငါက မက်မောနေတာလဲ။ ဘာကိုရယူဖို့ လုပ်နေတာလဲ။ တကယ်တော့လဲ ဒါတွေဟာ အဆန်းမဟုတ်တော့ပါဘူး။ သဘာဝတရားကြီးက သူ့အလိုလိုဖြစ်နေတာကို ကိုယ်က မသိဘဲနဲ့ အဲဒီသဘာဝလောကကြီးကပေးတဲ့ဒဏ်တွေကိုပဲ အကောင်းမှတ်နေပြီး လိုက်လုပ်နေကြတာ။ အဲဒီလို အမှန်တရားကိုမသိလို့ အမှားတွေကို အမှန်ထင် မက်မောပြီး ဒုက္ခပင်လယ်ထဲမှာ နစ်မြောပျော်ရွှင်ခဲ့တဲ့ဘဝတွေကလည်း မနည်းဘူးလေ။ ဒါကြောင့် ယခုဘဝမှာတော့ အမှားနဲ့အမှန်ကို သိမြင်အောင်လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်လေး ထားဖို့လိုနေပါပြီ။ အမှန်တရားကို သိမြင်တဲ့အတွေးများနဲ့ တွေးမိမယ်ဆိုရင် လောကကြီးထဲမှာ ဖြစ်ပျက်တတ်တဲ့သဘောတရားနဲ့ အာရုံသိတတ်တဲ့ သဘောတရားလေးပဲ ရှိပါလားလို့ သိလာပါလိမ့်မယ်။

အဲဒါကို မသိတဲ့အခါကျတော့ အားလုံးကို ငါပိုင်တယ်၊ ငါဆိုင်တယ်၊ ငါမှဖြစ်မယ်စတဲ့ ငါစွဲကြီးတွေနဲ့ အမှန်တကယ်တည်ရှိတဲ့အရာတွေထင်ပြီး အဲဒီဟာတွေကိုရဖို့အတွက်နဲ့ပဲ တန်ဖိုးရှိတဲ့ဘဝကြီးကို ဖြုန်းတီးပစ်လိုက်ကြတာပါလား။ ခုလို တန်ဖိုးရှိတဲ့ဘဝကို ရလာတဲ့ အခါလေးမှာ သိသင့်သိထိုက်တဲ့ အမှန်တရားများသိရှိအောင် ကျင့်ကြံပေးဖို့လိုတယ်ဆိုတာ ငါ ဘာဖြစ်လို့ အရင်က မသိခဲ့ပါလားဆိုပြီး နောင်တစ်ချိန်မှာ ကိုယ့်ကိုကိုယ် အပြစ်တင်မနေမိအောင် ယခုကတည်းက ပြုလုပ်ထားရပါမယ်။ တကယ်တော့ ဒီလို အမှန်ကိုမသိခဲ့တဲ့ဘဝတွေက များစွာဖြစ်ခဲ့တာဆိုတော့ ခု မသိတာဟာ မထူးဆန်းဘူးလို့ ထင်ရပါတယ်။ တကယ်လို့များ ဒီဘဝမှာလည်း လောကရှိ အမှန်တရားကို မသိဘူးဆိုရင် နောက်လည်းသိဖို့လွယ်မှာ မဟုတ်ပါ ဘူး။ ဒီဘဝမှာ အမှန်ကိုအမှန်အတိုင်း တက်နိုင်သမျှ သိအောင်မလုပ်ဘဲနဲ့များ ဘဝကိုနိဂုံးချုပ်မယ် ဆိုရင်တော့ တော်တော်နှမြှောစရာကောင်းတဲ့ ဘဝရှင်သန်မှုကြီး ဖြစ်နေမှာပါ။

ခုခေတ်မှာ လူကောင်းနဲ့လူမိုက်ဆို လူကောင်းတွေက နည်းလာတယ်။ ဒါဟာ ဘာဖြစ်လို့လဲ ဆိုတော့ တန်ဖိုးရှိတဲ့လူ့ဘဝလေး ရလာချိန်မှာ မိမိတို့ပန်းတိုင်ကို လျင်မြန်စွာရောက်အောင်၊ ဖြစ်လေရာမှာ ကိုယ်စိတ်နှစ်ပါးချမ်းသာအောင်ဆိုတဲ့ အနာဂတ်အတွက် မတွေးတောဘဲ လက်ရှိဘဝကောင်းစားရေးကိုပဲကြည့်ကာ ဖြစ်ချင်ရာဖြစ်ဆိုပြီး လုပ်နေကြလို့ပါ။ တချို့ဆို သူတို့ကိုယ်သူတို့ ဒီဘဝမှာပဲ အမြဲနေရမယ်ထင်ပြီး တစ်နေ့သေရဦးမယ်ဆိုတာကို သတိမရဘဲ လောကကြီးမှာ မကောင်းမှုတွေနဲ့ ပျော်နေကြတဲ့လူတွေကလည်း အများကြီးပဲ။ ဘဝတစ်လျှောက် လုံးမှာ ကောင်းမှုလုပ်ဖို့မပြောနဲ့ ဘုရားတရားစာပါရင်တောင် နားကြားပြင်းကပ်တယ်ဆိုတဲ့ လူတွေကလည်း လောကမှာ အများကြီးရှိနေကြတယ်။ တော်သေးတာပေါ့။ အဲဒီလိုလူတွေထဲမှာ ငါမပါလို့ဟု တွေးတွေးကြည့်ကာ မိမိကိုယ်ကို ကျေးဇူးတင်နေမိတယ်။

သူများတွေ အဲဒီလို မျက်မှောက်အတွက်ပဲကြည့်ပြီး ပျော်ရွှင်မြူးတူး ပျော်နေကြတာ တွေ့ရတော့လည်း ကိုယ်က အာကျမိစိတ် မဖြစ်မိလို့ တော်သေးတယ်။ တကယ်လို့များ ကိုယ်က ဒီလိုဘဝကိုပျော်ဖို့ပဲတွေးပြီး ဖြစ်ချင်ရာဖြစ်လုပ်နေမယ်ဆိုရင် ငါလည်း ဒီသံသရာဝဲဩဃထဲမှာ တဝဲလည်လည်ဖြစ်နေဦးမှာပါလားလို့ စဉ်းစားမိတယ်။ အသက်ငါးဆယ်ခြောက်ဆယ်ဆိုတဲ့ အရွယ်ကြမှ ငါ ကောင်းမှုတွေ၊ အများအကျိုးတွေကို သံသရာအတွက် လုပ်ချင်လိုက်တာလို့ တွေးတောမိရင် အဲဒီအတွေးဟာ နောက်ကျသွားပါပြီ။ ငယ်ရွယ်တဲ့အသိဉာဏ် ဖွံ့ဖြိုးချိန် ကတည်းက တွေးပြီးပြုလုပ်ခဲ့ရမဲ့ အလုပ်တွေပါ။

အသက်(၅၀)ကျော်လာရင် စိတ်သွားတိုင်း ကိုယ်ကမပါနိုင်တော့ စိတ်တိုရပြီလေ။ ကျန်းမာရေးက အရင်လိုလဲမကောင်းနိုင်တော့ဘူး။ ဒူးတွေကလည်းနာ၊ ခါးကလည်းညောင်း၊ မျက်လုံးကလည်းမှုန်၊ အို တကယ်ကို ဒုက္ခတွေဆိုတာ မတွေးဘဲတောင် သိပါတယ်။ ဒါကိုပဲ တချို့ကမျက်နှာလွှဲ မသိချင်ယောင် ဆောင်နေလိုက်ကြတာများ ကိုယ်နဲ့မဆိုင်သလိုပါပဲ။ ဒါမျိုးတွေဖြစ်မယ်ဆိုတာ သိရဲ့သားကို သူတို့ရှေ့မှာပြောရင် မကြိုက်တဲ့လူတွေကလည်း ရှိကြသေး တယ်။ တကယ်တော့ ဒါတွေဟာ မိမိတို့ဧကန်မုချကြုံတွေ့ရမှာမို့ ကြိုတင်ပြင်ဆင်မှုတွေတော့ လုပ်ထားဖို့ လိုပါတယ်။ ဒီလို အိုနာသေဘေးကနေ အမြဲလွတ်အောင် ကြိုးစားပြင်ဆင်မယ် ဆိုရင်တော့ အကောင်းဆုံးပြင်ဆင်မှုလို့ ဆိုရမှာပါ။

အသက်ကြီးလာတဲ့အခါ မိမိသားသမီး၊ ဆွေမျိုးတွေကလည်း ကိုယ့်ကို ဂရုမစိုက်တော့လို့ ကိုယ့်သွားချင်ရာ လုပ်ချင်ရာတွေကို ဘာတစ်ခုမှ လုပ်မပေးကြတော့ဘူးဆိုရင် နောင်တတွေ ရနေကြတာ များပါတယ်။ ငါကတော့ သားသမီးကို ပြုစုပေးလိုက်ရတာ။ ဘာမဆိုအကုန် ဖြည့်ပေးခဲ့ရတာ။ ငါ့မှာဖြင့် သူတို့အတွက်နဲ့ မကောင်းမှုတွေလည်းလုပ်ပြီး ရှာဖွေပေးခဲ့ရတယ်။ ကောင်းမှုလည်းမလုပ်ခဲ့ရဘူး။ ခုနေများ ငါသေသွားရင် ဘာဖြစ်တော့မယ်၊ ညာဖြစ်တော့မယ်ဆိုပြီး နောက်ဘဝကိုသိလို့လုပ်မယ်လို့ စိတ်ကိုဆုံးဖြတ်လိုက်တဲ့အချိန်ဟာ အိပ်ယာထဲလဲနေရင်တော့ ဘဝနာတဲ့လူလို့ သတ်မှတ်ရတော့မှာပဲ။ အရွယ်ရောက်ကတည်းက အကုသိုလ်နဲ့သာ အသက်မွေးခဲ့ရသူဆိုရင်တော့ ပိုပြီးတော့ ကိုယ့်ကိုကိုယ် နောင်တတွေရနေမှာပါ။ အသက်ကြီးှမှ ကြုံတွေ့ရမဲ့ဒုက္ခတွေက အသက်ကြီးှမှနားလည်ပြီး သိရှိကြတာ မဟုတ်ပါဘူး။ ငယ်ရွယ်စဉ် အသိဉာဏ်ဖွ့ွံဖြိုးတဲ့ အရွယ်ရောက်လာကတည်းက ဆင်ခြင်နိုင်ကြပါတယ်။ ကြိုတင်ပြီးလည်း သိရှိနိုင်ကြပါတယ်။ မိမိကိုယ်ကို ဆင်ခြင်ပြုလုပ်ထားဖို့သာ လိုအပ်တာပါ။

မိမိကိုယ်ကို ဆင်ခြင်တယ်ဆိုတာ တကယ်တော့ ခက်ခဲပါတယ်။ အတွေးဆိုတာမျိုးက လျှောက်သွားနေပြီး ခဏချင်းလဲပျောက်ပြယ်သွားတတ်ပါတယ်။ ဒါပြင် မိမိစိတ်ချမ်းသာဖို့အတွက်ပဲ တွေးတောတတ်ပြီး မိမိဘာတွေလုပ်ရမယ်၊ နောက်ဆက်လျှောက်ရမဲ့ဘဝခရီးကို ဘယ်လိုရင်ဆိုင်ဖို့ ပြင်ဆင်မှုတွေ လုပ်ထားရမယ်ဆိုတာမျိုး တွေးတဲ့လူက ရှားပါးလှပါတယ်။ နောက်ပြီး အတွေးဆိုတာမျိုးက အချိန်ရှိတိုင်းတွေးနေဖို့လည်း မဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တွေးနေရင်းနဲ့ အချိန်တွေကုန်သွားလို့ ဘာမှမလုပ်လိုက်ရဖြစ်နေဦးမှာဆိုးလို့လေ။

တစ်နေ့မလွဲမသွေကြုံရမယ့်ဒုက္ခဆိုကြိုးတွေ၊ စိတ်ခံစားမှုတွေ၊ ကိုယ်ခန္ဓာ နာကျင်မှုတွေ၊ အထီးကျန်မှုတွေစတဲ့ ဒုက္ခတွေကို ငယ်ရွယ်စဉ်ကတည်းက တွေးတောဆင်ခြင်ပြီး ခံနိုင်ရည်ရှိအောင်၊ သေခြင်းတရားကိုလည်း ရင်ဆိုင်ရဲအောင် ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် မိမိရလာတဲ့ လူ့ဘဝလေးဟာ ပိုပြီးလှပကာ သာယာတဲ့နေ့များကိုသာ ပိုင်ဆိုင်ကြရပါလိမ့်မယ်။ အဲဒီလို သာယာတဲ့ဘဝများစွာကို ပိုင်ဆိုင်နိုင်ကြဖို့ရန်အတွက် မိမိလို မတွေးတောတဲ့ လူတွေကို မိမိလိုပဲ စဉ်းစားမှုလေး၊ ဆင်ခြင်မှုလေးတွေဖြစ်စေချင်ပြီး ပြင်ဆင်စရာတွေကို ပြင်ဆင်ထားနိုင်ဖို့ရာ အခုလို မိမိရဲ့အတွေးများနဲ့ဆင်ခြင်မှုများကို မျှဝေပေးလိုက်ရခြင်းပါ။

ဂျာနယ်ကို Download လုပ်ချင်ရင်တော့ http://www.shadejournal.com/2011/10/shade-journal_29.html မှာ ဒေါင်းယူလိုက်ပါ။

အရှင်ကောမလ(ခ)ဆန်နီနေမင်း

sanninaymin@gmail.com

http://www.sanninaymin.com/

ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

3 comments

  • small cat

    November 3, 2011 at 11:38 pm

    နာယူမှတ်သားသွားပါတယ်အရှင် ဘုရား၊
    တပည့်တော်တို့လည်း ဆင်ခြင်ရမယ့်အရွယ်ဘက်ကိုရောက်နေပါပြီ။
    အရှင်ဘုရားရဲ့စာက အသိလေးတွေကို ထပ်မံနှိုးဆွသတိပေးလိုက်သလိုပါပဲ ဘုရား။

  • windtalker

    November 5, 2011 at 8:59 pm

    ဒီနေရာမှာ အနောက်နိုင်ငံက လူတွေ ကတော့ ရှင်းပါတယ်ဘုရား
    သေတမ်းစာ ရေး မှာဆိုတော့ ၊ ကိုယ့်နာမည် ပါဖို ့အရေး ပြုစုကြမယ် ထင်ပါတယ် ဘုရား
    တပည့်တော်တို ့မြန်မာလူမျိုးတွေမှာသာ ၊ အမွေများ စောခွဲပေးလိုက်ရင်
    သားသမီးတွေက မိဘကို ပြန်လှည့်မကြည့်တာ များပါတယ် ဘုရား

  • Shanma TUmdy

    November 5, 2011 at 9:33 pm

    စိတ်ဆိုတာကြီးက တယ်ခက်တာကိုး..

Leave a Reply