ငါတို့ဟာ စိတ်ချင်းဆက်ထားတဲ့အသက်ဇီဝ

သူရႆဝါMay 21, 20102min650

“ငါတို့ဟာ စိတ်ချင်းဆက်ထားတဲ့အသက်ဇီဝ”

အမှတ်တမဲ့ . . . .

နင်နဲ့တူတဲ့သူတွေ့ရင်တောင်

သွားရင်းလာရင်းလွမ်းရတယ်

ခရီးသွားဟန်လွဲလွမ်းရတယ်

သမင်လည်ပြန်လွမ်းရတယ်

အဲသလောက်ထိ . . . နင့်ဆီ . . .

ဘယ်သူ့အတွက်ခူးထားတဲ့ပန်းလဲမေး

ငါ့ ကိုယ်စိတ်နှလုံးသုံးပါးစလုံးက

နင့်နာမည်ပဲပြောပြနေမှာ . . .

ငါတစ်ကောင်လုံးရဲ့တစ်ကိုယ်လုံးမှာ

ငါ့နှလုံးသားကပဲ နင့်ကိုကွက်ပြီးချစ်ရတာ

အားမရဘူးဟာ . . . .

တစ်နေ့မှာ ရှစ်နာရီလောက် နင့်အကြောင်းတွေးလို့မရတာ

အားမရဘူးဟာ . . . .

ငါ့ကိုချိတ်တွယ်ထားတဲ့ ငါ့ပါလေရာနောက်မြီးတွဲမလေး

`ဘယ် လောက် ထိ နင့် အ တွက် ငါ . . .´ သိချင်လား

ငါဆိုတဲ့ကောင်ကို နှစ်ပိုင်းပိုင်းလိုက်

တစ်ဝက်ကိုနင်ပိုင်တယ်

ကျန်တဲ့တစ်ဝက်က နင့်ကိုငါပေးတဲ့လက်ဆောင်

ဘယ်နေ့မှမရှောင်ဘူး နင့်ကိုငါချစ်တယ်

အီးမေးလ်ပို့စရာမလိုဘူး

ဖုန်းနဲ့ဆက်သွယ်စရာမလိုဘူး

နင်နဲ့ငါကစိတ်ချင်းဆက်အမြွှာ . . .

ခက်ခက်ခဲခဲမရှာနဲ့ နင့်အနားကကောင်ပါ

နင့်မျက်လုံးလေးတစ်ချက်ဝင့်တာနဲ့

လွင့်ထွက်သွား . . . စကြာဝဠာတံတိုင်းအထိ လွင့်သွားပေးချင်တာ

ဘယ်လိုကောင်နဲ့ ဘယ်လိုကောင်မလေးပါလိမ့်

Fall in Love, Fall in Love

မတ်တပ်ရပ်ဖို့တောင်မလွယ် . . .

ကျေကျေနပ်နပ် အရှုံးခံချင်နေကြတာ

စိတ်ချင်းဆက်ထားတဲ့အသက်ဇီဝနှစ်စုံရှိတယ်

ဖိနပ်ကလေးနှစ်ရံရှိတယ်

ပုံတူမျိုးပွားထားတဲ့

`နင်ဟာငါ့ရဲ့ကမ္ဘာ´  နှစ်ယောက်

အထီးကျန်စာရင်းမှာ ပျောက်နေ

စိတ်ချင်းဆက် လက်ချင်းတွဲ . . . ဒီလိုဆို

ငရဲကျရင်တောင် ဆီပူတစ်အိုးထဲဖြစ်ချင်တယ်

နင်က ငါသောက်လက်စ ကော်ဖီခွက်ဖြစ်နေတော့ . . .

ငါဟာ နင်သွားနေကျလမ်းဖြစ်နေတော့ . . . .

နင်က ငါဆိုနေကျသီချင်းဖြစ်နေတော့ . . . .

ငါဟာ နင့်သံလိုက်အိမ်မြှောင်ဖြစ်နေတော့ . . . .

သေ ချာ တယ် . . သေ ချာ ပါ တယ်

ငါတို့ဟာ စိတ်ချင်းဆက်ထားတဲ့အသက်ဇီဝ ။

သူရဿဝါ

မေလ ၂၁ ရက် ၊ ၂၀၁ဝ ခုနှစ်