လက်ရှိစီးပွားရေးလုပ်ငန်းများကိုသာ ဦးစားပေးဆောင်ရွက်နေကြသည့်အတွက် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် အာဆီယံနိုင်ငံများတွင် လွတ်လပ်သော ကုန်သွယ်ရေးကို ပြည်တွင်းမှ လုပ်ငန်းရှင်များ စိတ်ဝင်စားမှုအားနည်းနေကြသေးသည်ဟု ကုန်သည်/စက်မှုအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာမောင်မောင်လေးက ပြောသည်။ “ AFTA နဲ့ပတ်သက်ပြီး ဒီက လုပ်ငန်းရှင်တွေက စိတ်ဝင်စားမှုရှိသလို မဝင်စားသူတွေလည်း ရှိတယ်။ အဲဒီမှာ စိတ်မဝင်စားသူတွေက ပိုများမယ် ” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။ ထိုသို့ ပြည်တွင်းမှ လုပ်ငန်းရှင်များ အာဆီယံဒေသတွင်း လွတ်လပ်သော ကုန်သွယ်ရေးကိစ္စများပေါ် စိတ်ဝင်စားမှုနည်းသည့်တိုင် သက်ဆိုင်ရာ တာဝန်ရှိသူများက အာဆီယံနိုင်ငံများ၏ ဒေသတွင်း လုပ်ဆောင်ချက်သတင်းများကို ပြည်သူများကြား အစဉ်ဖော်ပြလျက်ရှိရာ ယင်းအကြောင်းအရာများအား အခွင့်အရေးတစ်ရပ်အဖြစ် အကျိုးရှိရှိ အသုံးချမည်ဖြစ်သလို ပြည်တွင်းမှ လုပ်ငန်းချင်းယှဉ်ပြိုင်မှုကိုလည်း ယခုထက် ၃ဆ ပိုမိုပြုလုပ်ရမည် ဖြစ်ကြောင်း ၄င်းက ထပ်ဆင့်ပြောသည်။ “ ရှေ့မှာဖြစ်လာမည့် ယှဉ်ပြိုင်မှုတွေကို ရင်ဆိုင်ဖို့ အခုကတည်းက ရတဲ့အခွင့်အရေးကိုယူပြီး အဆင်သင့်ဖြစ်ထားဖို့လိုတယ်။ ဒါကို သက်ဆိုင်ရာရော ကုန်သည်တွေပါ အကုန်ပူးပေါင်းပြီးလုပ်ရမယ်။ အဲလိုမှ မလုပ်ရင် သူတို့နဲ့ ယှဉ်ပြိုင်နိုင်စွမ်းမရှိဘဲ ကိုယ့်ဈေးကွက်တွေ လက်လွှတ်ဆုံးရှုံးရမယ့် နစ်နာမှုမျိုးတွေ ဖြစ်လာနိုင်တယ် ” ဟု ဒေါက်တာမောင်မောင်လေးက ဆက်လက်ပြောကြားကြောင်း ၂၀၁၀ခုနှစ် မေလ ၂၀ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

About kln

k ln has written 409 post in this Website..