ရေနံကုမ္ပဏီအချို့ အထွက်တိုးလုပ်ငန်း ဦးစားပေးလာ

klnMay 22, 20101min470

ပြည်တွင်းမှာ ရင်းနှီးမြှပ်နှံလုပ်ကိုင်နေကြတဲ့ ရေနံကုမ္ပဏီအချို့သည်နှစ်ပိုင်းမှာ အထွက်တိုးလုပ်ငန်းဖြစ်တဲ့ ရှာဖွေရေး၊ တွင်းသစ်တူးဖော်ရေးတွေဘက်ကို ဦးစားပေးလာကြတာ တွေ့ရတယ်။ အထွက်တိုးလုပ်ငန်းဦးစားပေးလာတဲ့ ရေနံကုမ္ပဏီတွေဆီက တစ်ဆင့်ခံကန်ထရိုက် (sub-con-tract) ယူပြီး လုပ်ကိုင်တဲ့ ကုမ္ပဏီအချို့ အလုပ်ဖြစ်လာတယ်။ အဲသည့် ကန်ထရိုက်ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ထားတဲ့ ဝန်ထမ်းတွေလည်း အလုပ်အကိုင်အခွင့်အလမ်း ကောင်းလာတယ်။ ကန်ထရိုက်ကုမ္ပဏီက များသောအားဖြင့် ရေနံရှာဖွေရေး (seismic survey) အပိုင်းကို လုပ်ကြပါတယ်။ မင်းဘူး၊ မကွေးဘက်က ကျေးရွာအချို့ စိုက်ခင်းအချို့မှာ ကုမ္ပဏီတစ်ခုက ရေနံရှာဖွေရေးလုပ်ငန်းကြောင့် ပျက်စီးဆုံးရှုံးမှုကို လျော်ကြေးပေးအပ်တဲ့သတင်း ကြေးမုံသတင်းစာမှာ ဖော်ပြတယ်။ ရေနံကုမ္ပဏီအချို့ အခုလို ရေနံရှာဖွေရေး၊ တွင်းသစ်တူးဖော်ရေးလုပ်ငန်းတွေ ဦးစားပေးလာတာတွေဟာ ကျဆင်းလာတဲ့ ကုန်ထုတ်လုပ်မှုကို ပြန်လည်ကာမိအောင်၊ ထုတ်လုပ်မှု ထိန်းသိမ်းထားရေးအတွက် ဖြစ်တယ်လို့ဆိုပါတယ်။ လက်ရှိမှာ ရေနံရှာဖွေရေးအပြင် အစမ်းတွင်း (test well) တူးဖို့ပြင်ဆင်နေတဲ့ ကုမ္ပဏီတွေလည်း ရှိကြောင်းသိရသည်။ ကုန်းတွင်းပိုင်းရော ကမ်းလွန်မှာပါ တူးကြမှာ ဖြစ်ပါတယ်။ ရခိုင်ကမ်းလွန်လုပ်ကွက် A-6 မှာအစမ်းတွင်းတူးဖို့ ပြင်ဆင်နေတာရှိသလို မလေးရှားကုမ္ပဏီတစ်ခုက မုတ္တမကမ်းလွန်လုပ်ကွက် M-2 မှာ အစမ်းတွင်းတူးမယ်လို့ သိရတယ်။ ရွှေဘို၊ မုံရွာဘက်က လုပ်ကွက် C-2 မှာလည်း အစမ်းတွင်းတူးဖို့ ပြင်ဆင်နေပြီး ကချင်ပြည်နယ် တနိုင်းလုပ်ကွက် B-1 မှာအစမ်းတွင်းလုပ်ငန်း စနေပြီလို့ ဆိုပါတယ်။ ကမ်းလွန်လုပ်ကွက် ရဲတံခွန်အရှေ့မှာလည်း ရေနံရှာဖွေရေးလုပ်ငန်းဆောင်ရွက်ပြီးသွားပြီး အစမ်းတွင်းတူးဖို့သာ ကျန်တယ်လို့ သိရတယ်။ ပြည်တွင်းမှာ ဝင်ရောက်ရင်းနှီးမြှပ်နှံလုပ်ကိုင်နေကြတဲ့ အစောပိုင်းကျတဲ့ ရေနံကုမ္ပဏီအချို့ကတော့ ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေကို ပုံမှန်ဆက်လုပ်နေကြတာပါ။ လက်ရှိပြည်တွင်းမှာ လုပ်ကိုင်နေတဲ့ ရေနံကုမ္ပဏီတွေက ကမ်းလွန်(offshore) မှာ ၁၂ ခု ဝန်းကျင်ရှိပြီး ကုန်းတွင်းပိုင်းမှာ သုံး၊ လေးခု လောက်ရှိကြောင်း ၂၀၁ဝခုနှစ် မေလ ၂၁ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။