မိုးတွင်းမှာလည်း မိုးတိမ်တောင်ဖြစ်စဉ် သတိပြုဖို့လို

klnMay 22, 20101min480

အရင်က မိုးကြိုကာလမှာသာ ဖြစ်တတ်တဲ့ မိုးတိမ်တောင်ဖြစ်စဉ် သဘာဝဘေးအန္တရာယ်တွေကို သည်နှစ်မိုးရာသီကာလအတွင်းမှာပါ သတိထားဖို့ လိုလာပြီဟု မိုးလေဝသကျွမ်းကျင်ပညာရှင်တစ်ဦးက ဆိုပါတယ်။ မိုးလေဝသနှင့် ဇလဗေဒကျွမ်းကျင်ပညာရှင် ဒေါက်တာဦးထွန်းလွင်က “ မိုးတိမ်တောင်ကတော့ အခုအချိန်မှာ ဖြစ်ရမယ့်အချိန်လေ၊ ဒါပေမဲ့ မဖြစ်သေးဘူး၊ နောက်ကျနေတယ်၊ မုတ်သုံပုံမှန်ဖြစ်တဲ့နှစ်မျိုးဆိုရင် မိုးတိမ်တောင်က မိုးရာသီမှာ အန္တရာယ်မရှိပါဘူး၊ ဖြစ်လဲမဖြစ်ဘူး၊ ဒါပေမဲ့ မုတ်သုံကမောက်ကမဖြစ်မယ်၊ အားပြတ်မယ်၊ မကြာမကြာ အားလျော့နေတယ်ဆိုရင်တော့ ဒါဂရုစိုက်ရမယ်။ ဆိုလိုတာက အရင်ဆို မိုးတိမ်တောင်ကပေးတဲ့ ရာသီဥတုဖြစ်စဉ်တွေဟာ မိုးကြိုနဲ့ မိုးလွန်မှာပဲ ရှိတယ်။ မိုးတွင်းမှာ မရှိဘူး။ အခုတော့ မုတ်သုံစိတ်မချရလို့ မိုးတွင်းလဲ ရှိနိုင်တယ်။ ဒီနှစ်တော့ အဲလို ဖြစ်ဖို့ များတယ် ” လို့ပြောတယ်။ သည်နှစ် ဧပြီနဲ့ မေလတွေဖြစ်တဲ့ မိုးကြိုကာလအတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ မိုးရွာသွန်းမှုနည်းတယ်။ မိုးတိမ်တောင်က မိုးကြိုနဲ့ မိုးလွန်ကာလတွေမှာ ဖြစ်တတ်ပါတယ်။ အခုအခါ နေရာကွက် မိုးကြီးတာ၊ မိုးသက်လေပြင်းတိုက်တာ၊ မိုးခြိမ်းတာ၊ လျှပ်စီးလက်တာ၊ မိုးကြိုးပစ်တာ၊ မိုးသီးကြွေတာ၊ တစ်ခါတစ်ရံ လေဆင်နှာမောင်း၊ စိုက်ဆင်းလေပြင်းတိုက်တာ စတဲ့ ဖြစ်စဉ်တွေဟာ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာသာ မြောက်ဘက်က ဆင်းလာတဲ့ အနောက်လေစီးကြောင်းတွေကြောင့် ဖြစ်နေပြီး မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာတော့ မဖြစ်သလောက် နည်တယ်လို့ သိရတယ်။ လက်ရှိအချိန်မှာ မိုးတိမ်တောင်က နှစ်ပိုင်း ဖြစ်နေတယ်လို့ သိရတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဖြစ်နေပြီး အခုတောင်ပိုင်းမှာ ဖြစ်ရမယ့်အချိန်ပါ။ တစ်ပိုင်းကတော့ အခုလာမယ့် မိုးရာသီရဲ့ရှေ့ပြေးမှာ အနောက်တောင်ဘက်ကလေတွေ အနည်းငယ် အစပျိုးတဲ့ကာလမို့ အောက်ခံမြေကြီးကလည်း အလွန်ပူနေချိန်၊ ရေငွေ့ပါတဲ့လေတွေက တိုက်လာပြီဆိုရင် မိုးတိမ်တောင်က အစအနေနဲ့ ဖြစ်ကိုဖြစ်ရမယ့် သဘောရှိတယ်လို့ သိရတယ်။ “ တစ်လုံးချင်းကျ မိုးတိမ်တောင်ပေါ့၊ အဲဒီအလုံးတွေ အများကြီးစုသွားတဲ့အခါကျ မုန်တိုင်းဖြစ်သွားတယ်၊ မုန်တိုင်းကတော့ ရာသီဥတုမတည်ငြိမ်ရင် အပူရှိန်မြင့်နေရင၊် ရေငွေ့များနေရင်တော့ ဖြစ်မှာပဲ ” လို့ ဒေါက်တာဦးထွန်းလွင်က ရှင်းပြတယ်။ မိုးတိမ်တောင်ကပေးတဲ့ ရာသီဥတုဖြစ်စဉ်တွေက ဘယ်နေရာမှာသာ ဖြစ်မယ်ဆိုတဲ့ နေရာကန့်သတ်ချက်မရှိဘဲ မြေကြီးပူရင် ပူတဲ့နေရာတိုင်းမှာ ဖြစ်နိုင်တာကြောင့် သတိထားဖို့ လိုတယ်လို့သိရတယ်။ ဒေါက်တာဦးထွန်းလွင်ကပဲ “ မိုးတိမ်တောင်ကြောင့် အခုအဖြစ်များနေတာက down past လို့ခေါ်တဲ့ လေပြင်းတိုက်တာပဲ၊ နေရာကျဉ်းကျဉ်းမှာအင်အားကြီးနဲ့ တိုက်တာ၊ အဲဒီနေရာရဲ့ ဟိုဘက်ဒီဘက် ကတော့ ဘာမှမဖြစ်ဘူး။ အချိန်ကလဲ မကြာဘူး။ ဒါမျိုးက လူနေရပ်ကွက်မှာတိုက်ရင် တော်သေးတယ်။ ပြည်တွင်းရေကြောင်းသွားသင်္ဘောမျိုးနဲ့ သွားတွေ့လိုက်ရင်တော့ သင်္ဘောမှောက်ပြီး လူတွေသေတဲ့အထိ ဖြစ်နိုင်တာကြောင့် အထူးသတိပြုဖို့လိုတယ် ” လို့ အကြံပြုကြောင်း ၂၀၁ဝခုနှစ် မေလ ၂၁ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။