ရေသန့်ဆေးပြားတွေ ကြက်ခြေနီအသင်းမှာ တောင်းယူနိုင်

klnMay 22, 20101min490

ရေအခက်အခဲ ဖြစ်နေပြီး ရေသန့်စင်ဖို့ လိုအပ်နေတဲ့ ဒေသတွေမှာ ရေသန့်ဆေးပြားတွေကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှာ တောင်းယူနိုင်တယ်လို့ သိရတယ်။ ရေခန်းခြောက်သွားလို့ အချို့ဒေသတွေက ရှိနေတဲ့ရေကို အနည်ထိုင်စစ်ပြီး သုံးရပါတယ်။ အဲသည်လို သုံးတဲ့အခါ ရေသန့်ဆေးပြားကို ထည့်သန့်စင်မယ်ဆိုရင် ကူးစက်ရောဂါတွေကို ကာကွယ်နိုင်တယ်လို့ သိရတယ်။ “ဒလဘက်က ရေခန်းခြောက်လို့ ရေစစ်သုံးနေရတဲ့ နေရာတွေကို ရေသန့်ဆေးပြားတွေ ဝေခဲ့တယ်။ ကျောက်တန်းဘက်ကလည်း လိုအပ်တယ်လို့ စာတွေဝင်လာတယ်၊ ထပ်ဝေဖို့ စီစဉ်ထားတယ် ” လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျန်းမာရေးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ ရေသန့်ဆေးပြားတွေကို နာဂစ်ဒေသတွေမှာ အကုန်ဝေပြီးသလောက် ဖြစ်သွားပြီး လပွတ္တာ၊ ဘိုကလေး၊ ဖျာပုံ၊ ကွမ်းခြံကုန်း၊ ကော့မှူး ဒေသတွေမှာ ရေသန့်ဆေးပြား သောင်းနဲ့ချီပြီး ဝေခဲ့တယ် လို့ဆိုပါတယ်။ ရေသန့်ဆေးပြားတွေက ရေဆယ်လီတာကို တစ်ပြား၊ ရေနှစ်ဆယ်လီတာကို တစ်ပြား၊ ရေသုံးဆယ်လီတာကို တစ်ပြား ထည့်ရတဲ့ ဆေးပြားမျိုးစုံရှိတယ်။ ရေသန့်စင်ဆေး ကလိုရင်း အမှုန့်၊ ဆေးပြားပုံစံအမျိုးမျိုးရှိပြီး အေကွာတတ်၊ အေကွာဗျူးရာ၊ အိုအေစစ်၊ ဘိုင်အိုစပေါ့ဆေးတွေ ဖြစ်ပါတယ်။ ဆေးတွေက အမျိုးမျိုးကွာတယ်၊ သုံးစွဲပုံကလဲ မတူဘူး၊ အဲဒီဆေးတွေက ရေထဲထည့်ပြီး နာရီဝက်ကျော်ရင် သောက်လို့ရပြီ ” လို့ အဆိုပါ တာဝန်ရှိသူက ပြောပါတယ်။ ရေသန့်စင်ဆေးပြား သုံးစွဲပုံ၊ သုံးစွဲနည်းတွေကို သက်ဆိုင်ရာမြို့နယ် ကြက်ခြေနီအဖွဲ့တွေက ဆေးပြားဝေတဲ့ဒေသတွေမှာ ပြသပေးနေတယ်လို့ သိရကြောင်း ၂၀၁ဝခုနှစ် မေလ ၂၁ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။