မီးစက်သုံးစီးပွားရေးလုပ်ငန်းများအားလုံးမိုးအပြည့်အဝရွာလျှင် ဓာတ်အားပြန်ပေးမည်ဟုဆို

klnMay 22, 20101min400

မီးစက်သုံးစီးပွားရေးလုပ်ငန်းများအားလုံးမိုးအပြည့်အဝရွာလျှင် ဓာတ်အားပြန်ပေးမည်ဟုဆို
ရန်ကုန်မြို့တော်တွင် ဓာတ်အားပေးဝေမှုခေတ္တဖြတ်တောက်ထားသည့် စီးပွားရေးလုပ်ငန်းများအားလုံးကို မိုးအပြည့်အဝရွာလျှင် ဓာတ်အားပြန်လည်ပေးဝေမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။ မေလ၁၅ရက်နေ့မှစတင်ပြီး ရန်ကုန်တိုင်းအတွင်းရှိ ပါဝါမီတာအသုံးပြုသော စီးပွားရေးလုပ်ငန်းများ၊ စက်မှုဇုန်များ၊ ပလာဇာများအပါအဝင်စီးပွားရေးလုပ်ငန်းများအားလုံးကို ဓာတ်အားပေးဝေခြင်းခေတ္တဖြတ်တောက်ထားကြောင်း ၎င်းကရှင်းပြသည်။ “ရေအားလျှပ်စစ်ရတာ အရမ်းနည်းလာတယ်။ လူနေရပ်ကွက်တွေမီးအလှည့်ကျပေးနိုင်အောင် စက်မှုလက်မှုလုပ်ငန်းတွေ မီးဖြတ်ထားတာပါ” ဟုရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ကျဝန်ထမ်းတစ်ဦးကဆိုသည်။ ဓာတ်အားခေတ္တဖြတ်တောက်ခံထားရသည့် စီးပွားရေးလုပ်ငန်းများအနေဖြင့် မိုးရာသီအချိန် မိုးအပြည့်အဝ ရွာပြီးရေအားလျှပ်စစ်ထုတ်လုပ်မှုတိုးတက်လာလျှင်ဓာတ်အားပြန်လည်ပေးဝေပေးမည်ဖြစ်ကြောင်း အဆိုပါ တာဝန်ကျဝန်ထမ်းကပြောကြားသည်။ “မိုးအပြည့်အဝရွာလို့ ဆည်၊မြောင်း တာတမံတွေရေဝင်တာများလာရင် ရေအားလျှပ်စစ်တိုးထုတ်နိုင်မှာပါ။ အဲဒီကျရင်မီးပြန်ပေးမှာပါ”ဟု ၎င်းကဆိုသည်။ လျှပ်စစ်ဓာတ်အားရရှိမှုခေတ္တဆိုင်းငံ့ခံထားရသော ရန်ကုန်မြို့တော်ရှိ စီးပွားရေးလုပ်ငန်းများမှာ စက်သုံးဆီသုံးမီးစက်ကြီးများကို အသုံးပြုပြီး လျှပ်စစ်စွမ်းအင်ထုတ်ယူသုံးစွဲနေရကြောင်းရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းများထံဆက်သွယ်မေးမြန်းချက်များအရ သိရှိရသည်။ ရန်ကုန်မြို့ရှိ လူနေရပ်ကွက်အများစုမှာ တစ်ရက်လျှင် ခြောက်နာရီအလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားပေးဝေနေသည်ဟု ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ရုံးမှ သိရှိရကြောင်း ၂၀၁ဝခုနှစ် မေလ ၂၄ရက်နေ့ထုတ် The Voice ဂျာနယ်တွင်ဖော်ပြထားပါသည်။