သစ်မွှေး အကြောင်း စပ်မိစပ်ရာ

ဆူးNovember 10, 20111min34436

တနေ့က သစ်မွှေးအကြောင်းကို ကုမ္ပဏီ တခုက ကြော်ညာ စာရွက်ကလေး ရလို့ဖတ်မိရင်း သိချင်စိတ်ကော အားကျပြီး မြေကွက်ဝယ်ပြီး ချက်ချင်း နေ့မဆိုင်း ပြေးပြီး စိုက်ချင်စိတ်ပေါက်မိတယ်။ ဟုတ်မဟုတ် ဖြစ်မဖြစ် ကတော့ နောက်လာမဲ့ ၅နှစ်ဆိုရင် သိမှာပေါ့။

ဖတ်မိတာလေး ဗဟုသုတ အဖြစ် မျှဝေလိုက်ပါတယ်။ ပိုသိတဲ့လူကလည်း သိတဲ့ အကြောင်း နည်းနည်း ဝင်ပြီး ဆွေးနွေးစေလိုပါတယ်။

 

သစ်မွှေး

သစ်မွှေးကို မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သော်လည်း လယ်မြေတွင် စိုက်ပျိုး၍မရပါ။

သစ်မွှေးစိုက်ပျိုးလျှင် ၁။ ရေရရှိရမည်။ ၂။အရိပ်ရရှိရမည်။ ၃။ရေမဝပ်စေရပါ။ ထိုအချက် ၃ချက်နှင့် ညီလျှင် စိုက်ပျိုးနိုင်ပါသည်။ စတင်စိုက်ပျိုးချိန်မှ ၂နှစ်သား အထိ အရိပ်ကောင်းစွာ ရရှိရန်လိုအပ်ပါသည်။ ၂နှစ်ကျော်ပါက အရိပ်ပေးရန် မလိုတော့ပါ။  ရာဘာ သီဟိုဠ် သရက်ပင်များကြား၌ ပင်ကြား စိုက်ပျိုးနိုင်ပါသည်။ သစ်မွှေး စိုက်ပျိုးပါက ၁.၅ ၁ပေခွဲ ပတ်လည် နှင့် ၁ပေခွဲ အနက် ကျင်းတူးပြီး စိုက်ကျင်း အတွင်း N:P:K  ၁၅း၁၅း၁၅ (သို့) ၁၆း၁၆း၁၆ ၁ဗူး၊ နွားချေး ၁ပြည်၊ ကြက်ချေး ဗူးတဝက်၊ မြေဆွေး ၂ပြည် ထည့်၍ စိုက်ပျိုးနိုင်သည်။ အပင် တစ်ပင်နှင့် တစ်ပင် ၄ပေ ၆ပေ ၈ပေ ၁ဝ ပေ ခြား စိုက်ပျိုးနိုင်သည်။ ၄-၅ပေခြား စိုက်ပျိုးခြင်းဖြင့် အရိပ် ရေ ၁၂လ ပတ်လုံးပေးနိုင်ပါသည်။ စိုက်ပျိုးပြီး ၄ – ၅ နှစ်ကြာပါက လုံးပတ် ၁၈လက်မ  ရှိလျှင် မှိုစတင်သွင်း၍ အဆီ အခဲ ရယူထုတ်လုပ်နိုင်ပါပြီ။ မှိုသွင်းခြင်း လုပ်ငန်းအား ဆောင်ရွက်သည့် ကုမ္ပဏီ အဖွဲ့အစည်းများ ပြည်တွင်း ပြည်ပ တွင် များစွာ ရှိနေသည့် အတွက် စိတ်ကြိုက် ရွေးချယ် ထုတ်လုပ်နို်င်ပါသည်။

သစ်မွှေးကို ပြင်သစ် အမေရိကန် ကနေဒါ ဟော်လန် အင်္ဂလန် ဂျာမနီ ဒူဘိုင်း ဂျပန် ကိုရီးယား လက်ဘနွန် ဂျော်ဒန် တရုတ် ထိုင်ဝမ် စင်္ကာပူ အိန္ဒိယ ပါကစ္စတန် သီရိလင်္ကာ ဆော်ဒီအာရေဗျ နိုင်ငံတို့တွင် ဆေးဝါး သောက်ဆေး ကုန်ကြမ်း အမွှေးနံသာ ကုန်ကြမ်း အဖြစ် အသုံးပြုနေကြသဖြင့် တစ်နေ့ ထက် တစ်နေ့ သစ်မွှေးဈေးကွက် ကျယ်ပြန့်၍ အလွန်တိုးပွားလာပါသည်။ အိုမင်းရင့်ရော်မှုကို တားဆီးသော ဆေးတွင် အဓိက အခန်းကဏက ပါဝင်ပြီး ဈေးကွက်တွင် ဝယ်လိုအား အလွန်များလှပါသည်။ သစ်မွှေး အခဲ ၁ကီလို ၆၅ကျပ်သား ဝန်းကျင်လျှင် အမေရိကန် ဒေါ်လာ ၂၅၀၀ဝ ရရှိနိင်ပါသည်။ သစ်မွှေးတပင်လျှင် ၄-၅ နှစ်အတွင်း မြန်မာ ကျပ်ငွေ အနိမ့်ဆုံး သိန်း ၁၀ဝ ရရှိနိုင်ပါသည်။

သစ်မွှေးအမျိုးမျိုး ရှိသည့် အနက် မြန်မာ့ သစ်မွှေးသည် အရည်အသွေး အကောင်းဆုံး ဈေးအကောင်းဆုံး ဖြစ်သည်။ ယိုးဒယားမျိုးများသည် စနစ်တကျ စိုက်ပျိုးထုတ်လုပ်သောကြောင့် သစ်မွှေး ထွက်ရှိမှုများသဖြင့် အသားတင်တွက်နှုန်းကောင်းနေခြင်း ဖြစ်သည်။ မြန်မာ့သစ်မွှေးကို စနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်ပါက မြန်မာ့သစ်မွှေးဈေးကွက်တခု ဖြစ်လာနိုင်ပြီး ကမာ္ဘပေါ်တွင် လူကြိုက် အများဆုံး ဖြစ်လာနိုင်ပါသည်။

သစ်မွှေး အဆီ အခဲ ကို ဆော်ဒီအာရေဗျ မှ အများဆုံး ဝယ်ယူနိုင်ပါသည်.  လှော်ပန် အမွှေးအနံ့ ထွန်းညှိရာ တန်ဖိုးကြီးသော ရေမွှေး အမွှေးတိုင် သစ်မွှေးမှ လက်ဖက်ခြောက် များ ထုတ်လုပ်နိုင်သည့် အပြင် ကုလားအုပ်တွင်ဖြစ်သော ရောဂါများ အသဲရောင် အသားဝါ အဆီဖုံး စီပိုး ဘီပိုး အေအိုင်ဒီအက်စ် တို့ကိုလည်း ခုခံစွမ်းအားမြှင့်စေနိုင်သည့် ဂုဏ်သတ္တိရှိပါသည်။ သစ်မွှေးပင်သည် ပင်စည်ထဲသို့ ရောဂါရ၍ ရောဂါကို ပြန်လည် တွန်းလှန်ရန် (ဥပမာ- မုတ်ကောင်သည် အမှိုက်ဝင်၍ အမှိုက်ကို တွန်းလှန်ချေဖျက်ရာ ပုလဲ ဖြစ်သကဲ့သို့) သစ်မွှေး အဆီ အခဲ ဖြစ်တည်လာခြင်းဖြစ်ပါသည်။ သစ်မွှေး အဆီအခဲ ကို ထုတ်လုပ်၍ ရောဂါကို တွန်းလှန်နိုင်ပါသည်။

သစ်မွှေးပင်သည် ယခင် သစ်မွှေးဖြစ်ရန် အလွန်ကံကောင်းမှ ဖြစ်နိုင်ပါသည်။ ယခု သစ်မွှေးဖြစ်တည်ခြင်း၏ အကြောင်းအရာကို သိပြီး သစ်မွှေးဖြစ်ရန် မှိုဆေး သံ ဂျယ်လီ အင်ဇိုင်း များ ပေါ်ပေါက်နေပြိ ဖြစ်သဖြင့် သစ်မွှေးပင်မှ သစ်မွှေးဖြစ်ရန် ၁၀၀% သေချာသလောက် ဖြစ်နေပါပြီ။

၁ပေ ပင်  ၈၀ဝ ကျပ်

၂ပေ ပင် ၁၆၀ဝ ကျပ်

သစ်မွှေးမျိုးစေ့ (၁၅၀ဝပါ တဗူး)  (ကချင်) ၄၀၀၀၀

သစ်မွှေးမျိုးစေ့ ၅၅ဝပါ တဗူး) (ယိုးဒယား) ၃၀၀၀၀

36 comments

  • ဆူး

    November 10, 2011 at 1:57 pm

    သစ်မွှေးပျိုးပင်ထက် မျိုးစေ့ဝယ်လိုအားများပြီး ဈေးနှုန်းမြင့်တက်

    အတွဲ(၁၀) အမှတ်(၄၇)

    သစ်မွှေးပျိုးပင်ထက် မျိုးစေ့ဝယ်လိုအားများပြီး ဈေးနှုန်းမြင့်တက်
    မြန်မာနိုင်ငံတွင် စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းသည့် သစ်မွှေးပင်များ၏ မျိုးစေ့များသည် ရန်ကုန်မြို့တွင် အရောင်း အဝယ် နည်းပါးသော်လည်း နယ်ဈေးကွက်တွင် ဈေးနှုန်းမြင့် တက်လျက်ရှိကြောင်းသိရသည်။ လက်ရှိသည် သစ်မွှေးစိုက်ပျိုးသည့် ရာသီကုန်ဆုံးချိန် ဖြစ်သဖြင့် ရန်ကုန်ဈေးကွက်တွင် မျိုးစေ့နှင့် ပျိုးပင်ပေါက် ရောင်းချရမှု နည်းပါးလျက်ရှိပြီး နယ်မြို့များတွင် သစ်မွှေး မျိုးစေ့ ရောင်းချရမှုမြင့်တက်လျက်ရှိကြောင်း သိရသည်။ ”ရန်ကုန်အနီးတစ်ဝိုက်မှာ ရောင်းချရမှု နည်းသွားတယ်၊ နယ်မြို့တွေမှာတော့ ဈေးနှုန်းတွေ မြင့်တက်နေတယ်၊ သစ်မွှေး က တစ်ပိုင်တစ်နိုင်ကနေ စီးပွားဖြစ် စိုက်ပျိုးနိုင်တဲ့အတွက် စိတ်ဝင်စားမှုများတယ်”ဟု သစ်မွှေးမျိုးစေ့ရောင်းချသူ တစ်ဦး က ပြောကြားသည်။ ရန်ကုန်ဈေးကွက်သည် စိုက်ပျိုးသည့် ကာလ ပြီးဆုံးချိန်ဖြစ်သဖြင့် ရောင်းချရမှု နည်းပါးသည့်အပြင် ဈေးနှုန်းများပါ လိုက်ပါကျဆင်းလျက်ရှိကြောင်း၊ နယ်မြို့များ တွင်လည်း ပိုျးပင်ထက် မျိုးစေ့ရောင်းချရမှု မြင့်မားနေပြီး မျိုးစေ့ တစ်ဘူး(နို့ဆီဘူး)လျှင် ငွေကျပ် တစ်သိန်းဝန်းကျင် ရှိကြောင်း၊ ပျိုးပင်များအနေဖြင့် တစ်ပင်လျှင် ကျပ် ၅ဝဝဝ မှ ကျပ် ၂ဝဝဝဝ အထိရှိပြီး ရောင်းချရမှုနည်းပါးလျက်ရှိ ကြောင်း သိရသည်။
    သစ်မွှေးစိုက်ပျိုးခြင်း ၅ နှစ်အတွင်းကျပ် သိန်း ၂ဝ ခန့် အမြတ်ရရှိနိုင်သည့်အပြင် မျိုးကောင်းပါက ရေရှည်စိုက် ပျိုးသွားနိုင်ခြင်းကြောင့် နယ်မြို့များတွင် စိတ်ဝင်စားမှု များပြား လျက်ရှိကြောင်း သိရသည်။ ”သစ်မွှေးစိုက်မယ်ဆိုရင် သက် ဆိုင်ရာရဲ့ခွင့်ပြုချက်နဲ့ ဆေးထိုးခွင့်ကိုပါ တင်ပြရတယ်၊ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြရင် ပြည်ပပို့ကုန် တစ်မျိုးအထိ ဖြစ် လာမှာပါ ”ဟု လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
    သစ်မွှေးပင်သည် မြန်မာနိုင်ငံအပါအဝင် တရုတ်နိုင်ငံ တောင်ပိုင်း၊ အိနိ္ဒယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ စသည့် အာရှတောင်ပိုင်းနိုင်ငံများတွင် စိုက်ပျိုးဖြစ်ထွန်းပြီး သစ်မွှေးဆီသည် တစ်ကမ္ဘာလုံးမှ ဝယ်လိုအားမြင့်မားကြောင်း၊ အာရပ်နိုင်ငံများတွင် သစ်မွှေးဆီများကို ရိုးရာပူဇော်ပွဲများတွင် သာမက အိမ်ဧည့်ခန်းတွင်အသုံးပြုကြသည့်အပြင် သစ်မွှေး ပင်၏ အခေါက်အသားများကိုပါ ဝယ်ယူကြသည့်အတွက် တစ်ပင်လုံး အကျိုးအမြတ်ရရှိကြောင်း သိရသည်။ သစ်မွှေးပင်များအား မျိုးအောင်ရန် ဆေးထည့်သွင်း ခြင်းကို ပြည်တွင်းပြည်ပ ကုမ္ပဏီများမှ ဝန်ဆောင်မှုပေးလျက် ရှိပြီး သစ်တောရေးရာဝန်ကြီးဌာန၏ ခွင့်ပြုချက်ပါရှိရကြောင်း သိရသည်။ ကိုဖြိုး

    http://www.commercejournal.com.mm/index.php?option=com_content&view=article&id=2808:2010-12-09-08-48-17&catid=8:2009-06-26-20-54-48&Itemid=14

  • ဆူး

    November 10, 2011 at 1:59 pm

    နိုင်ငံခြားဝင်ငွေ ရရှိနိုင်ရန် သစ်မွှေးကို အလေးထားစိုက်ပျိုး
    စိုးစန္ဒာဦးနှင့် နေလင်းအောင်
    အတွဲအမှတ် (၂၅ ၊ အမှတ် ၄၉၄)

    အလုပ်သမတစ်ဦးက သစ်မွှေးပျိုးပင်ပေါက်ဥယျာဉ်တစ်ခု၌ အောင်မြင်ဖြစ်ထွန်းမည့် ပျိုးပင်တစ်ပင်ကို ပြနေစဉ်။

    သစ်မွှေးစိုက်ပျိုးခြင်းသည် နိုင်ငံခြား ဝင်ငွေရရှိရန် အခွင့်အလမ်းကောင်း တစ်ခုဖြစ်သောကြောင့်လုပ်ငန်းရှင်ကြီးများနှင့် တောင်သူများကသစ်မွှေး စိုက်ပျိုးခြင်းကို ပိုမိုစိတ်ဝင်စားလာကြ သည်။

    “သစ်မွှေးက လောလောဆယ် ပြည်တွင်းထုတ်လုပ်အား နည်းနေပါသေး တယ်။အရှေ့အလယ်ပိုင်းဒေသ စော်ဘွား နိုင်ငံတွေကတော့ သစ်မွှေးကို အဆီထုတ်ပြီးဆေးဝါးနဲ့အမွှေးအကြိုင် ပြုလုပ်တဲ့နေရာမှာ သုံးကြတယ်” ဟု သစ်တောထွက်ပစ္စည်း ဖက်စပ်ကော်ပို ရေးရှင်းမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

    ၂၀၀၃ ခုနှစ်မှစ၍ အဆိုပါ ကော်ပိုရေးရှင်းက အပင် ၆ဝ စမ်းသပ်စိုက်ပျိုး ခဲ့ရာယခုအခါတွင်အပင်ပေါင်း ၂,၀၀ဝစိုက်ပျိုးထားကြောင်း၊ သစ်မွှေးမှာ သာမန်အပင်တွင် မမွှေးဘဲမှိုစွဲကပ်ရောဂါဝင်ပြီး အပင်အနာရမှသာလျှင် အမွှေးနံ့ဝင်ကာ သစ်မွှေးဖြစ်လာပြီးအပင် လုံးပတ် ၁ဝ လက်မ ခန့်အရွယ် တွင် မှိုဆေးသွင်းနိုင်ကြောင်းသိရသည်။

    ထိုင်းနိုင်ငံတွင် အပင်သက်ငါးနှစ်၊ ခြောက်နှစ်ခန့်အရွယ်တွင် ဆေးထိုး၍ သစ်မွှေးပြုလုပ်ရာ ယခုအခါအောင်မြင်နေပြီး ပြည်ပဈေးကွက် သို့ တင်ပို့နိုင်ပြီ ဖြစ်သည်။

    “သစ်မွှေးကအမြဲစိမ်းသစ်တော အမျိုးစားထဲမှာပါတော့ မြန်မာနိုင်ငံ အောက်ပိုင်းမှာ စိုက်လို့ဖြစ်ပေမယ့် စိုက်ပျိုးစရိတ်ကြီးတယ်။ မူရင်း ဒေသဖြစ်တဲ့ ကချင်ပြည်နယ်တို့လို နေရာမျိုးမှာစိုက်ရင်မျိုးက ဈေးကြီးတော့ တော ခုတ်၊ မြေယာပြုပြင်တဲ့အချိန်က စပြီး အပင်ပေါက် တဲ့အထိဆိုရင် တစ်ဧက ကို သိန်း ၂ဝ ကနေ ၃ဝ ကြားလောက် စရိတ်ရှိတော့ တောင်သူက ရင်းနှီးဖို့ တော်တော်စဉ်းစားမယ်။ ပျိုးတစ် ပင်ကို ကျပ် ၁,၅၀၀၊ ၂,၀၀ဝ လောက် ရှိတော့ တောင်သူက မြန်မြန်ကြီးပြီး မြန်မြန် ငွေပေါ်မယ့် အပင်မျိုးကိုပဲ စိုက်ချင်ကြ တယ်”ဟု ၎င်းက ပြောကြားသည်။

    သစ်မွှေးတစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ ၈၀ဝ မှ ၁၀,၀၀ဝ ကျော် တန်ထိရှိသည်။ ပြီးခဲ့သော သုံးလေးနှစ် ခန့်မှစ၍ ပြန်လည် ခေတ်စားလာခြင်း ဖြစ်သည်။

    မျိုးတုံးအန္တရာယ် ကျရောက်နေသည့် သစ်ပင်မျိုးနွယ်အဖြစ် သတ်မှတ်၍ ရောင်းဝယ်ဖောက်ကားမှုကို ထိန်းချုပ် ထားသော သစ်မွှေး မျိုးစိတ်ပေါင်း ၁၅ မျိုးခန့်ရှိရာ မြန်မာပြည်တွင် မျိုးစိတ် နှစ်မျိုးရှိကြောင်း သိရသည်။

    “စိုက်နိုင်ရင်တော့ နိုင်ငံခြားဝင်ငွေ ရရှိဖို့အတွက် အတော်ကောင်းပါတယ်။ တောင်သူတွေလည်း တစ်ပိုင်တစ်နိုင် အနေနဲ့ တစ်အိမ်ကို လေး၊ ငါးဆယ်ပင် လောက် စိုက်ပြီး အောင်သွားတော့ လည်း အကျိုး ရှိတာပေါ့။ လောလော ဆယ်တော့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ စိုက်နေတယ်”ဟု ၎င်းက ပြောသည်။

    “သစ်မွှေးကို ၂၀၀၉ ခုနှစ် အစော ပိုင်းလောက်ကစပြီး စိုက်ထားတာ။ အခုဆို အပင်က တစ်နှစ်သားလောက် ရှိပြီ။ အခု ခြောက်ဧက စိုက်ပျိုးထားပါ တယ်။ သစ်မွှေးပင်တွေဟာ မြန်မာနိုင်ငံ အနှံမှာ ပေါက်နိုင်ပြီး အပူပိုင်းဒေသတွေ မှာစိုက်ပျိုးရင် မေလကနေ ဇွန်လ အထိ နှစ်လအတွင်း အပြီးစိုက်ပျိုးရတယ်”ဟု မြစ်ကြီးနားမြို့နယ်တွင် သစ်မွှေးစိုက်ပျိုး သူ တစ်ဦးက ပြောသည်။

    မိုးဦး၊ မိုးလယ်နှင့် မိုးနှောင်းကာလ သုံးကြိမ်တွင်သာ မြေဩဇာ ထည့်သွင်း ရကြောင်း၊ အပင်သက်တမ်း သုံးနှစ်ပြည့် သောအခါ အပင် ဖျားမှအရင်းအထိ ပင်စည်အတွင်းသို့ လွန်ဖြင့် အပေါက် ငယ်များဖောက်ပြီး ဆေးထည့်ရကြောင်း ၎င်းက ပြောသည်။

    သစ်မွှေးပင်သည်သဘာဝအားဖြင့် အမွှေးနံ့မရှိကြောင်း၊ဆေးထည့်ပြီးလေးလအကြာ၌ ပေါင်းဆီထုတ်နိုင်သော်လည်း အပင်သက်တမ်း ငါးနှစ်ခြောက်နှစ်သားများတွင် အပင်ကို ခုတ် လှဲပြီး ပေါင်းခံကြောင်း မြစ်ကြီးနား မြို့နယ်တွင် သစ်မွှေးစီးပွားဖြစ် စိုက်ပျိုး သူက ရှင်းပြ သည်။

    “သစ်မွှေးကို ၂၀၀၈ ခုနှစ်က စတင် စိုက်ပျိုးထားပြီး တစ်ဧကကို အပင် ၆၅ဝ နှုန်းနဲ့ ဧကပေါင်း ၆ဝ စိုက်ပျိုးထား ပါတယ်။ အစေ့ကို ပျိုး ပြီးတစ်နှစ်သား အရွယ်ရောက်မှတစ်ပေခွဲပတ်လည် အနက်ကျင်းတူးပြီး ပြောင်းရွှေ့ စိုက်ပျိုး တာပါ။ တစ်ပင်ကို ရှစ်ပေခြား စိုက်ပျိုး ပါ တယ်။ အခုဆို အပင်သက်တမ်းက သုံးနှစ်နီးပါးရှိပြီ”ဟု ၎င်းက ပြောသည်။

    “အပင်ပေါင်းခံတဲ့အခါမှာတစ်ပင်ကို ပေါင်းအိုးနဲ့သုံးကြိမ်လောက် ပေါင်းခံရပြီးတော့ တစ်အိုးကို ပင်နီစလင် ပုလင်း နှစ်ပုလင်းလောက် ရတယ်။ တစ်ပုလင်း ကို ငွေသုံးသိန်းဝန်းကျင် ဈေးရပြီးတော့ အပင်တစ်ပင်ကို ပင်နီစလင် ပုလင်း ကိုးပုလင်းလောက် ထွက်တယ်။ တန်ဖိုး အနေနဲ့ကတော့ တစ်ပင်ကို ငွေကျပ် ၂ရ သိန်း ဝန်းကျင်ရတယ်”ဟု ၎င်းက ရှင်းပြသည်။

    သစ်မွှေးစိုက်ပျိုးရာတွင် တစ်ဧက လျှင် ကျပ် ၆၅ သိန်းခန့် ကုန်ကျပြီး တစ်ပင်လျှင် ၁၅ သိန်းခန့် အမြတ်ရရှိ ကြောင်း၊ ထိုင်းနိုင်ငံထုတ် မှိုဆေးကို အသုံးပြုပါက အထွက်နှုန်းပိုပြီး ကုန်ကျ စရိတ်မှာလည်း မူလထက် လေးဆခန့်ပို မိုကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

    သစ် မွှေးကို တိုင်းရင်းဆေးဝါး ထုတ်လုပ်သည့် လုပ်ငန်းများ၊ ရေမွှေး ထုတ်လုပ်ငန်းများတွင် မပါမဖြစ် အသုံး ပြုကြကြောင်း သိရသည်။

    http://www.myanmar.mmtimes.com/2010/upper/494/upper03.html

  • ဆူး

    November 10, 2011 at 2:01 pm

    မန်မာ့သစ်မွှေးရတနာ

    စာရေးသူသည် သစ်မွှေးနှင့် မစိမ်းပါ။ ၁၉၆၉-၇ဝ က စာရေးသူတို့၏ ဇာတိ အိန္ဒိယ-မြန်မာ နယ်စပ် တမူးမြို့တွင် တစ်ဘက်နိုင်ငံသို့ မှောင်ခို သစ်မွှေးရောင်းဝယ်မှု အလွန်ကြီး ထွားခဲ့ပါသည်။ သစ်မွှေးနှင့် ကြီးပွား သွားကြသူများလည်း ရှိသလို သစ်မွှေးဖြင့် ဘဝပျက်သွားကြသူများလည်း တွေ့မြင်ခဲ့ရပါသည်။

    မြန်မာ့သစ်မွှေးသည် ယနေ့ ကာလတွင်လည်း ရတနာတစ်မျိုး ဖြစ်နေပါသည်။ မြန်မာ့သစ်မွှေးသည် ကမ္ဘာ့ ဈေးကွက်သို့ ခြေဆန့်နေပါသည်။ သစ်မွှေးပင်ကို သုံးမျိုးသုံးစား ခွဲခြားနိုင်ပါသည်။ သစ်ပင်တစ်ပင်တည်းမှ ပင်ခွဲလိုက်လျှင် သစ်ကြောလိုက် အကန့်၊ အကန့်လုပ်ပြီး ထွင်းယူရသည့် အသားပိုင်းက တစ်မျိုး၊ အဆီခဲကတစ်မျိုးနှင့် ကျန်တစ်ပင်လုံးက တစ်မျိုးဟူ၍ ကွဲပြားသွားပါသည်။

    မြန်မာ့ သစ်မွှေးရတနာဟု ဆိုရသည်မှာ ကာလပေါက်ဈေးက သက်သေခံနေပါသည်။ ထွင်းယူသော သစ်ကြောပိုင်းက တစ်ပိဿာလျှင် တစ်သိန်းမှ ဆယ်သိန်း။ အဆီခဲမှာ တစ်ပိဿာလျှင် ဆယ်သိန်းမှ ၁၅ သိန်း။ သစ်ပင်တစ်ပင်လုံးကို တစ်ပိဿာလျှင် တစ်သောင်းမှ တစ်သိန်းအထိ ဖြစ်နေပါသည်။ ကမ္ဘာ့ပေါက်ဈေးမှာ အကောင်းဆုံး သစ်မွှေးအမျိုးအစားသည် အမေရိကန် ဒေါ်လာ ၂ဝဝဝဝ ခန့်အထိရှိပါသည်။ အဆီဆိုလျှင် တစ်ကီလိုကို ဒေါ်လာ ၄ဝဝဝဝ အထိရှိသည်ဟု ဆိုပါသည်။

    သစ်မွှေးဟူသည်
    သစ်မွှေးကို ယခင်က အကျော်ဟုလည်း ခေါ်ဝေါ်ခဲ့ကြပါသည်။ သို့သော်လည်း စီးပွားရေး လောကတွင် သစ်မွှေးဟူ၍သာ ကျော်ကြားထင် ရှားခဲ့ပါသည်။ သစ်မွှေးသည် ဒက်ဖနီ ရေမွှေးပန်းမျိုးရင်းဝင် Thymelae-aleae မျိုးရင်းတစ်ခုဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း ၃ဝဝဝ ကျော်ကတည်းကပင် အိန္ဒိယနိုင်ငံရှိ ရှေးဟောင်း အာရိယန် လူမျိုးများက စတင်အသုံး ပြုခဲ့ကြောင်း ခိုင်လုံသော အာယုဗေဒ ဆေးကျမ်း အထောက်အထားများ ရှိသည်။ သစ်မွှေးကို အာရိယန်လူမျိုးများက အာဂါ သို့မဟုတ် မဟာဂါဟု ခေါ်ပြီး ဟိန္ဒူဘာသာအရ Agal ဟုခေါ်၍ သက္ကဋဘာသာအရ Agarn ဟုခေါ်ကာ ပါဠိဘာသာအရ Timiza ဟုခေါ်ပါသည်။ ရုက္ခဗေဒ အမည်အားဖြင့် Agnilaria Agalocha Roxb, Aquilariva Malaceensis, အင်္ဂလိပ် အမည်အားဖြင့် ဗါမေတသသိယ Agarwood, Egel-wood or Aloewood ဟုခေါ်၍ ရှေးဟောင်း ဟီးဘရူးတို့၏ သမ္မာကျမ်းစာတွင် Aohra ဟု ခေါ်ခဲ့ကြပါသည်။ တီးတိန် ချင်းတိုင်းရင်းသားများက Houon Noyai ကရင်တိုင်းရင်းသားများက Halow, ကချင်တိုင်းရင်းသားများက Hpum Sou Pum ဟူ၍လည်း ကောင်း၊ မူးရာ Mura ဟူ၍ လည်းကောင်း၊ လီဆူးတို့က Chit Poung ဟုလည်းကောင်း အမျိုးမျိုး ခေါ်ဝေါ်ကြကြောင်း လေ့လာ တွေ့ရှိရပါသည်။ မြန်မာနိုင်ငံ၌ ဒေသအမျိုး မျိုးကိုလိုက်၍ အမည်အမျိုးမျိုး ခေါ်ဝေါ်ခဲ့ကြပါသည်။ သို့ရာတွင် အထက်၌ ဖော်ပြခဲ့သည့်အတိုင်း သစ်မွှေးဟူ၍ ကျော်ကြားထင်ရှားပါသည်။

    သစ်မွှေးပင်သည် အမြင့်ပေ ၄ဝ ခန့်ရှိပြီး လုံးပတ် ၁ဝ ပေခန့်ရှိတတ် ပါသည်။ ပညာရှင်များ လေ့လာတွေ့ ရှိချက်အရ သစ်မွှေးပင်အမျိုးအစား ၁၁ မျိုးခန့်ရှိသော်လည်း Aquilaria, Crossnar နှင့် Aquilaria Malauenis အမျိုးအစားနှစ်မျိုးမှာ အကောင်းဆုံး ဖြစ်ကြောင်း သိရှိရပါသည်။ ယင်းတို့ကို တနင်္သာရီတိုင်းနှင့် ကချင် ပြည်နယ်တို့တွင် တွေ့ရှိရပါသည်။

    ပေါက်ရောက်ရာ ဒေသများ
    သစ်မွှေးပင်ပေါက်ရောက်ရာ ဒေသများမှာ အရှေ့တောင်အာရှနှင့် အာရှ ပစိဖိတ်ဒေသများဖြစ်ကြသည်။ အိန္ဒိယ၊ နီပေါ၊ ဘူတန်၊ မြန်မာ၊ တရုတ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ ပါပူးဝါး နယူးဂီနီနှင့် ဩစတြေးလျကျွန်းစု အချို့တွင် သဘာဝအတိုင်း ပေါက် ရောက်ကြသည်။ မြန်မာနိုင်ငံတွင် Aquilaria Agalocha Roxb နှင့် Aquilaria Malaccer Lam တို့ကို မှတ်တမ်းတင်ထားပါသည်။ မြန်မာနိုင်ငံတွင် သစ်မွှေးပေါက်ရောက်ရာ ဒေသများမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယား ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းတို့ ဖြစ်ကြပါသည်။

    ဈေးကွက်ဝင်လာပုံနှင့် သမိုင်းကြောင်း
    သစ်မွှေးကို အာရပ်လူမျိုးများက ပိုမိုကြိုက်နှစ်သက်ကြပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ ကျော်ခန့်မှ စတင်အသုံးပြုခဲ့ပြီး အာရိယန် လူမျိုးများက စတင်အသုံးပြုကာ အာဂါဟု ခေါ်ကြသည်။ အီဂျစ်လူမျိုးများ အနေဖြင့် မံမီရုပ်အလောင်းများ စီစဉ်သည့်အခါတွင် သစ်မွှေးအဆီခဲအား အဓိက ကုန်ကြမ်းအဖြစ် အသုံးပြုကြောင်း မှတ်သားရဖူးပါသည်။ အာရပ်လူမျိုးတို့သည် သစ်မွှေးကို ဘာသာရေးပွဲတော်မှအစ မိသားစုပိုင်းအထိ မီးထွန်းညှိပြီး မွှေးကြိုင်သည့်ရနံ့ကို ရှူရှိုက်ရင်း အပန်းဖြေကြပြီး ရေမွှေးစသည့် ပစ္စည်းများကို အနံ့ကြာရှည် ခံနိုင်အောင် အသုံးပြုသည်ဟု ဆိုပါသည်။ သစ်မွှေးကို ခရစ်ယာန် သမ္မာကျမ်းစာတွင် ခရစ်တော် မွေးဖွားစဉ်က အရှေ့ဘက်နိုင်ငံမှ ပညာရှင်သုံးဦး ရောက်ရှိလာပြီး ခရစ်တော်အား ပူဇော်ရာတွင် လက်ဆောင်ပစ္စည်းသုံးမျိုးပါ ရှိသည်။ လက်ဆောင်တစ်မျိုးမှာ မူးရာ – Mura ဟုခေါ်သည့် သစ်မွှေး ဖြစ်ပါသည်။ သို့ဖြစ်၍ သစ်မွှေးကို အထွတ်အမြတ် အဖြစ်ပူဇော်ရာတွင် ခရစ်တော် လက်ထက်ကပင် အသုံးပြုခဲ့ကြောင်း သိရှိရပါသည်။ ထို့ကြောင့် ခရစ်ယာန် ဘာသာဝင် အများစုဖြစ်သော ကချင်တိုင်းရင်းသားများက သမ္မာကျမ်းစာအတိုင်းမူးရာဟုလည်း ခေါ်ဝေါ်ခဲ့ကြပါသည်။

    သစ်မွှေးသည် ၁၉၆၉ ခုနှစ် နောက်ပိုင်းတွင် ဈေးကောင်းရရှိလာသည်။ ယင်းအချိန်က ပထမတန်း စား တစ်ပိဿာလျှင် ကျပ်တစ် သောင်းဈေး၊ ဒုတိယတန်းစား တစ် ပိဿာလျှင် ၂၅ဝ ကျပ်နှုန်းမှ နောက် ပိုင်းတွင် ပထမတန်းစား တစ်ပိဿာ ကျပ်ငါးသောင်း၊ ဒုတိယတန်းစား တစ်ပိဿာကျပ် နှစ်သောင်းငါးထောင်၊ ရောနှောအတန်းအစား ကျပ်ငါးထောင်အထိ မှောင်ခိုစီးပွားရေး လောကတွင် မြင့်တက်လာခဲ့သည်။ အထက်တွင် တင်ပြခဲ့သည့် အတိုင်း အိန္ဒိယ-မြန်မာ နယ်စပ်တမူးမြို့တွင် ယင်း အချိန်ကာလက သစ်မွှေးနှင့် ကြီးပွားချမ်းသာသွားကြသူများရှိ သလို သစ်မွှေးနှင့် ဘဝပျက်သွား ကြသူများလည်းရှိခဲ့ပါသည်။

    သစ်မွှေးဈေးကွက် ချဲ့လာပုံမှာ ဤသို့ဖြစ်သည်။ အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်၊ မဏိပူရပြည်နယ် သစ်မွှေးကုန်သည်၊ သစ်မွှေးစုဆောင်းခွင့်ရသူ အင်ဖာလံမြို့မှ မစ္စတာ အိုဘိုဒင်က အခွန်ပေးဆောင်၍ ပေါက်ဈေးနှင့် ဝယ်ယူစုဆောင်းခဲ့သည်။ လမ်းပန်း ဆက်သွယ်မှု အခက်အခဲများကြောင့် တမူးမြို့မှတစ်ဆင့် မိုးရေးမြို့တွင် မြန်မာပြည်မှ အပြီးပြန်သူတို့ထံ အရောင်းအဝယ်လုပ်သည်။ ဝယ်ယူ သိုလှောင်ခြင်း၊ ပြန်လည် ရောင်းချခြင်းများ ပြုလုပ်ခဲ့သည်။ အာသံ ပြည်နယ်က ကုန်သည်ကြီးများက ယင်းကာလတွင် မြန်မာနိုင်ငံအစိုးရ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တော ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန် ကြားရေးမှူးချုပ်ထံ သစ်မွှေးဝယ်ယူ လိုကြောင်း ဆက်သွယ်ခဲ့သည်ဟု သိရပါသည်။ ဆက်သွယ်သူများထဲမှ အာသံပြည်နယ်၊ ဒူဟာဘီမြို့နေ မစ္စတာ ဒီလစ်ပဒပတာဆိုသူ ပါဝင်သည်။ သူက မြန်မာပြည်က သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာပြီး မြန်မာတောင်သူများကို သစ်မွှေးပညာသင်ပေးပါမည်ဟု ဆို ပြီး သစ်တောဦးစီးဌာနသို့ တင်ပြ တောင်းဆိုခဲ့သည်ဟု သိရပါသည်။

    ကသည်းလူမျိုးတို့သည် သစ်မွှေး စုဆောင်းရေး အတတ်ပညာ၊ ထုတ်ယူနည်းအတတ်ပညာ ကျွမ်းကျင်ပါသည်။ မြန်မာ-အိန္ဒိယ နယ်စပ်နေ တိုင်းရင်းသားများကိုကသည်း လူမျိုးတို့က သစ်မွှေးထုတ်ယူရေး အတတ်ပညာသင်ကြားပေးပြီး ရှာဖွေ စုဆောင်းကြသည်။ သစ်မွှေးများကို မြန်မာပြည် အရပ်ရပ်မှတစ်ဆင့် အင်ဖာ၊ အာသံ၊ ကာလကတ္တားအထိ သစ်မွှေးအဆီ ထုတ်လုပ်ငန်းရှင်များထံ တင်ပို့ခဲ့ကြသည်။ ထိုမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အာရပ် နိုင်ငံများနှင့် အစ္စရေးနိုင်ငံများသို့ ပို့ပြီး ရောင်းချခဲ့ကြသည်။ အာရပ်နိုင်ငံများသည် ရေနံကြောင့် ချမ်းသာ ကြွယ်ဝလျက်ရှိကြသဖြင့် သစ်မွှေးကို ဈေးကောင်းပေးပြီး ဝယ်ယူခဲ့ကြပါသည်။

    အသုံးဝင်မှု
    အထက်တွင် တင်ပြခဲ့သည့်အတိုင်း သစ်မွှေးကို လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ ကျော်ခန့်မှ စတင် အသုံးပြုခဲ့ကြပြီး အာရိယန် လူမျိုးများက စတင် အသုံးပြုကာ အာဂါဟု ခေါ်ခဲ့ကြသည်။ အီဂျစ်လူမျိုးများ အနေဖြင့် မံမီရုပ်အလောင်းများ စီရင်သည့်အခါတွင် သစ်မွှေးအဆီခဲအား အဓိကအသုံးပြုခဲ့ကြောင်းမှတ်သား ဖူးပါသည်။ သစ်မွှေးကို တိုင်းရင်း ဆေးဝါးများ ပြုလုပ်ရာတွင်လည်း အသုံးပြုလေ့ရှိသည်။ အသည်းခြောက်ရောဂါ၊ လေဖြတ်ရောဂါ၊ သွေးကင်ဆာရောဂါ၊ အသည်းရောင် အသားဝါ၊ အေအိုင်ဒီအက်စ် ရောဂါများအတွက် အထူးသင့်လျော်သည်။ ရေမွှေးနှင့် အလှကုန်များ ပြုလုပ်ရာတွင်လည်း အဓိကကုန်ကြမ်းအဖြစ် အသုံးပြု သည်။ ကချင်ပြည်နယ်ဒေသခံ တိုင်း ရင်းသားများက ရိုးရာဆေးဝါးအဖြစ် အသုံးပြုလေ့ရှိသည်။

    ဆေးကျမ်းအလိုအရ သစ်မွှေးသည် အေး၏။ အပူကိုနိုင်စေ၏။ ချောင်းဆိုး ရောဂါ၊ နူနာတို့ကို နိုင်စေ၏။ ခါးသောအရသာရှိ၏။ ကြေညက် လွယ်၏။ ဝဖြိုးစေ၏။ အစာမကြေ ရောဂါ၊ မျက်စိရောဂါ၊ နားရောဂါတို့ ကို ပျောက်ကင်းစေ၏။ ဆီးရွှင်စေ၏။ အသည်းနှင့် အူတွင်း၌ ဖြစ်သော ရောဂါများကို ပျောက်ကင်းစေ၏။ ခံတွင်းအနံ့မကောင်းခြင်းကို ပယ်၏ ဟု ဆိုထားပါသည်။

    နိုင်ငံတကာတွင် တိုင်းရင်းဆေး အမွှေးနံ့သာ၊ အလှကုန်ပစ္စည်းများ၊ အမွှေးတိုင်၊ အဓိက ကုန်ကြမ်းများအဖြစ် ဘာသာရေးဆိုင်ရာများတွင် ပူဇော်ရန် သုံးစွဲကြပြီး အာရပ်လူမျိုးများရှိရာ နိုင်ငံတိုင်း၌ အိမ်တိုင်းတွင် သုံးစွဲကြသည်။ သစ်မွှေးများကို အမှုန့် ပြုလုပ်ပြီး အမွှေးတိုင်များ ပြုလုပ်၍ ထွန်းညှိပူဇော်ခြင်း၊ အမှုန့်အား မီးရှို့၍ အနံ့ကို ရှူရှိုက်ခြင်းများဖြင့် စိတ်ချမ်းမြေ့ခြင်းနှင့် စိတ်ကြည်လင် မှုများဖြစ်စေနိုင်သောကြောင့် အလွန် တန်ဖိုးထားကြခြင်းဖြစ်ပါသည်။

    စွန့်စားရှာဖွေခဲ့ကြသည့်အတွက် မျိုးတုံးလုနီးပါးဖြစ်ခဲ့
    သစ်မွှေးမှောင်ခိုဈေးကွက် ကျယ် ပြန့်လာသည့် ၁၉၆၉-၇ဝ နောက်ပိုင်းတွင် လူငယ် လူရွယ်များသည် စိတ်တူ သဘောတူ ငါးယောက်နှင့် အထက် အဖွဲ့ဖွဲ့၍ ချင်းတွင်းမြစ်တစ်လျှောက် တောတောင်များ၊ မူးမြစ်ရိုးတစ်လျှောက် တောတောင်များ၊ နာဂတောင်တန်း အရောက်ရောက်၊ ကချင်ပြည်နယ် တောနက်ကြီးများ၊ တနင်္သာရီတိုင်း တောတောင်များ၊ မဟာမြိုင် တောလည်းမကျန်၊ ဆင်မကြောက်၊ ကျားမကြောက်၊ သူပုန်မကြောက် နေရာအနှံ့ ကျောပိုးအိတ် တစ်လုံးစီဖြင့် သစ်မွှေးအရှာ ထွက်ခဲ့ကြသည်။ အချို့လည်း စွန့်စားရကျိုး၊ အပင်ပန်းခံရ ကျိုးနပ်ခဲ့ကြသည်။ အချိူ့လည်း ငှက်ဖျားဒဏ်၊ ပင်ပန်းမှုဒဏ်များသာ အဖတ် တင်ခဲ့ကြသည်။ ဤမျှအထိ သစ်မွှေးလောဘ၊ သစ်မွှေးရတနာက ဂုဏ်ကြီးခဲ့သည်။ ဤမျှတန်ဖိုးကြီးသော၊ ဂုဏ်ကြီးသော သစ်မွှေးပင်များကို အလွန်အမင်း စည်းမဲ့ကမ်း မဲ့ ခုတ်ယူခဲ့ကြသောကြောင့် မျိုးတုံး လုနီးပါး အခြေအနေဖြစ်ပေါ်ခဲ့ရ သည်။

    အပင်တွေ့သော်လည်း အဆီတွေ့ချင်မှ တွေ့သည်။ သဘာဝ သစ်မွှေးပင်များတွင် ပျမ်းမျှခြင်းအားဖြင့် ဆယ်ပင်မှာ တစ်ပင်နှုန်းလောက်သာ အဆီတွေ့ရသည်ဟု သိရှိရပါသည်။ သည်တော့ ရတနာဟူသည် ထိုက်တန်သောသူမှ ခံစားရသည်ဟူသော စကားလည်း မှန်နေသည်။ အဖွဲ့တစ်ဖွဲ့က ဤတောဤတောင်တွင် နှံ့နှံ့စပ်စပ် ရှာဖွေခဲ့သော်လည်း သစ်မွှေးပင်ကို တွေ့ချင်မှတွေ့သည်။ သို့သော် ကံထိုက်သော နောက်တစ်ဖွဲ့က ဤ တောဤတောင်ကို ထပ်မံရောက်ရှိ ရှာဖွေသော် အဆီပြည့်နေသော တန်ဖိုးကြီး သစ်မွှေးပင်ကို တွေ့ရတတ်သည်။ ရတနာဟူသည် နတ်ကြီးလှသည်။ သစ်မွှေးပင်ဟု ဆိုသော်လည်း သာမန်အားဖြင့်မမွှေးဘဲ အပင်များတွင် မှိုစွဲကပ်နေမှသာလျှင် သစ်မွှေး ရရှိပါသည်။ အဆိုပါ သစ်မွှေးရရှိမှသာ တန်ဖိုးကြီးမားသည်။ သို့သော်လည်း သစ်မွှေးရှာအဖွဲ့တို့သည် တွေ့သမျှ သစ်မွှေးပင်ဟူသရွေ့ ခုတ်လှဲ ဖြတ်တောက် အဆီရှာဖွေခဲ့ကြသဖြင့် သဘာဝ တောတောင်များတွင် သစ်မွှေးပင်များ ရှားပါးလာခဲ့သည်။ ဤုသို့ စည်းမဲ့ကမ်းမဲ့ ခုတ်လှဲဖြတ်တောက် ရှာဖွေခဲ့ကြသဖြင့် သစ်မွှေးပင်များသည် မျိုးတုံးလုနီးပါး အခြေအနေ သို့ ရောက်ရှိခဲ့ပါသည်။

    သစ်မွှေးဆီဖြစ်ပေါ်စေသော ဆေးသွင်းနည်းတွေ့ရှိ
    သစ်မွှေး၏ အဓိက ဇာတ်ဆောင်မှာ သစ်မွှေးပိုး သို့မဟုတ် ကပ်ပါးမှို Fungus ဖြစ်ပြီး ရောဂါ တစ်မျိုးမျိုး အပင်အား ထိခိုက်ခံရမှုကြောင့် ယင်းရောဂါပိုးကို အပင်က ပြန်လည်ခုခံ နိုင်ရန်အတွက် လိုအပ်သောအရည်ကို ထုတ်ပေးလာပြီး ထိုရည်အနှစ်မှ သစ်မွှေးဆီအဖြစ် ပြောင်းလဲဖြစ်ပေါ်ခြင်းဖြစ်ကာ သစ်မွှေးပင်၏ သစ်သားရောင်မှာ အဖြူရောင်မှ တဖြည်းဖြည်း အနက်ရောင်သို့ ပြောင်းလဲဖြစ်ပေါ်ပြီး အနံ့မှာလည်း မွှေးရနံ့ထွက်ပေါ်လာ ကြောင်းသိရပါသည်။ သဘာဝ သစ်မွှေးပင်၏ သဘောသဘာဝများကို လေ့လာဖော်ထုတ်ရန် သစ်မွှေးဆီ ဖြစ်ပေါ်မှု အခြေခံ သုတေသန ပြုချက်များအပေါ် အသုံးချလျက် လူတို့ ဖန်တီးစိုက်ပျိုးရရှိသည့် သစ်မွှေးပင်အား သစ်မွှေးဆီ ဖြစ်ပေါ်စေသော မှိုများမွေးမြူကာ ဆေးထိုးသွင်းခြင်းဖြင့် သစ်မွှေးဆီ ထွက်ရှိသည့် အပင်ရရှိနိုင် ကြောင်းသိရပါသည်။ အကောင်းဆုံး သစ်မွှေးမှာ အနက်ဖြစ်ပြီး ရေတွင် ထည့်ကြည့်ပါက နစ်မြုပ်သွားကြောင်း။ ဒေသအလိုက် သစ်မွှေး အတန်းအစား ကွဲပြားနိုင်ပြီး သစ်မွှေး ဆီပါဝင်မှု ရနံ့နှင့် သိပ်သည်းဆတို့ ကွဲပြားမှုအပေါ် တန်ဖိုးကွာခြားကြောင်း သိရှိရပါသည်။

    အပင်သက်တမ်း လေးနှစ်မှ ခြောက်နှစ်အရွယ် မေလနောက်ဆုံးပတ်နှင့် ဇွန်လအတွင်း မှိုမျိုးထည့် သွင်းရန်သင့်လျော်သည်။ မှိုသွင်းပြီး တစ်နှစ်ကြာပါက သစ်မွှေးထုတ် ယူနိုင်ပြီ ဖြစ်ပါသည်။ သစ်မွှေးတစ်ပင်လျှင် သစ်မွှေးဆီ ကီလို ၂ဝ မှ ၄ဝ အထိ ရရှိနိုင်ကြောင်း သိရှိရပါသည်။ သစ်မွှေးကို မတ်လမှ မေလအတွင်း ထုတ်ယူပါက အသင့်တော်ဆုံး ဖြစ်သည်။ သစ်မွှေးအတန်းအစား ခွဲခြားရာ၌ အထက်တွင် တင်ပြခဲ့သည့်အတိုင်း သစ်မွှေးတုံးသည် အနက်ရောင်ရှိပြီး ရေတွင်နစ်မြုပ်ပါက ပထမတန်းစားဟု သတ်မှတ်ပြီး ရေတွင်ပေါ်ပါက ဒုတိယတန်းစားဟု သတ်မှတ်ပါသည်။

    သစ်မွှေးပင်ကောင်းဖြစ်ရန် မှိုမျိုးသန့်သန့် သွင်းပေးရန် လိုအပ်ပါသည်။ ထိုင်းနိုင်ငံ၌ ပင်စည်အခေါက်ကို ငါးစင်တီမီတာ အကျယ်၊ ၃ရ စင်တီမီ တာ အရှည်ခွာ၍ အပေါက်ဖောက်ပြီး မျိုးသွင်းရသည်။ သစ်မွှေးဖြစ်ရန် လိုအပ်သော Phaeoacrvmonium Parqsiaica မှိုမျိုးသန့်သန့်ဖြစ်ရန် လိုအပ်ကြောင်း သိရှိရပါသည်။

    ယခုအခါ ပြည်တွင်းရှိ ကုမ္ပဏီ များသည်လည်း ဆေးသွင်းနည်းကို ဆောင်ရွက်နိုင်ပြီဖြစ်၍ စီးပွားဖြစ် စိုက်ပျိုးရေးကို ကုမ္ပဏီများရော တစ်ဦးချင်းပါ အကောင်အထည် ဖော်နေကြပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် သစ်မွှေးပင် စိုက်ပျိုးရေးကို စီးပွားဖြစ် စိုက်ပျိုးရန်အတွက် ပြည်ပ ကုမ္ပဏီ များ စိတ်ဝင်စားမှုရှိလာပြီး အကျိုး တူပူးပေါင်းဆောင်ရွက်ရန် လာရောက် ကြမည်ဟု သိရပါသည်။

    မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ပြည်ပ ကုမ္ပဏီများမှာ စင်ကာပူ၊ တရုတ်၊ ထိုင်းနှင့် အင်ဒိုနီးရှား စသည့်နိုင်ငံများမှ အခြေစိုက် ကုမ္ပဏီ များဖြစ်ပြီး ပြည်တွင်း ယူနီဗာဆယ် ဂျနရယ်ထရိတ်ဒင်း ကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မည်ဟု သိရပါသည်။

    တရုတ်နိုင်ငံ၊ ဟိုင်နန်ကျွန်း တွင်လည်း မြန်မာနိုင်ငံ၊ ကချင်ပြည် နယ်မှ မျိုးစေ့များ ယူဆောင် စိုက်ပျိုး ၍ ဖြစ်ထွန်းအောင်မြင်လျက်ရှိ ကြောင်း သိရှိရပါသည်။

    တစ်ခေတ်ဆန်းသစ်လာတော့မည့် မြန်မာ့သစ်မွှေး
    မြန်မာနိုင်ငံရှိ မည်သည့်နေရာ ဒေသမဆို သစ်မွှေးကို စနစ်တကျ ပြုစုပျိုးထောင်စိုက်ပျိုးပါက ဖြစ်ထွန်း အောင်မြင်လျက်ရှိပြီး အကျိုးရလဒ် ကြီးမားလှပါသည်။ သဘာဝ တောများတွင် ပေါက်ရောက်သော သစ်မွှေး ပင်များသည် ဆယ်ပင်လျှင် တစ်ပင်သာ သစ်မွှေးဆီ ရှိသည်။ ယခုအခါ ခေတ်မီနည်းအရ အပင်တိုင်းကို ဆေးသွင်းအဆီ ထုတ်ယူနိုင်သည်ဖြစ်၍ တိုင်းနယ်ပြည်နယ်အသီးသီး၊ နိုင်ငံအနှံ့ စိုက်ပျိုးမှုများ ရှိနေကြပြီ ဖြစ်ပါသည်။ အထူးသဖြင့် ယခုအခါ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် နေပြည် တော်တို့တွင် စီးပွားဖြစ်ရော တစ်နိုင်တစ်ပိုင်ပါ စိုက်ပျိုးနေကြပြီ ဖြစ်ပါသည်။ ထို့ကြောင့် နောင်တွင် သစ်မွှေး စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းသည် မြန်မာနိုင်ငံအတွက် နိုင်ငံခြားဝင်ငွေ ရှာဖွေပေးသည့် စီးပွားရေး လုပ်ငန်းကြီးတစ်ခု ဖြစ်လာတော့မည် ဖြစ်ပါသည်။ မြန်မာ့သစ်မွှေး တစ်ခေတ် ဆန်းသစ်လာတော့မည်ဖြစ်ပါသည်။
    မောင်နွယ်သန်း

    http://www.zaygwet.com/eco_opinion.php?id=83

  • ဆူး

    November 10, 2011 at 2:06 pm

    ကချင်ပြည်နယ် မှထွက်သောသဘာဝ သစ်မွှေး တရုတ်ကုန်သည်များစိတ်ဝင်စား
    August 22, 2011 မြန်မာ့ရောင်နီ Leave a comment Go to comments

    မြန်မာပြည်မှ တရုတ်စီးပွားရေးလုပ်ငန်းရှင်များ စိတ်ဝင်စားနေသော သစ်မွှေးစိုက်ပျိုးရေးလုပ်ငန်း ( မြန်မာ့ရောင်နီ )

    ကချင်ပြည်နယ်မြစ်ကြီးနားမြို ့ရှိသဘာဝ အလျေက်ထွက်ရှိသောသစ်မွှေးကို တရုတ်လုပ်ငန်းရှင်များ စိတ်ဝင်စားလျက်ရှိပြီး သစ်မွှေးခဲတစ်ပိသာကို ကျပ်သိန်း၃၀ဝ ခန့်နှင့် ဝယ်ယူနေကြကြောင်း နယ်စပ်ကုန်သွယ်မှုအသိုင်းအဝိုင်းမှ သိရသည်။

    ရေမွှေးထုတ်လုပ်ရာတွင် အခြေခံလိုအပ်သော သစ်မွှေးဆီ (ဒသမ ၇၅) ကျပ်သားကို ကျပ် နှစ်သိန်းနှစ်သောင်းနှင့် တရုတ်လုပ်ငန်းရှင်းများဝယ်ယူပြီး အနောက်နိုင်ငံများသို့ ပြန်လည်ရောင်းချကြောင်း သိရသည်။

    သစ်မွှေပင်သည် အဓိကအားဖြင့် ကချင်ပြည်နယ် တွင် သဘာဝအလျေက်ပေါက်ရောက်ပြီး သားကောင်များ ၏ ဂျိုနှင့် တိုက်မိခြင်း၊ မိုးကြိုးဖြစ်ခြင်း၊ ဓာနှင့် ခုတ်ခြင်း စသည်ဖြင့် အပင်တွင်အနာတရဖြစ်စေပြီး ထိုအနာကိုပြန်လည်ကုစားရန်အတွက် အပင်မှ အဆီထုတ်လွတ်ပြီး ကြာလာသောအခါ ထိုအဆီများသည် အခဲအဖြစ်တည်ရှိပြီး မွှေးသေားအနံရှိကြောင်း ထိုသဘာဝသစ်မွှေးကိုဒေသခံလီဆူးလူမျိုးများမှ လိုက်လံစုဆောင်းပြီးတရုတ်လုပ်ငန်းရှင်များကို ပြန်လည်ရောင်းချကြောင်း၊ သစ်တောစိမ်းကုမ္မဏီမှ သစ်မွှေး ကိုအဓိက လေ့လာစိုက်ပျိုးနေသူ ကိုဆန်းထွန်းအေးမှ ပြောကြားသည်။

    “ သဘာဝသစ်မွှေးက တစ်ပင်ကိုဘယ်လောက်ထွက်တယ်ဆိုတာ ကန့်သက်ချက်မရှိပါဘူး သူက ခြောက်သွားရင်ဂုန်ညင်း လိုပဲ ဒေသခံတွေကတော့ အရေအသွေး စစ်ဆေးတာရေထဲစိမ်လိုက်တယ် မြုတ်သွားရင်အရေသွေးကောင်းတယ် အရေသွေးကောင်းရင် ဈေးကောင်းရတယ် ” ဟု၎င်းက ရှင်းပြသည်။

    ထိုသို့ ဈေးကောင်းရသောသဘာဝသစ်မွှေး ကိုပြည်တွင်းလုပ်ငန်းရှင်များအနေနှင့် စိတ်ဝင်စားလျက်ရှိ့ပြီး ၂၀၀၉ စတင်၍ သစ်မွှေး စိုက်ခင်းများကို စိုက်ပျိုးလာကြပြီး ယခုအချိန်ထိ သစ်မွှေးမရှိသောကြောင့် လုပ်ငန်းရှင်များအနေနှင့် သစ်မွှေး ကိုမျိုးစေ့အနေနှင့် ပြန်လည်ရောင်းချခြင်း၊ ပျိုးပင်ပေါက်အနေဖြင့် ရောင်းချခြင်း အဆီရအောင်စိုက်ပျိုးခြင်းနှင့် ဆေးသွင်း၍ သစ်မွှေးရအောင်ဓာတုနည်းဖြင့် လုပ်ယူခြင်း စသည့် ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်ကြသည်။

    သစ်မွှေးသည်မြန်မာနိုင်ငံတွင်ဈေးကွက်မရှိသေးကြောင်းထိုသို့ မရှိရခြင်းမှာ သစ်တောဥပဒေဆိုင်ရာအားနည်းချက်များကြောင့်ဖြစ်နိုင်ကြောင်း ကိုဆန်းထွန်းအေးက သုံးသပ်သည်။

    “ သစ်တောထွက်ဥပဒေနဲ့ကိုက်ညီမညီတော့ မသိဘူး ဒါပေမယ့် နယ်စပ်တွေမှာလုပ်နေကြတယ် တရုတ်လုပ်ငန်းရှင်တွေအနေနဲ့ ဒါကိုစောင့်ကြည့်နေတာလည်းဖြစ်နိုင်တယ်” ဟု၎င်းကု ဆိုသည်။

    သဘာဝသစ်မွှေးသည်မြန်မာနိုင်ငံတွင် တနင်္သာရီတိုင်း၊ စကိုင်းတိုင်းမြောက်ပိုင်းတို့တွင် ထွက်ရှိသောလည်း ကချင်ပြည်နယ်မြစ်ကြီးနားတွင်ထွက်ရှိသောသဘာဝသစ်မွှေးသည် အရေအသွေးကောင်းဆုံးဖြစ်ပြီး ပဲခူရိုုးမတစ်ချို ့ နေရာများတွင်လည်း အနည်းငယ်တွေ့ရှိရသည်။

    http://myanmaryaungni.wordpress.com/2011/08/22/1068/

  • ဆူး

    November 10, 2011 at 2:09 pm

    မြန်မာနိုင်ငံတွင် သစ် မွှေးစိုက်ပျိုးမှုကို ပြည်သူ များပြု လုပ်ခွင့်ပြု လိုက်သည် မှာ မကြာလှ သေးသော် လည်း၊ ယခုလပိုင်းမှစတင် ၍ စီးပွားရေးလုပ်ငန်းရှင် အချို့ သစ်မွှေးပင်စိုက်ပျိုး ရန် စိတ်ဝင်စားမှုများလာ ကြောင်း သိရသည်။အခု စီးပွားရေးလုပ် ငန်းရှင်တွေက သစ်မွှေးဈေး ကွက်ကို
    သိသူနည်းနေသေး တယ်။ သစ်မွှေးက သိန်း ၄ဝရင်းရင် တစ်နှစ်၊ နှစ်နှစ် ကြာရင် သိန်း ၄ဝဝ မြတ် နေတော့ စိတ်ဝင်စားလာ ကြတာပါ။ တကယ် လည်း အကျိုးးရှိပါတယ်။ အခု ဦးဆီမှာ သစ်မွှေး ကိုစိတ်ဝင် စားတဲ့ လုပ်ငန်းရှင်တွေလာ ပြီး သစ်မွှေး ပျိုးပင်လာ ဝယ်နေ ကြတယ်။ ဦးက သစ်မွှေး ပျိုးပင်ဝယ်ရင် စိုက်ပိုျး နည်းပါ အခမဲ့လမ်းညွှန် ပေးပါတယ် ဟု ဇောတိက သစ်မွှေး ပင်ရောင်း ဝယ်ရေးမှ ဦးခင်မောင်ထွန်းက ပြော ကြားခဲ့သည်။
    သစ်မွှေးပင် စိုက်ပျိုးေရေးသည် အမြတ်များစွာ ကျန်သော သမာအာဇီဝ လုပ်ငန်းတစ်ခုဖြစ်ပြီး၊မြန်မာနိုင်ငံတွင် စိုက်ပျိုးသူများ လာပါက နိုင်ငံခြားဝင်ငွေ မြောက်မြားစွာ ရရှိနိုင်ကြောင်းသိရသည်။သစ်မွှေးပင် စိုက်ပျိုး ရာတွင် တစ်ဧကလျှင် အပင် ၅ဝဝမှ၁ဝဝဝခန့် စိုက် ပျိုးနိုင်ကြောင်း သိရသည်။ အပင်ရှင်သန်ကြီးထွားစေရန် အတွက် ရေလောင်းပေါင်း သင်ပေးရပြီး၊ ဓာတ်မြေဩ ဇာ၊ သဘာဝမြေဩဇာ၊ မြေချက်တို့ကို ထည့်ပေးရ ကြောင်း သိရသည်။ အပင် ၏ သက်တမ်းသုံးနှစ် ပြည့် သည့်အခါတွင် သစ်မွှေးဆီ ရရှိရန် ဆေးထိုးရပြီး၊ အပင် ဆေးထိုးပြီး ငါးနှစ်အရွယ် တွင် သစ်မွှေးအဆီခဲများ ပိုမိုစုလာသည်ဟု သိရသည်။ သစ်မွှေး ရှစ်နှစ်သားတစ် ပင်လျှင် ကာလပေါက်ဈေး ငါးသိန်း မှ ၁ဝ သိန်းအထိ ဈေးရှိကြောင်း သိရသည်။
    သစ်မွှေးက သက် တမ်းကြာလေ၊ တန်ဖိုးရှိလေ ပါပဲ။ ဦးကတော့ သစ်မွှေး ကို စိုက်ပိုျးစေချင်တယ်။ ဘာလို့လဲဆိုတော့ မြန်မာ တစ်ပြည်လုံး ချမ်းသာသွား စေချင်လို့ပါပဲ။ သစ်မွှေးမျိုး စေ့ကို နိုင်ငံခြားကမှာ ယူ တယ်။ မိုျးစေ့တစ်သိန်းမှာ တစ်သောင်းကျော်လောက် ပဲ မိုျးအောင်တယ်။ သုံးလ သား အပင်ဝယ်စိုက်ရင် စိတ်ချရပါပြီ။ ဒီထက် အ သက် ကြီးတာဝယ်စိုက်ရင် တော့ အကောင်းဆုံးပေါ့ ဟု ၎င်းကထပ်မံပြောပြ ခဲ့သည်။ယခင်က လူနှစ်ဖက် စာ သစ်မွှေးပင်တစ်ပင်ကို သစ်မွှေးဆီထုတ်ပါက ၁၅ ကျပ်သားမှ ၅ဝ ကျပ်သား အထိသာရရှိကြောင်း သိရ သည်။ ယခုအခါ ဆေးထိုး သွင်း နည်းပညာနှင့် အပင် ကို ဆေးထိုးလိုက်သည့် အ တွက် အပင်၏ထုထည် အ နည်းဆုံး ၂ဝ ရာခိုင်နှုန်းခန့်သစ်မွှေးဆီ ထုတ်နိုင်ပြီဖြစ် ကြောင်း သိရသည်။
    နိုင်ငံတကာ ဈေးကွက် အနေဖြင့် အိန္ဒိယ၊ ဂျပန်၊ ကိုရီးယားနှင့် အာရပ်နိုင်ငံ များကို သစ်မွှေးဆီ (Oil) နှင့် သစ်မွှေးသား (Agar Wood)တို့ကိုတင်ပို့ရောင်း ချကြကြောင်း သိရသည်။ ထိုနိုင်ငံများတွင် အစွမ်း ထက်သော တိုင်းရင်းဆေး ဝါးများတွင် သစ်မွှေးဆီကို ကုန်ကြမ်းအဖြစ် အသုံးပြု ကြကြောင်း သိရသည်။သစ်မွှေးဆီကို ရေမွှေး အနှံ့ချုပ်ခြင်း၊ အမွှေးနံ့သာ တိုင်များပြုလုပ်ခြင်းနှင့် အလှ ကုန်ပစ္စည်းများ ထုတ် လုပ်သည့်နေရာများတွင် အ သုံးပြုုကြကြောင်းသိရသည်။ သစ်မွှေးသားကိုမူ အာရပ် နိုင်ငံနှင့် အိန္ဒိယနိုင်ငံများ က အများဆုံးဝယ်ယူကြ ပြီး၊ မင်္ဂလာဆောင်၊ အလှူ အတန်းများတွင် သစ်မွှေး သားကိုမီးရှို့ကာ မွှေးရနံ့ ကြိုင်အောင် အသုံးပြုြကြ သည်။ ထိုအမွှေးနံ့သာများ ကြောင့် နတ်ကောင်းနတ် မြတ်များကြွလာ၍ မိစ္ဆာ များထွက်ပြေးကြကြောင်း၊ မွှေးရနံ့ကြိုင်နေခြင်းကြောင့် ကျန်းမာရေး၊ စီးပွားရေး၊ လာဘ်လာဘကောင်းမွန် သည်ဟုယုံကြည်ကြကြောင်း သိရသည်။ သစ်မွှေးပင်များ စီး ပွားဖြစ် စိုက်ပျိုးလိုပါက ဇောတိက (မိုး) သစ်မွှေး ပျိုးပင် ရောင်းဝယ်ရေး၊ ဖုန်း ဝ၁ ၅၄ဝ၆၆၃ သို့ ဆက်သွယ်ပြီး အပင်ပေါက် များ ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။
    ငုဝါမိုး

    http://www.ecovisionjournal.com/news/index.php?year=4&month=8&VOL=91&newsID=2680

  • windtalker

    November 10, 2011 at 2:10 pm

    ပုဏ္ဏားဘကွန်းကတော့ ကချင်ပြည်နယ် တောနက်ကြီးထဲမှာ သစ်မွှေးတုံးကြီး ရှာတွေ ့ရာကနေ သူဌေးစဖြစ် ခဲ့တာဘဲ ။ အခုချိန် ကချင်ပြည်နယ် ထဲ သစ်မွှေးသွားရှာဖို ့ကတော့ ၊ သားသားကြောက်ကြောက်

  • ဆူး

    November 10, 2011 at 2:11 pm

    မစ်ကြီးနားတွင် သစ်မွှေးမျိုးစေ့နို့ဆီဘူးတစ်ဘူး ကျပ်တစ်သိန်းကျော်ရောက်ရှိ ရေရှည်ရင်းနှီးမြှုပ်နှံမှုအနေဖြင့် အိမ်တိုင်းစေ့ တစ်ပိုင်တစ်နိုင်စိုက်ပျိုးမှုများလာ
    မြစ်ကြီးနား၊ မြစ်ကြီးနားမြို့တွင် သစ်မွှေးပင်ကို ရေရှည်ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေဖြင့် အိမ်တိုင်း စိုက်ပျိုးလာကြရာ မျိုးစေ့နို့ဆီဘူးတစ်ဘူးကို တစ်သိန်းနှစ်သောင်းကျော်အထိ အရောင်းအဝယ် ရှိလာကြောင်း သစ်မွှေးဝါသနာရှင်အသင်းမှ ဦးဇယ်ဒေါင်က ပြောသည်။
    သစ်မွှေးအောင်နိုင်မည့်ငါးနှစ်မှ ၁ဝနှစ်သက်တမ်း အပင်တစ်ပင်လျှင် ကျပ်သိန်း၁၀ဝ ဝန်းကျင် မျက်မြင်အ ရောင်းအဝယ်ဖြစ်လျက်ရှိပြီး သစ်မွှေး သဘာဝအဆီခဲတစ်ခဲရပါက ကျပ်သိန်း ၄၅ဝမှ၁၀၀ဝ ဝန်းကျင်ရရှိနိုင်ကြောင်း၊ သစ်မွှေးအခေါက်ကိုပေါင်း၍ ရောင်း လျှင်ပင် သုံးသိန်းကျော် ဈေးရရှိနိုင် ကြောင်း သိရသည်။
    ထို့ကြောင့် ပြည်နယ်အတွင်းသစ် မွှေးကို အိမ်တိုင်းစေ့စိုက်ပျိုးလာကြရာ သစ်မွှေးဝါသနာရှင် ၁၀၀ဝကျော်ရှိနေ ပြီဖြစ်ကြောင်း၊ သစ်မွှေးကို တောအ တွင်းလိုက်လံရှာဖွေကြရာ မြစ်ကြီးနား အနောက်မြောက်ဘက် အင်ခိုင်ဗွန် တောင်ကြော၊ ဆွမ်ပရာဘွမ်၊ တနိုင်း တစ်ကြောနှင့် ခန္တီးဘက်အထိ နေရာ အနှံ့ရှာနေကြကြောင်း သိရသည်။
    ”အခုအထိ လေးနှစ်လောက်ပျိုး ထောင်စိုက်ပျိုးနေကြတာမှာ ကုမ္ပဏီ လေးခုလောက်ဝင်နေတယ်။ ဂျပန် ကုမ္ပဏီတော့ဆေးထိုးပြီး သစ်မွှေးထုတ် တာအောင်မြင်တယ်လို့ သိရတယ်။ သဘာဝအဆီကိုလည်း ရောင်းဝယ် နေကြပါတယ်။ တရားဝင်တစ်ပိုင်တစ် နိုင်စိုက်ပျိုးတဲ့သူတွေ တစ်နှစ်တစ်နှစ် ပိုများလာတာ တွေ့ရတယ်” ဟု ဦးဇယ် ဒေါင်က ရှင်းပြသည်။

    http://www.myanmartraining.com/news/news_detail.asp?nid=3056

  • koyinmaung

    November 10, 2011 at 3:22 pm

    အထူးဘဲစိတ်ဝင်စားမိပါတယ် အန်တီဆူးရေ ကျေးဇူးပါ ….
    အန်တီဆူး ရေးမှဘဲလေ့လာရကောင်းမှန်းသိတော့တယ်…

  • Gipsy

    November 10, 2011 at 3:23 pm

    မဆူးရေ ခုတော့ ရခိုင်ပြည်ဘက်တွေမှာလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး
    နေကြပီခင်ဗျ…၊ တောင်ကုတ်ဘက်တော့မသိဘူး …၊ ဂွမြို့မှာ
    ပျိုးပင် နှစ်ထောင်ကျော်ကျော် စိုက်ထားပြီးဖြစ်ပါတယ်..၊
    ပီးတော့ သံတွဲမြို့မှာလည်း နေရာခွဲပြီး အပင် စုစုပေါင်း တစ်ထောင်ခန့်
    စိုက်ပျိုး ထားပြီးနေပါပြီ…။ သံတွဲမှာတော့ ယိုးဒယား (A.S) ပျိုးပင် မျိုးပါ…။
    သစ်မွှေးအကြောင်း မဆူး ရေးထားတော့ ကျနော်တို့ မသိသေးတာလဲ
    သိရသမို့ ကျေးဇူးပါ …။

  • small cat

    November 10, 2011 at 3:39 pm

    ဒေါ်ဆူးရေးထားတဲ့ ကြောင်မွှေး အဲလေ၊ မွှေးတဲ့ကြောင်ကတိုးအကြောင်းအခုလေးပဲ comment list ထဲတက်လာလို့ဖတ်လိုက်တယ်၊ ဗဟုသုတတွေမျှဝေတဲ့အတွက် ကျေးဇူး။

  • Gipsy

    November 10, 2011 at 4:19 pm

    မေးချင်တာတစ်ခု ကျန်ခဲ့လို့ပါ….၊
    ယိုးဒယား (A.S ) ပျိုးပင်က တစ်ပင် ၂၅၀ဝ ကျပ်ပေးရပါတယ် ..၊
    ယိုးဒယားမျိုးက မြေ မရွေးတဲ့အပြင် ကြီးထွားနှုန်းမြန်တယ်ပြောပါတယ်…၊
    ပီးတော့ ရတဲ့အဆီက ဈေးအကောင်းဆုံးလို့ ကြားမိလို့ပါ…၊
    ပျိုးပင်ဈေးနှုန်းက ဈေးမှန်ပါသလားခင်ဗျာ…။

    • ဆူး

      November 11, 2011 at 8:51 am

      ပျိုးပင် ရောင်းတဲ့ ဆိုင်က ပေးတဲ့ ဈေးပဲ ဆူး လည်း အမှန်ဟုတ်မဟုတ် သေချာ မသိပါဘူး။
      ကြော်ညာစာရွက်လေး ရလို့ ရေးပေးထားတာ ကုမ္ပဏီ ကြော်ညာ လိပ်စာကတော့
      စိန်မိသားစု အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး
      ဖုန်း – 518166၊ 0973107554
      ဖုန်းနံပါတ်တွေကတော့ အများကြီးပဲ မျက်စိနဲ့တန်းနေတဲ့ ဖုန်းနံပါတ် ၂ခု ကူးပေးလိုက်တယ်။
      သေချာ သိချင်ရင်တော့ ဖုန်းဆက်ပြီးသာ စုံစမ်းလိုက်ပါနော်။

      • AKKO

        November 11, 2011 at 9:53 am

        အိမ်ဆောက်ပစ္စည်းဆိုင်ကတောင် သစ်မွှေးဘစ်ဇနက်ဘက်ကူးတော့မလို့ထင်ပါရဲ့ 😀

  • ပေါက်ဖော်

    November 10, 2011 at 4:55 pm

    အာလဘွားရီးရေ…
    သစ်မွှေးအကြောင်း…ဗဟုနဲ ့သုတရပါ၏……
    တစ်လက်စထဲ…ကျနော့်အတွက်..ကာလတို…သထေးဖြစ်နည်းလေးရှိရင် မ.စ ပါဦး..ဗျ
    😆

  • forever

    November 10, 2011 at 5:44 pm

    သစ်မွေးအကြောင်းထဲထဲဝင်ဝင် သိချင်နေတာ
    အတော်ဘဲ ကျေးဇူး ဆူးညီမရေ..

    သူငယ်ချင်းတယောက် စိုက်တာကတော.
    ဆူးညီမပြောသလို တွင်းတူးပြီး မြေဩဇာ မထည်.ခင်
    အောက်ခြေကိုဂဝံကျောက် ပါးပါးခင်းပြီးမှ မြေဆီထည်.ပြီး စိုက်တာတွေ.ဘူးတယ်
    တွင်းကိုလည်း ဒယ်အိုးပုံတူးတယ် မေးကြည်.တော. ဂဝံက မြေအောက်ကပိုးမလာအောင်
    ကာကွယ်တယ်ပြောတယ်
    သစ်မွေးက စရိတ်တော.ကြီးတယ် ပျိုးပင် ၂ပေအရွယ်ဆို ၁၆၀ဝလောက်ရှိတယ်
    အပင်ကိုအနာဖြစ်အောင်အပေါက်တွေဖေါက်တာရယ် ဆေးသွင်း ခက တပင်ကို ၆၀၀ဝ နဲ. ၇၀၀၀
    ကြားမှာရှိတယ် ၂ကြိမ်လောက် အနဲဆုံးလုပ်ရတယ်ပြောတယ်
    စိုက်တဲ.လူတွေကိုတော. တွေနေရတယ် အဆီခဲထုတ်ရောင်းနေရတဲ.အပင် ကို တော.
    မတွေဘူးသေးတော. အောင်မြင်မှု ရှိမရှိ မသေချာဖြစ်နေလို. ….

    • ဆူး

      November 11, 2011 at 8:55 am

      အပင်က အဆီ ထွက်တဲ့ အချိန်မှ သူများ ခိုးခုတ်သွားရင် ဒုက္ခနော်.. ကိုယ့်အပင်နဲ့ ကိုယ် ရင်တမမ ဖြစ်နေရအုန်းမလားမသိဘူး။
      ဒီတလော နည်းနည်း စိတ်ဝင်စားနေတာ မြေအပို မရှိတော့ သီးသန့်ကြီးလည်း မရင်းရဲသေးဘူး စရိတ်ထောင်းလို့ အဆီမထွက်ခင် စပ်ကြား ရှာလို့ ရသမျှ လူ မစားရပဲ အပင်ကပဲ စားသွားမှာ စိုးရသေးတယ်။ ခြံ စောင့်ကလည်း % ဘယ်လောက် စိတ်ချ ရမလဲ ဆိုတာ ရှိသေးတော့ တွေးကြည့်တာ သိပ်ပုံမပေါ်လှသေးဘူး။ ဒါကြောင့် သိတဲ့လူတွေ ဆီက အကြံဉာဏ် နဲ့ သိချင်တဲ့ လူတွေ သိသွားအောင် တင်ပေးလိုက်တာပါ။

  • ပြင်ဦးလွင်လမ်းအတက် အောင်ချမ်းသာမှာရော။
    ကန်တော်ကြီးနားက ကော်ဖီခြံတွေမှာရော
    မန်းလေးက သူဌေးတွေ သစ်မွှေးစိုက်နေကြတာကြာပေါ့။
    အပင်ပေါက်ရောင်းတဲ့လူတွေကလောလောဆယ် စီးပွားဖြစ်နေကြတယ်။
    နှစ်ရှည်စီ်မံကိန်း ဗျာ။
    အခုစစိုက်နောင်ဆယ်နှစ်လောက်မှ ငွေပေါ်မှာ။
    ကျနော်သိသလောက်ပြောရရင် ပင်စည်မှာ ပိုးဝင်သွားမှ သစ်မွှေးပင်ဖြစ်တာပါတဲ့။
    ပိုးထည့်ဘို့ကလဲအသက်ကြီးအောင်စောင့်ရပါသတဲ့။
    အဲတော့ အခုလက်ထပ်မယ့် သတို့သားသတို့သမီးများ သစ်မွွှေးပင်စစိုက်မယ်ဆိုရင်
    မြေးလက်ထက်ရောက်လို အပင်က ပိုးဝင်တာအောင်တယ်ဆိုရင်တော့ ထောပြီဗျာ။
    ကဲ ဘယ်သူစိုက်မလဲ……………..

    • ဆူး

      November 11, 2011 at 8:57 am

      ကြော်ညာထဲမှာတော့ ကလေးတယောက် မွေးရင် ကလေးနာမည်နဲ့ သစ်မွှေး တပင်စိုက်ပြီးတော့ ကလေး ၅နှစ် ၆နှစ် ကျောင်းစတက်တဲ့ အရွယ်မှာ သစ်မွှေးပင်က ရတဲ့ အဆီ အနှစ်နဲ့ ကလေး ကျောင်းစရိတ်ရတယ် ဆိုပဲ ကြော်ညာထဲမှာပြောတာပါ။
      ဆူးလည်း လေ့လာနေတုန်းပါပဲ။

    • Wai Aung

      February 7, 2012 at 11:05 pm

      အချက်အလက်တွေမှားနေတဲ့ အတွက် ဝင်ပြီး comment ပေးသွားပါတယ်။၏
      အမြင်မတော်လို့ပါ။
      သဘာဝအားဖြင့်တော့ အကိုပြောသလို ဟုတ်ပါတယ်။
      ဒါပေမယ့် Artificial Innoculation ခေါ် သဘာဝကို တုပ၍ ဆေးထိုးသွင်းခြင်းကို ၁၀ဝ % အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး သစ်မွှေးပင် သုံးနှစ်သားအရွယ်မှာပင် ဆေးထိုး၊ အဆီထုတ်ယူနိုင်ကြောင်း ထိုင်းနိုင်ငံမှ အတည်ပြု သုတေသနလုပ်ပြီး ဖြစ်ပါတယ်။
      နောက်ထပ်စိတ်ဝင်စားရင် ကျနော်ရေးထားတဲ့ သစ်မွှေး posts တွေကို ဖတ်ဖြစ်အောင် ဖတ်သွားပါလို့ အကြံပေးပါရစေ

      ခင်မင်စွာဖြင့်
      ကိုဝေအောင် ( Green Agarwood )

  • koaung

    November 10, 2011 at 5:57 pm

    ဗစ်ဗီးစနက်ကြီးပါ စိတ်ဝင်စားတယ် အပင်ကတော့ ဗာအပင်ပဲစိုက်စိုက် ပြုစုတတ်ရင်ကောင်းပ (ခက်တာကမတတ်တာ)အချိန်ပေးလေ့လာစည်းပူးနိုင်ရင် အကောင်းဆုံးပေါ့ဗျာ

  • AKKO

    November 11, 2011 at 9:58 am

    ဗဟုသုတလည်းရသဗျာ ။
    သစ်ပင်စိုက်တာ လွယ်တော့ မလွယ်ဘူး ။ သေချာပျိုးနိုင်မှ ။ နောက်ပိုင်း သစ်မွှေးထုတ်တဲ့ လူများလာပြီး ဝယ်လိုအားနည်းသွားလျှင် ဘယ်လိုနေမလဲ မသိဘူးနော့ ။
    သစ်မွှေးကို တိုင်းရင်းဒဏ်ကြေးဆေးတွေမှာရော ထည့်သုံးကြသလားမသိဘူးဗျာ ။ ခန့်ခန့် ချောချော အမျိုးသမီးတစ်ယောက်ဆီက လက်ဆောင်ရထားတဲ့ ဒဏ်ကြေးဆေး အဆီဗူးထဲကအနံ့လေး မွှေးတေးတေးနဲ့ 😀 😀

  • ကြောင်ကြီး

    November 11, 2011 at 10:18 am

    ရွာတော်ရှင် ဆူးသခင်မဖုရား… ရွာထဲကို သူပုန်းဂျီ ဖြိုးဆိုသူ “အရိုးပေါ် အရွက်ဖုံး” ငါဟဲ့ဂျီပုန်း လို့ ကြွေးကျော်ပြီး ဝင်ရောက်သောင်းကျန်းဖို့ ကြိုးစားနေပါတယ်။ ရွာအုပ်ချုပ်သူ the Gပုန်း နေလို့ ရွာတော်ရှင်မထံ တိုင်ကြားအပ်ပါတယ်။။။။။
    အပုန်းမကြိုက် အပွင့်နှိုက်သူ ရွာသားကြောင်ကြီး

  • တညင်သား

    November 11, 2011 at 8:07 pm

    အခုမှပဲ သေသေခြာခြာ သိရတော့တယ်..ဟိုတနေ့ကအိမ်ကို ဖုန်းဆက်မေးကြည့်တာ မကြားတချက်ကြားတချက် ဖြစ်နေလို့..
    ကျေးဇူးတင်ပါတယ်နော်….

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 12, 2011 at 10:10 am

    ကြည့်ရတာ ဒီအကြောင်းကို သဂျီးမင်းတရားဂျီး နားမလည်ရှာဘူးထင်တယ် 😀
    ဆိတ်ဆိတ်နေပုံထောက်လို့ပါ
    ဆိုတော့ကာ သူများနဲ့မတူအောင်ဝင်ကြပ်ဦးမှ
    သစ်မွှေးဆိုတာကတော့ ဖေါ်ပြပါ အချက်အလက်တွေနဲ့ ဘာဖြစ်တယ်ညာဖြစ်တယ်
    ဆိုတာကတော့ ဟုတ်သလောက်ဟုတ်ပါတယ်
    အထူးဆိုခြင်တာက
    ကုမ္ပဏီတွေရယ်နဲ့ မျိုးပင် မျိုးစေ့ ရောင်းသူတွေရဲ့ ဈေးနှုန်းများကို
    တစ်ဆိတ်ကို တစ်အိပ်လုပ်ပြီး လိုအပ်သည်ထက် ချဲထွင်းရေးသားထားကြသည်လို့
    ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု မှ ရိုးသားစွာ ဆိုပါမည်
    ( သစ်မွှေးက နောက်ရခြင်ရမယ် မရခြင်မရဘူး မျိုးစေ့ မျိုးပင်နဲ့ စိုက်ပျိုးစရိတ်တွေတွက်
    မျိုးမျိုးမြက်မြက်ကလေး ချက်ခြင်းလက်ငင်းပေးရမှာပါ )
    မည်သို့ဆိုစေ စိုက်ပျိုးသူများတွက် အကျိုးမပေးသည့်တိုင် အကျိုးမယုတ်ပါ
    အထူးအထူးဆိုခြင်တာက မျိုးပင် မျိုးစေ့ရောင်းသူတွေရဲ့ မျက်လှည့်ဝိုင်းမှ
    အဆောင်လက်ဖွဲ့ရောင်းနည်း များဖြင့် မက်လုံးပေးပြီး
    မျိုးပင် မျိုးစေ့ ရောင်းချခြင်းအား ဆင်ခြင်နိုင်ကြစေကုန်သတည်း
    ( ပြောသာပြောရတယ် သူကိုယ်တိုင်တောင် ပွဲစားလားသိဘူး 😀 😀 😀 )
    ထိုသော သစ်မွှေး စိုက်ပျိုးခြင်းများကို လက်တွေ့ သိရှိလိုပါက တနင်္သာရီတိုင်းတွင်
    လက်တွေ့ စိုက်ပျိုးနေသူ အတော်အတန်ရှိပါသည်ဟု လမ်းညွှန်လိုက်ပါပြီး
    မျိုးပင် မျိုးစေ့ ရောင်းချသူများထက် မူရင်း စိုက်ပျိုးသူ တောင်သူများထံသို့
    တိုက်ရိုက် ချဉ်းကပ်သင့်ကြပါကြောင်း။

  • blackchaw

    November 14, 2011 at 12:38 pm

    ဟိုးတုန်းကတော့ သစ်မွှေးဆိုတာ တောနက်ကြီးတွေထဲမှာ သွားရှာရတာတဲ့။
    တွေ့ရင် သူဌေးဖြစ်ပြီ ဆိုပဲ။ အခုတော့ စိုက်လို့တောင် ရနေပြီ။
    သူဌေးတွေ များလာ မလားပဲ နော။

  • Gipsy

    November 14, 2011 at 2:46 pm

    သစ်မွှေးပင် စိုက်ပျိုးလို့ အောင်မယ် / မအောင်ဘူး ဆိုတာ သိပ်မကြာခင်သိရမှာပါ…။
    ဘာကြောင့်လဲ ဆိုတော့ လက်တွေ့စိုက်သူတွေ များလာလို့ပါပဲ…၊
    ဒီမှာ စိုက်တဲ့ အပင်တွေကတော့ တစ်နှစ်သား ဖြစ်နေပြီဆိုတော့ စောင့်ရရင်
    နောက် သုံးနှစ်ပေါ့…။
    ( ကျနော်လဲ စိတ်ဝင်စားလို့ စောင့်ကြည့်နေသူတစ်ဦးပါ ၊ လောလောဆယ်တော့
    မြေ ၃ဧက ဝယ်ထားပါတယ် ၊ သူဋ္ဌေး မဖြစ်ရင်လဲ မြေပိုင်ရှင်တော့ ဖြစ်ပြီပေါ့ ) 😀 😀

  • ဆူး

    November 14, 2011 at 3:31 pm

    ဆူး လည်း စိတ်ဝင်စားလို့ လေ့လာတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ သူငယ်ချင်းတွေက သိချင်ကြလို့ သိတာလေးတွေ လက်လှမ်းမှီတာလေးတွေ တင်ပေးတဲ့ သဘောပါပဲ။
    နောက် ၃နှစ်ဆိုရင်တော့ သေချာပေါက် သိမှာပါ။ မြေကြီးလည်း ဝယ်ပြီး ရင်းနှီးမြုပ်နှံမှု မပြုလုပ်ရသေးပါဘူး။ အိမ်ရှေ့က ၆ပေ ပတ်လည် မြေကြီးမှာ ၁ပင် ၂ပင် စိုက်ကြည့်ထားမလားလို့ တွေးတာပဲ.. ခရေပင် ရှိလည်း ရေလောင်းရတာပဲ ရေတမာ ပင်ဆိုလည်း ရေလောင်းရတာ သစ်မွှေးပင် လည်း ထိုနည်းတူ ရေလောင်းပေးပြီး နောက်ပိုင်း အပင်လုံးပတ် ကြီးမှ ထပ်စုံစမ်းပြီး လုပ်ကြည့်မလား တွေးမိတာပဲ.. အရှုံးမရှိတဲ့ နည်းလို့ ယူဆတာပဲ။ အရင်းလည်း သေချာ ထည်ပြီး စိုက်စရာ မလိုဘူးလို့ ထင်တယ်။ အတွေ့အကြုံလည်း ရတာပေါ့။

  • Wai Aung Chan Myo

    December 1, 2011 at 8:41 pm

    အားလုံးပဲ မင်္ဂလာပါ။

    သစ်မွှေးအကြောင်း တော်တော်စုံစုံလင်လင် ရေးထားလို့ ဝင်ပြီးဖတ်ကြည့်သွားပါတယ်။
    ကျွန်တော်ကတော့ လက်တွေ့သစ်မွှေးစိုက်နေသူ တစ်ဦးလည်းဖြစ်၊ သစ်မွှေးအကြောင်း လက်လှမ်းမှီသလောက်လေ့လာနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။
    အားလုံးကို ဆရာဝင်လုပ်တာတော့ မဟုတ်ပါဘူး။
    သစ်မွှေးအကြောင်း သိသလောက်လေး share သွားပါတယ်။

    သစ်မွှေးပင်ဆိုတာ သစ်ပင်အသားထဲမှ အမွှေးနံ့ထွက်သောအပင် မဟုတ်ပါ။
    သဘာဝအရ အပင်အခေါက်တွင် ဒဏ်ရာရရှိပြီးနောက် မှိုတစ်မျိုး စွဲကပ်ရာမှ အပင်အတွင်းမှ Anti-body တစ်မျိုး ထွက်လာပြီး ထို မှိုကို တိုက်ခိုက်ရာမှ ဖြစ်ပေါ်လာသော အဆီခဲ ဖြစ်တည်နေသည့် အပင်ကို ဆိုလိုသည်။
    သဘာဝအားဖြင့် အပင် ၁ဝပင်တွင် ၁ပင် ဖြစ်ခဲပြီး ဖြစ်နိုင်သည့် သက်တမ်းမှာလည်း အနည်းဆုံး နှစ် ၃ဝ မှ ၅ဝ မှသာ ဖြစ်တည်နိုင်သည်။ သဘာဝအားဖြင့် ရရှိသော အဆီခဲမှာ ကမ္ဘာဈေးကွက်တွင် USD 30000 မှ အထက်ရှိသည်။
    နောက်တနည်းမှာ Artificial Inoculation ခေါ် သဘာဝကို တုပ၍ ဆေးထိုးသွင်းခြင်းကို ယခု တိုးတက်လာသော နည်းပညာအရ တွင်ကျယ်စွာ အသုံးပြုနေပြီဖြစ်သည်။
    သစ်မွှေးပင်ကို အစေ့မှစ၍ စိုက်ပျိုးနိုင်သော်လည်း အလွန်လက်ဝင်သည်။ ၁ဝပင် တွင် ၅ပင်ရှင်ရန် အတော်ပင် ပြုစု ပျိုးထောင်ရသည်။ ပျိုးပင်များဝယ်လျှင် အနည်းဆုံး ၁ဝလသားခန့်ရှိမှသာ အဆင်ပြေနိုင်ပြီး ၁နှစ်သားအရွယ်မှာ မြေချစိုက်ပျိုးရန်သင့်တော်သည်။ ရေဝပ်ခြင်းကို မနှစ်သက်သော်လည်း ရေကို အလွန်ကြိုက်သည်။ အနည်းငယ်ရှုပ်ထွေးသွားမည်ထင်၏။ ရေမဝပ်သော ရေဆင်းကောင်းသောမြေကို နှစ်သက်၏။ ရေကို နှစ်နှစ်သားအထိ ၂ရက်၁ကြိမ် (ပူလျှင် ၁ရက်၁ကြိမ်) လောင်းပေးရသည်။ နှစ်နှစ်သားအရွယ်တွင် အမြစ်သည် သူဘာသာ ရေစုပ်ယူနိုင်၍ ရေကို လျော့လောင်းနိုင်သည်။ မြေဩဇာကို မိုးဦးနှင့် မိုးနှောင်းတွင် ကျွေးရမည်။
    ၂နှစ်သားကျော်လွန်လျှင် သဘာဝဒဏ်ခံနိုင်သွား၍ (ပျိုးပင် ၁နှစ်သားဝယ်ယူလျှင်) ၁နှစ်ခန့်သာ ပြုစုရန်လိုအပ်သည်။ အနည်းဆုံး ၃နှစ်သားမှ စ၍ ဆေးစထိုးနိုင်သော်လည်း အဆီထွက်အကောင်းဆုံးအချိန်မှာ ၇/၈နှစ်သားတွင်ဖြစ်သည်။ ဆေးထိုးမှုကို ပြည်တွင်းမှာပင် ပြုလုပ်နိုင်ပြီး (တစ်ချို့သောကုမ္မဏီများက ရောင်းရငွေ၏၂၅%၊ ၃၀% စသဖြင့် ယူကြသည်။) ဆေးဖိုးနှင့် ထိုးခမှာ အမှန်တကယ်အားဖြင့် ၅၀၀၀ဝ မှ ၁၀၀၀၀ဝ ခန့်သာ ကုန်ကျသည်။ သစ်မွှေးအဆီခဲ ပေါင်းခံခြင်းကိုလည်းကို ပြည်တွင်းမှပင် ပြုလုပ်နိုင်သည်။ အပင် ရနှစ်သား(ဆေးထိုးပြီး+အဆီထုတ်ပြီး) ၏ တန်ဖိုးမှာ အနည်းဆုံး သိန်း ၂ဝ မှ ၃ဝအထိ ရရှိနိုင်သည်။

    ပျိုးပင်ပေါက်များအနေဖြင့် ၁ပင်လျှင် ၅၀ဝ မှ ၂၅၀ဝ အထိရှိသည်။(၁လသား မှ ၁နှစ်ခွဲသားအထိ)
    အကြံပြုလိုသည် တစ်နှစ်သားအရွယ် ၂ပေဆိုဒ်များသည်သာ မြေချစိုက်ပျိုးရန်သင့်တော်သည်။

    ကျွန်တော်အခု သန်လျင်တွင် အပင် ၁၀၀၀ဝကျော် စိုက်ပျိုးထားပြီး လေ့လာချင်သူများကို ဖိတ်ခေါ်ပါသည်။ ပျိုးပင်ပေါက်များကို ရရှိနိုင်ပါသည်။ ပျိုးပင်ရောင်းချင်၍ မဟုတ်ဘဲ မိတ်ဆွေများကို သစ်မွှေးအကြောင်း တစေ့တစောင်း သိစေလို၍ ဖြစ်သည်။

    အခု အနည်းဆုံး ၁ဝပင်သာ(ငွေကျပ် ၁၅၀၀၀) ရင်းနှီးလိုက်ပါ။ နောက် ၆နှစ်တွင် သင်ရင်းနှီးငွေ၏ အဆ ၁၀၀ဝ ကျော် ရရှိရန် ကျနော်အာမခံနိုင်ပါသည်။

    သစ်မွှေးချစ်သူ (ကိုဝေအောင်)
    ွGreen Agarwood
    09 49348896, 09 5136753, 09 73070035, 09 49275907
    064 24002, 09 43037894

    • moemaungmaungwin

      January 21, 2012 at 10:34 pm

      ကိုဝေအောင်ပြောပြတာတွေပြည်စုံသလောက်ပါပဲ။ ကျွန်တော်လဲစိတ်ဝင်စားလို.အပင် 50 တော့စိုက်ထားပါပြီ စမ်းကြည့်တာပါ ဖတ်ဖူးတဲ့စာအုပ်ထဲကအတိုင်းမိုးလယ်မှာစိုက်တာမဟုတ်ပဲ ရေရှိတယ်ဆိုပြီးအခုဆောင်းဦးမှာစိုက်တာ အပင်တဝက်လောက်သေကုန်ပါတယ်၊ ရောဂါဝင်တယ်လို.စိုက်ပျိုးရေးဆေးဆိုင်ကပြောပါတယ်၊ နောက်ထပ်ကျန်တာတွေမသေအောင်ဘယ်လိုဆက်ပြီးထိန်းသိမ်းရမယ်ဆိုတာလေးကျေးဇူးပြုပြီးသိပါရစေခင်ဗျာ၊ သစ်မွှေးနဲ.ပတ်သက်ပြီးကျွန်တော်အကိုနဲ. အချိုန်ယူဆွေးနွေးချင်ပါတယ်ခင်ဗျာ ပြီးတော့ ကျွန်တော်ဆီမှာ သဘာဝအပင်ငါးပင်လောက်ရှိပါတယ် သက်တန်းတော်တော်ကြီးပါပြီ ပင်ဆီလုံးပတ် လေးငါးပေကျော်ရှိပါပြီ ဆေးထိုးပြီး အဆီခဲထုတ်ချင်ပါတယ် ကျေးဇူးပြုပြီးအကြံပြုပေးပါ အခုမိုးရာသီမှာကျွန်တော်အပင် 200 ၊300 လောက်စိုက်ဖို.ရည်ရွယ်ထားပါတယ် ဖြစ်နှိင်ရင်တော့အကြံပြုပေးပါအုံး …… အားလုံးအတွက်ကျေးဇူးးပါ ။

      • Wai Aung

        January 26, 2012 at 10:07 pm

        ကျွန်တော် ရေးထားတာကို စိတ်ဝင်စားလို့ အထူးပဲကျေးဇူးတင်ပါတယ်။

        အကိုပြောပုံကြည့်ရတာ အခုဆောင်းတွင်းမှာ သွားစိုက်မိတယ် ထင်တယ်။
        ဟုတ်ကဲ့ သစ်မွှေးက ၁နှစ်သားမပြည့်ခင် အရွယ်မှာ နုနယ်တဲ့အတွက် တော်တော်ဂရုစိုက်ရပါတယ်။ တစ်နှစ်ကျော်သွားရင် ဒဏ်တော်တော်ခံနိုင်သွားလို့ မြေချစိုက်ပျိုးနိုင်ပါတယ်။ အကိုက ပျိုးပင်ဘယ်နှစ်နှစ်သားကို စိုက်တယ်လို့ မပြောထားပေမယ့် အခုပြောပုံအရ တစ်နှစ်သား မပြည့်သေးဘူးလို့ ယူဆပါတယ်။
        ဘာလို့လဲဆိုတော့ မျိုးစေ့က ဇွန်လလောက်မှာမှ ရတတ်တာမို့ ပျိုးပင်သက်တမ်း အများဆုံး ရလထက် မကျော်နိုင်တာကြောင့် (အပင်ထွားရင် ၂ပေလောက်ရှိတတ်ပြီး) အပင်ကြီးတယ်ထင်ရပေမယ့် နုနယ်သေးပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ကျွန်တော်လည်း Company တခုမှာ ၈၀ဝတန်အပင်(ဈေးသက်သာတယ်ဆိုပြီး) ကို ၁၀ဝ လောက်ဝယ်ခဲ့မိပါတယ်။ ကျွန်တော် မြေတောင်ချမစိုက်ပါဘူး ဒါပေမယ့် ပြုစုမှုလိုတဲ့အတွက် အပင် ၂ဝ သာ အသက်ရှင်ပါတယ်။ ကျန်တဲ့ ၁နှစ်သားအရွယ် (သူတို့ကတော့ ၁နှစ်ခွဲကျော်ပြီလို့ပြောပြီး ၂၅၀ဝကျပ်နဲ့ရောင်းလိုက်ပါတယ်။) အပင် ၃၀ဝကျော်ကတော့ သေနှုန်းတော်တော် နည်းပါတယ်။ ဒါက ကျွန်တော့်အတွေ့အကြုံပါ။

        အကို အခုဖြစ်ပုံကို ကျွန်တော်ကောက်ချက်ချရရင်တော့
        ၁) အပင်သက်တမ်း နုသေးချိန်မှာ မြေချစိုက်မိခြင်း။
        ၂) စိုက်သည့် အချိန်မှာ အခြားလများထက် အအေးပိုသော ဆောင်းတွင်းဖြစ်ခြင်း။ (သစ်မွှေးမှာ ဆောင်းတွင်းတွင် အမြစ်ကျဉ်ရောဂါ၊ အမြစ်မှိုကျရောဂါတို့ဖြစ်တတ်သည်။)
        ၃) ရေသိပ်မဆင်းသော မြေဖြစ်နိုင်ခြင်း။ (slope နည်းခြင်း)
        ၄) အပင်များကို ရေလောင်းချိန်နှင့် ပမာဏ မမှန်ကန်ခြင်း။ (အခုရက်ပိုင်းအတွင်း ရန်ကုန်တွင် ညပိုင်းမှာ အအေးအလွန်ပိုတတ်သဖြင့် ရေကို ၈နာရီမှ ၁ဝနာရီကြားလောင်းသင့်ပြီး မနက်ခင်း သိပ်အစောကြီး မလောင်းမိပါစေနှင့်။ ညနေပိုင်းသိပ်နောက်ကျမှလောင်းပြန်လျှင်လည်း အမြစ်ကျဉ်တတ်သောကြောင့် ပတ်ဝန်းကျင် အပူချိန်ကို ချင့်ချိန်ပြီး ပမာဏကိုလည်း လိုသလို ထိန်းလောင်းသင့်သည်။)
        စသဖြင့် ပေါ့။ ပြောရရင်တော့ နဲနဲလေရှည်မယ်ထင်တယ်အကိုရေ။ ပြီးတော့ အကိုက ဘယ်မှာ စိုက်ထားသလဲ ဘယ်လိုမြေမျိုးလဲ စသဖြင့်ပေါ့။

        အဲဒီတော့ နောက်ထပ်အပင်တွေမသေအောင် အကြံပေးရရင်တော့ အပေါ်အချက်တွေကို သတိထားဆင်ခြင်ပြီးလုပ်ဖို့ရယ်။ နောက် အပင်ငယ်ဖြစ်ခဲ့ရင် ၁နှစ်၊ ၁နှစ်ခွဲ မကျော်မချင်း နဲနဲဂရုစိုက်ရမယ်။
        – အရမ်းပူလွန်းရင် နေရှိန်ပြင်းလွန်ရင် အရိပ်လိုတယ်။ အေးလွန်းရင် နေရောင်လိုတယ်။ သူက အဲဒီလိုမျိုး။ ဘယ်လိုပြောရမလဲဗျာ ပတ်ဝန်းကျင်ပေါ် မူတည်ပြီး လိုသလိုညှိပေးဖို့လိုတယ်။
        – ရေကို ကြိုက်တယ်ဆိုပေမယ့် လောင်းထားတဲ့ရေက ၃၊၄နာရီနေလို့မှ ရွှဲနေသေးရင်တော့ မဟုတ်သေးဘူး။ (ရေဝပ်တာကို မကြိုက်ဘူးပေါ့)
        – မြေဩဇာအနေနဲ့က တော်တော်များများကတော့ ပုလဲတို့ တီစူပါတို့ စသဖြင့် ဓာတ်မြေဩဇာကို သုံးကြတယ်။ ကျနော်လည်း အစက သုံးတယ်။ လွန်ခဲ့တဲ့ ၃၊ ၄လက စပြီး ကျနော်ကိုယ်တိုင် ဖော်စပ်ထားတဲ့ သဘာဝမြေဆီနဲ့ ရွက်ဖြန်းဆေးကို ပဲသုံးတာ၊ ပိုးကျသက်သာတာရော၊ အပင်ကြီးထွားလာတာရောက တော်တော်သိသာပါတယ်။ ကိုယ့်ဆီမှာအလွယ်တကူ ရှိတဲ့ (ဈေးလည်းသက်သာတဲ့) နည်းပါ။ ထမင်းအချဉ်ဖောက်ရည်တို့၊ သစ်သီပုပ်အချဉ်ဖောက်ရေတို့ စသဖြင့်ပေါ့။ ဒီနည်းက အကို လတ်တလောဖြစ်နေတဲ့ ကိစ္စကို ဖြေရှင်းပေးမယ်လို့ ကျနော်မြင်တယ်။

        အဆီထုတ်တဲ့ကိစ္စနဲ့ ပတ်သတ်ပြီး အကျယ်တဝင့် ဆွေးနွေးချင်ပါတယ်။ တခြားသိချင်တာတွေကိုလည်း ကျနော်တို့ ဆွေးနွေးချင်ပါသေးတယ်။
        ကျနော့် အပင်တွေဝယ်မှ မဟုတ်ပါဘူး။ နည်းပညာနဲ့ ပတ်သတ်ပြီး share လုပ်ချင်တဲ့ သဘောပါ။

        အကို ဆန္ဒရှိရင် ကျနော့် Email ကိုသော်၎င်း၊ ဖုန်းနဲ့သော်၎င်း ဆက်သွယ်နိုင်ပါတယ်။ ကျနော်ရဲ့contact အပြည့်အစုံကို အောက်မှာ ရေးပေးလိုက်တယ်နော်။ ဆရာလုပ်သလိုဖြစ်သွားရင်တော့ အားနာပါတယ်အကိုရေ။

        သစ်မွှေးနဲ့ပတ်သတ်ပြီး တကယ်စိတ်ဝင်းစားပြီး လေ့လာချင်သူ မည်သူမဆို ဆက်သွယ်နိုင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

        ကိုဝေအောင် (သစ်မွှေးချစ်သူ)
        0949348896, 095136753, 0949275907, 0973070035
        email: waiaungchanmyo@gmail.com,
        ယခုလိပ်စာ- အမှတ် (၁၉)၊ အောင်ချမ်းသာလမ်း၊(အာရှတော်ဝင်ဆေးရုံအနီး) စမ်းချောင်းမြိုနယ်၊ ရန်ကုန်။
        အမြဲတမ်းဆက်သွယ်ရန်လိပ်စာ- အမှတ်(၁၅၃၆)၊ ထူပါရုံ (၁၆)လမ်းအရှေ့၊ (၁) ရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်။

        သစ်မွှေးခြံလိပ်စာ- ပျဉ်ထောင်းချောင်းကျေးရွာ၊ နတ်စင်ကုန်းမှတ်တိုင်၊ (ကျိုက်ခေါက်ဘုရားမှ ၆မှတ်တိုင်မြောက်၊ ထမလုံမရောက်ခင် ၂မှတ်တိုင်အလို)၊ ( ဂြိုလ်တုဆက်သွယ်ရေးဝင်းအနီး)၊ သန်လျင်-ကျောက်တန်းကားလမ်းမကြီးမှ နတ်စင်ကုန်းမှတ်တိုင်တွင်ဆင်း၍၊ ဆိုင်ကယ်ကယ်ရီဂိတ်တွင် သစ်မွှေးခြံကို ပို့ပေးပါဆိုရင်……

        ကဲ တော်တော်လုံလောက်သွားပြီနော်…
        စိတ်ဝင်စားရင် အားလုံးလာလည်နိုင်ပါတယ်…
        စနေ၊ တနင်္ဂနွေနေ့များတွင် ပို၍အားလပ်သဖြင့် သေသေချာချာ ရှင်းပြပေးနိုင်ပါတယ်…
        အားလုံးကို ကျေးဇူးတင်ပါတယ်

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 2, 2011 at 8:50 am

    ဒီသဘောလေးကိုတော့ နှစ်သက်မိတယ်ဗျို့
    ရောင်းခြင်လည်းရောင်းပါနော 😀
    တောရွာတွေရဲ့ တောခြံတွေမှာ ခြံတွင်း သစ်ပင်တစ်မျိုးအနေနဲ့
    စိုက်ပျိုးဘို့ပိုကောင်းမယ်ထင်တယ်
    အပေါ်က ပုဂ္ဂိုလ်တွေပြောတဲ့အပင်တွေကတော့
    သဘာဝ နှစ်ရာချီတဲ့ အပင်တွေဖြစ်ဘို့များမယ်ထင်တယ် ( အထင်ပါ )

  • ဆူး

    December 2, 2011 at 9:59 am

    ကွန်မန်း လာချီးမြှင့်ပေးတဲ့ ကိုဝေအောင်ချမ်းမျိုး ကိုလည်း ကျေးဇူးတင်ပါတယ်။
    ဆူး လည်း လေ့လာနေတဲ့ အဆင့်ပဲမို့.. သူငယ်ချင်းများက သိချင်တယ် ဆိုလို့ ဆူး သိတဲ့ အချက်အလက်တွေကို ရှာပြီး ပိုစ်တင်ပေးလိုက်ခြင်းဖြစ်ပါတယ်။

    ဘယ်လိုပဲ ဖြစ်ဖြစ်.. တော တွေ ရွာတွေမှာ မြေတွေ ပိုလို့ အရိပ်ရအောင် စိုက်ရမှာခြင်းတူတူ ဒီတိုင်း စိုက်ထားပြီး မသိမသာနဲ့ နောက်မျိုးဆက် အတွက်တော့ အေးအေးလူလူ ပိုက်ဆံ ပေါအောင် လုပ်ပေးနိုင်မလား တွေးမိတာပဲ။

  • တချိန်က ကြက်ဆူ၊ငရုတ်ကောင်း၊ကျွန်း၊ရော်ဘာ၊သီဟိုဠ် အမျိုးမျိုး
    ခေတ်ထလာလိုက်တာ ခုတော့ သစ်မွှေးပေါ့။ဘယ်သူဘဲဖြစ်ဖြစ်ပေါ့
    ဘယ်အပင်ဘဲ စိုက်ပါစေ. ဥတုရာသီကိုပြုပြင်ပေးမယ့် အပင်စိုက်
    သူတွေမို ့ကုသိုလ်မနည်းပါဘူး။

    • ဆူး

      January 22, 2012 at 11:15 am

      ဟုတ်ပါတယ် သစ်ပင်များများ စိုက်ရင် သဘာဝ ပတ်ဝန်းကျင် ကို ထိန်းသိမ်းပေးတာ ရှင်သန်နေသမျှ သက်ရှိတိုင်း အတွက် အကျိုးရှိတာ အမှန်ပါပဲ။
      ရာသီဥတုတွေမှန် လာတော့ စိုက်ပျိုးရေးအတွက် အရေးကြီးတဲ့ တောင်သူဦးကြီးတွေ စီးပွားပိုဖြစ်ထွန်းပါမည်။

  • unclegyi1974

    January 21, 2012 at 11:19 pm

    ပြောနေကြပုံအရသစ်မွှေးစိုက်တဲ့သူနောင်တချိန်ချမ်းသာမလားမသိပေမဲ့
    ပျိုးပင်ပေါက်နဲ့မျိုးစေ့ရောင်းသူများကတော့လက်ငင်းအကျိုးများမဲ့ပုံပဲနော်
    သစ်မွှေးစိုက်မလား
    ပျိုးပင်ရောင်းမလား
    မျိုးစေ့ရောင်းမလား
    ကဲကြိုက်တာရွေးပေတော့

  • moemaungmaungwin

    April 10, 2012 at 11:26 pm

    ပျိုးပင်ပေါက်နဲ.မျိုးစေ့တောင်လက်ငင်းအကျိုူးများရင် အချိန်တွေအများကြီးနဲ.ငွေတွေရင်းထားသူတွေက သေချာသလောက်တော့ရှိမှာပါ။ သူငယ်ချင်းတယောက်ကိုစည်းရုံးကြည့်တယ် ပထမတော့လက်မခံချင်ဘူး ဒါပေမယ့် နောက်နေ.မှာသူပြန်ပြောတာက ( ၅ ) နှစ်အတွင်းထီထိုးပေမယ့် ( ၅ ) သိန်းပေါက်ဖို.မသေချာဘူးတဲ့ ၊ အိမ်ဝိုင်းထဲမှာ ( ၅ ) ပင်စိုက်ထားရင်တော့ နောက် ( ၅ ) နှစ်မှာ ( ၅ ) သိန်းတော့သေချာလောက်တယ်လို. ပါပဲ ….။
    သစ်မွှေးလဲစိုက်ထားတယ်
    ပျိုးပင်လဲရောင်းချင်ပါတယ်
    မျိုးစေ့လဲရောင်ချင်ပါတယ် ၊ ဘာဖြစ်လို.လဲဆိုတော့ ဟိုတလောက ခေတ်စားတဲ့ ( စနေသား )ထက်စာရင်သစ်မွှေးကပိုသေချာလို.ပါ …..။

Leave a Reply