moesatrainMay 22, 20101min1140

ဒီအချိန်ဆို မ ဘာလုပ်နေမလဲ.
ခရစ်စမတ်သီချင်းတွေ သီကြွေးနေမလား
ခရစ်တော်အကြောင်း ကောင်းချီးသဘင် ဆင်ယင်နေမလား
ခရစ်စမတ်သစ်ပင်အောက်မှာ ပါဆယ်လ်ထုပ်တွေ ဖောက်နေမလား
ခရစ်စမတ်ပါတီမှာ ရီဝေစွာနဲ့ ဝိုင်အရက်တွေ သောက်နေကြမလား..
ကျွန်တော်မသိဘူး မ..
တကယ်တော့ ကျွန်တော်မသိဝံ့၊ မသိတတ်၊ မသိချင်ခဲ့တာပါ..
. . .

ပြတင်းတံခါးရဲ့ အပြင်ဖက်မှာ
နှင်းတွေကျနေတဲ့ ညဟာ အေးစက်လွန်းနေခဲ့တယ်
ဒီရင်ထဲမှာတော့ ချစ်တဲ့ ‘မ’ အတွက် နွေးထွေးမှုတွေ
အပြည့်ရယ်ပါ..

ကျွန်တော် လွမ်းတယ် မ ရယ်.
ဘယ်သောအခါမှ အတူမရှိနိုင်ခဲ့တဲ့ ဘဝနှစ်ခုအတွက်
ဆုတောင်းခြင်းဆိုတာဟာ တစ်ခုတည်းသော ကောက်ရိုးမျှင်လေးရယ်ပါ.
ဒါပေမယ့် အဲဒီ့ကောက်ရိုးမျှင်လေးကိုသာ
တရှိုက်မက်မက် စွဲလမ်းဆုပ်ကိုင်နေဆဲပါ
ကျွန်တော် လွမ်းတယ်. မ

ဒီအချိန်ဆို မ ဘာလုပ်နေမလဲ.
ခရစ်စမတ်သီချင်းတွေ သီကြွေးနေမလား
ခရစ်တော်အကြောင်း ကောင်းချီးသဘင် ဆင်ယင်နေမလား
ခရစ်စမတ်သစ်ပင်အောက်မှာ ပါဆယ်လ်ထုပ်တွေ ဖောက်နေမလား
ခရစ်စမတ်ပါတီမှာ ရီဝေစွာနဲ့ ဝိုင်အရက်တွေ သောက်နေကြမလား..
ကျွန်တော်မသိဘူး မ..
တကယ်တော့ ကျွန်တော်မသိဝံ့၊ မသိတတ်၊ မသိချင်ခဲ့တာပါ..

ဘယ်သူတွေ ဘယ်လိုပဲ ပျော်နေမော်နေပေမယ့်
ကျွန်တော်ကတော့ ဒီနှစ်ခရစ်စမတ်ကို အခန်းငယ်လေးထဲမှာပဲ
တိတ်တိတ်ဆိတ်ဆိတ် ကျင်းပခဲ့တယ်…

မ အတွက် ရည်ရွယ်ပြီး ရှာဖွေထားတဲ့ အွန်လိုင်းပေါ်က ပို့စကဒ်လှလှလေးတစ်ခုရယ်
မ အတွက် တိုင်တည်ပြီး ရေးစပ်ထားတဲ့ ဟောဒီ့ကဗျာတစ်ပုဒ်ရယ်
မ အတွက် စူးနင့်စွာ ပေးဆပ်ထားတဲ့ ချစ်ခြင်းဝေဒနာ တစ်ချို့ရယ်
အဆင်ပြေသလို လုပ်ထားတဲ့ ခေါက်ဆွဲခြောက်ပြုတ်လေးတစ်ခွက်ရယ်
ကျွန်တော်သိပ်ကြိုက်တဲ့ မြေပဲဆားလှော်လေးတစ်ထုပ်ရယ်နဲ့
သီချင်းလေးတစ်ပုဒ်ကို ဖွင့်ပြီး
ကျွန်တော့်စိတ်တွေကို ဟိုးးးးးး အဝေးတစ်နေရာကို လွှတ်ထားခဲ့တယ်…

နေခြည်ဝင်ရောက်လို့ ညအမှောင်ကွယ်ပျောက်တဲ့ မနက်ခင်းမှာ
ခရစ်စမတ်သစ်ပင်ကို သူတို့ တစ်နေရာရာမှာ လွှင့်ပစ်ကြတော့မယ်.
ခရစ်စမတ်ဆုတောင်းပို့စကဒ်လေးတွေကို မြင်သာမယ့်
တစ်နေရာရာမှာ ချိတ်ဆွဲသိမ်းဆည်းထားကြလိမ့်မယ်.
ဟော…
၂၀၀၉ တဲ့.
ဒါတွေကို သူတို့မေ့သွားမှာပါ..
သူတို့စိတ်ထဲမှာ ေဩာ်… တစ်ခါက ဆိုတဲ့ အတွေးနဲ့ပဲ
ဒါတွေကို အဝေးမှာ ထားခဲ့ကြတော့မှာပါ..
မ အတွက် ကျွန်တော် ဒီညရေးဖြစ်ခဲ့တဲ့ကဗျာတစ်ပုဒ်
မ အတွက် ကျွန်တော် ပို့သခဲ့တဲ့ မေတ္တာ
မ အတွက် ကျွန်တော် ရေးဆွဲခဲ့တဲ့ ပန်းချီကားလေးတစ်ချပ်ကတော့
ဟောဒီ့ ကျွန်တော့်ရဲ့ အခန်းငယ်လေးထဲမှာ
နှစ်ပရိစ္ဆေဒ ကြာမြင့်သည်တိုင်
ခိုင်မာစွာ တည်ရှိနေဦးမှာပါ…

ကျွန်တော်သေဆုံးသွားခဲ့ရင်တောင်
မ အတွက် လေးနက်စွာ ငိုကြွေးခဲ့တဲ့ ဒီမျက်ရည်တွေ
ရေခဲမြစ်အဖြစ် ဆက်လက်စီးဆင်းနေဦးမှာပါ

ခရစ်စမတ်ရောက်ခဲ့ပြီ မ ရေ…
ပျော်ရွှင်ပါစေ….
ချမ်းမြေ့ပါစေ….
ရွှင်လန်းပါစေ….
အေးမြပါစေ….

ဝေဒနာအပူအပင်တွေကြားထဲမှာ
အားရအောင် ငိုကြွေးခဲ့တဲ့ ဒီမျက်ရည်တွေကို သုတ်လို့
တဖြုတ်ဖြုတ်ကြွေကျလာနေတဲ့ နှင်းစက်လေးတွေနဲ့အတူ
မ အတွက်ဆုတောင်းတစ်ခု ကျွန်တော်ယူငင်လာခဲ့တယ်.
ဟော. ဟိုမှာ ကြည့်
ခရစ်စမတ်သစ်ပင်ထက်မှာ လင်းလက်နေတဲ့ မီးပွင့်လေးတစ်ပွင့်
ကျွန်တော့်ရဲ့ ချစ်ခြင်းတရားတွေကို ဖွင့်ဟနေလေရဲ့
မယ်ရီခရစ်စမတ်ပါနော် မ…

ဘယ်သောအခါမှ အတူမရှိနိုင်တော့ပေမယ့်
ကျွန်တော့်ချစ်ခြင်းတွေကတော့ တည်ငြိမ်စွာ ဆက်လက်စီးဆင်းနေဆဲပါ…
ပျော်ရွှင်စရာ နှစ်သစ်လေးဖြစ်ပါစေနော် မ..

ပြတင်းတံခါးရဲ့ အပြင်ဖက်မှာ
နှင်းတွေကျနေတဲ့ ညဟာ အေးစက်လွန်းနေခဲ့တယ်
ဒီရင်ထဲမှာတော့ ချစ်တဲ့ ‘မ’ အတွက် နွေးထွေးမှုတွေ
အပြည့်ရယ်ပါ..

gesturecube
gesturecube