အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုင်း(၃)

kotun_mdyNovember 12, 20111min360

အပိုဒ် ၁၆

(၁)အရွယ်ရောက်ပြီးသော ယောက်ျားနှင့် မိန်းမတို့တွင် လူမျိုးကိုသော်လည်းကောင်း၊ နိုင်ငံသားအဖြစ်ကိုသော်လည်းကောင်း၊ ကိုးကွယ်သည့် ဘာသာကိုသော်လည်းကောင်း အကြောင်းပြု၍ ချုပ်ချယ်ကန့်သတ်ခြင်းမရှိဘဲ ထိမ်းမြားနိုင်ခွင့်နှင့် မိသားစု ထူထောင်နိုင်ခွင့် ရှိသည်။ အဆိုပါ ယောက်ျားနှင့် မိန်းမတို့သည် လင်မယားအဖြစ် ပေါင်းသင်းနေစဉ် အချိန်အတွင်း၌သော်လည်းကောင်း အိမ်ထောင်ကိုဖျက်သိမ်း၍ ကွာရှင်းကြသည့်အခါ၌ လည်းကောင်း လက်ထပ်ပေါင်းသင်း အိမ်ထောင်ပြုခြင်းနှင့် စပ်လျဉ်းသော တူညီသည့် အခွင့်အရေးများကို ရရှိထိုက်သည်။

(၂) သတို့သားနှင့် သတို့သမီးတို့ နှစ်ဦးနှစ်ဖက်၏ လွတ်လပ်သော သဘောဆန္ဒရှိမှ သာလျှင် ထိမ်းမြားခြင်းကို ပြုလုပ်ရမည်။

(၃) မိသားတစ်ခုသည် လူ့အဖွဲ့အစည်း၏ သဘာဝကျသော အခြေခံအဖွဲ့တစ်ရပ် ဖြစ်သည်။ ထိုမိသားစုသည် လူ့အဖွဲ့အစည်းနှင့် အစိုးရတို့၏ ကာကွယ်စောင့်ရှောက်ခြင်းကို ခံယူခွင့်ရှိသည်။

အပိုဒ် ၁၇

လူတိုင်းတွင် မိမိတစ်ဦးချင်းသော်လည်းကောင်း၊ အခြားသူများနှင့် ဖက်စပ်၍ သော်လည်းကောင်း ပစ္စည်းဥစ္စာတို့ကို ပိုင်ဆိုင်ရန် အခွင့်အရေး ရှိရမည်။ ဥပဒေအရမဟုတ်လျှင် မည်သူမျှ မိမိ၏ ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ခြင်း မခံစေရ။

အပိုဒ် ၁၈

လူတိုင်းတွင် လွတ်လပ်စွာတွေးခေါ် ကြံဆနိုင်ခွင့်၊ လွတ်လပ်စွာ ခံယူရပ်တည်နိုင်ခွင့်နှင့် လွတ်လပ်စွာ သက်ဝင်ကိုးကွယ်နိုင်ခွင့် ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ မိမိကိုးကွယ်သည့် ဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာ ပြောင်းလဲနိုင်ခွင့် ပါဝင်သည့်အပြင် မိမိတစ်ယောက်ချင်းဖြစ်စေ၊ အခြားသူများနှင့် စုပေါင်း၍ဖြစ်စေ ပြည်သူအများရှေ့မှောက်တွင်သော်လည်းကောင်း၊ ရှေ့မှောက်တွင် မဟုတ်ဘဲ လည်းကောင်း မိမိကိုးကွယ်သော ဘာသာ သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာ သင်ပြနိုင်ခွင့်၊ ကျင့်သုံးနိုင်ခွင့်၊ ဝတ်ပြုကိုးကွယ်နိုင်ခွင့် နှင့် ဆောက်တည်နိုင်ခွင့်တို့လည်း ပါဝင်သည်။

အပိုဒ် ၁၉

လူတိုင်းတွင် လွတ်လပ်စွား ထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟ ဖော်ပြနိုင်ခွင့် ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ အနှောက်အယှက်မရှိဘဲ လွတ်လပ်စွာ ထင်မြင် ယူဆနိုင်ခွင့် ပါဝင်သည့်အပြင် နိုင်ငံနယ်နိမိတ်များကို ထောက်ထားရန်မလိုဘဲ သတင်း အကြောင်းအရာ နှင့် သဘောတရားများကို တစ်နည်းနည်းဖြင့် လွတ်လပ်စွာ ရှာယူဆည်းပူး နှင့်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှဖြန့်ချိခွင့်တို့လည်း ပါဝင်သည်။

အပိုဒ် ၂၀

(၁)     လူတိုင်းတွင် လွတ်လပ်အေးချမ်းစွာ စုဝေးနိုင်ခွင့်နှင့် ဖွဲ့စည်းနိုင်ခွင့်တို့ ရှိသည်။

(၂)     မည်သူကိုမျှ အဖွဲ့အစည်းတစ်ခုသို့ ဝင်စေရန် အတင်းအကျပ် မပြုရ။

အပိုဒ် ၂၁

(၁) လူတိုင်းတွင် မိမိနိုင်ငံ၏ အုပ်ချုပ်ရေး၌ ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာ ရွေးချယ်လိုက်သည့် ကိုယ်စားလှယ်များမှ တဆင့်ဖြစ်စေ ပါဝင်ဆောင်ရွက် နိုင်ခွင့် ရှိသည်။

(၂)     လူတိုင်းတွင် မိမိ၏ နိုင်ငံရှိ ပြည်သူ့ဝန်ထမ်းအဖွဲ့၌ ဝင်ရောက်နိုင်ရန် တူညီသည့် အခွင့်အရေးရှိသည်။

(၃)     ပြည်သူပြည်သားတို့၏ ဆန္ဒသည် အုပ်ချုပ်မှုအာဏာ၏ အခြေခံဖြစ်ရမည်။ အဆိုပါ ဆန္ဒကို အချိန်ကာလပိုင်းခြားလျက် စစ်မှန်သော ရွေးကောက်ပွဲများဖြင့် ထင်ရှားစေရမည်။ ရွေး ကောက်ပွဲများတွင်လည်း လူတိုင်း အညီအမျှ ဆန္ဒမဲ ပေးနိုင်ခွင့် ရှိရမည့်အပြင် ထိုရွေးကောက်ပွဲများကို လျှို့ဝှက်မဲပေးစနစ်ဖြင့် ဖြစ်စေ၊ အလားတူ လွတ်လပ်သော မဲပေးစနစ် ဖြင့်ဖြစ်စေ ကျင့်ပရမည်။

အပိုဒ် ၂၂

လူတိုင်းတွင် လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးအနေနှင့် လူမှုရေးလုံခြုံခွင့် ရယူပိုင်ခွင့် ရှိသည့်အပြင် နိုင်ငံရေးကြိုးပမ်းမှုဖြင့်ဖြစ်စေ၊ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုဖြင့် ဖြစ်စေ၊ နိုင်ငံအသီးသီး၏ ဖွဲ့စည်းပုံနှင့်လည်းကောင်း၊ သယံဇာတ အင်အားနှင့်လည်းကောင်း ထိုလူ၏ ဂုဏ်သိက္ခာနှင့် စရိုက်လက္ခဏာ လွတ်လပ်စွာ တိုးတက်မြင့်မားရေးအတွက် အရှိမဖြစ် လိုအပ်သော စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများကို သုံးစွဲပိုင်ခွင့်ရှိသည်။

အပိုဒ် ၂၃

(၁) လူတိုင်းတွင် အလုပ်လုပ်ရန်လည်းကောင်း မိမိနှစ်သက်ရာ အသက်မွေးမှု အလုပ်အကိုင်ကို လွတ်လပ်စွာ ရွေးချယ်ရန်လည်းကောင်း တရားမျှတ၍ လုပ်ပျော်သော အလုပ်ခွင်၏ အခြေအနေကို ရရှိရန်လည်းကောင်း၊ အလုပ်လက်မဲ့ဖြစ်ရခြင်းမှ အကာအကွယ် ရရှိစေရန်လည်းကောင်း အခွင့်အရေးရှိသည်။

(၂) လူတိုင်းတွင် ခွဲခြားခြင်း မခံရစေဘဲ တူညီသော အလုပ်အတွက် တူညီသော အခကြေးငွေ ရနိုင်ခွင့်ရှိသည်။

(၃) အလုပ်လုပ်ကိုင်သည့် လူတိုင်းတွင် မိမီနှင့် မိမိ၏ မိသားစုအတွက် လူ့ဂုဏ်သိက္ခာ နှင့်ညီအောင် နေထိုင်စားသောက်နိုင်ရန် စိတ်ချလောက်သည့်အပြင် တရားမျှတ၍ လုပ်ပျော်သည့် လစာကြေးငွေ ရပိုင်ခွင့်ရှိသည်။ လိုအပ်ခဲ့လျှင် အခြားနည်းလမ်းများမှ လူမှုရေး အထောက်အပံ့ကိုလည်း ထပ်မံ၍ ရနိုင်ခွင့် ရှိသည်။

(၄) လူတိုင်းတွင် မိမိအကျိုးခံစားခွင့်ကိုကာကွယ်ရန် အလုပ်သမား အစည်းအရုံးများ ဖွဲ့စည်းခွင့်၊ ပါဝင်ဆောင်ရွက်ခွင့် ရှိသည်။

အပိုဒ် ၂၄

လူတိုင်းတွှု် သင့်မြတ်လျော်ကန်စွာ ကန့်သတ်ထားသည့် အလုပ်လုပ်ချိန် အပြင် လစာနှင့်တကွ အခါကာလအားလျော်စွာ သတ်မှတ်ထားသည့် အလုပ်အားလပ်ရက်များ ပါဝင်သည့် အနားယူခွင့်နှင့် အားလပ်ခွင့် ခံစားပိုင်ခွင့်ရှိသည်။

အပိုဒ် ၂၅

(၁)     လူတိုင်းတွင် မိမိနှင့်တကွ မိမိ၏ မိသားစု ကျန်းမာရေးအတွက် ကိုယ်စိတ်နှစ်ဖြာ အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် အစာအာဟာရ၊ အဝတ်အထည်၊ နေအိမ်၊ ဆေးဝါး အကူအညီနှင့် လိုအပ်သည့် လူမှု အထောက်အပံ့များ ပါဝင်သော သင့်တော်လျောက်ပတ်သည့် လူမှုအဆင့်အတန်းကို ရယူခံစားခွင့်ရှိသည်။ ထို့ပြင် အလုပ်လက်မဲ့ ဖြစ်သောအခါ၌လည်းကောင်း၊ မကျန်းမမာ ဖြစ်သော အခါ၌လည်းကောင်း၊ ကိုယ်အင်္ဂါမသန်မစွမ်း ဖြစ်သောအခါ၌လည်းကောင်း၊ မုဆိုးမဖြစ်သော အခါ၌လည်းကောင်း၊ အသက်အရွယ်အိုမင်းသော အခါ၌လည်းကောင်း မိမိကိုယ်တိုင်က မတတ်နိုင်သော အကြောင်းကြောင့် ဝမ်းစာရှာမှီးနိုင်သော နည်းလမ်းမရှိသော အခါ၌သော် လည်းကောင်း နေထိုင်စားသောက်ရေးအတွက် လုံခြုံစိတ်ချရမှု အခွင့်အရေးရှိသည်။

(၂)     သားသည်မိခင်များနှင့် ကလေးများသည် အထူးစောင့်ရှောက်ခြင်းနှင့် အကူအညီ ပေးခြင်းကို ရရှိခွင့်ရှိသည်။ ဥပဒေအရ ထိမ်းမြားခြင်းဖြင့် ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ မွေးဖွားသော ကလေးအားလုံးသည် တူညီသော လူမှု ကာကွယ်စောင့်ရှောက်ရေးကို ရယူခံစား ကြရမည်။

 

အပိုဒ် ၃ဝ ထိရှိပါသည်။ ခွဲ၍ တင်ပေးပါမည်။ သည်းခံ၍ ဖတ်စေလိုပါသည်။